မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာ အဖွဲ့တွေ တိုက်ပွဲဖြစ်၊ ဒုက္ခသည်စခန်း မီးရှို့ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲအနီးမှာရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဥ်းက မွတ်ဆလင်ဒုက္ခသည်စခန်း အနီးမှာ ARSA (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ ဒီကနေ့မနက်ပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ပစ်ခတ်မှုတွေကို ကြားသိရသူတွေက ပြောပါတယ်။

အဒီစခန်းအတွင်းမှာ ARSA တပ်ဖွဲ့တွေခိုလှုံနေကြတာကြောင့် အဲဒီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အထူးတပ် RAB ၊ RSO နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကခြမ်းက လူတွေက ပြောပါတယ်။

ဘယ်တပ်တွေ ပူးပေါင်းပါဝင်တယ်ဆိုတာကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အဲ့ဒီနေရာဟာ နယ်ခြားချောင်းရဲ့ မြန်မာဘက်ခြမ်း မိုင်တိုင်အမှတ် ၃၅ အနီး မှာတည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင်ရဲ့ ခေါင်းဒုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာရွာရဲ့ မြောက်ဘက်မှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်က စတင်ဖြစ်ပွားခဲ့ကြတဲ့ အဲ့ဒီတိုက်ပွဲဟာ နေ့လယ်ပိုင်းအထိ လုံးဝရပ်စဲသွားတာ မရှိဘဲ ပစ်ခတ်သံတွေကို ကြိုကြားကြိုကြား ကြားနေရတယ်လို့ တောင်ပြိုလက်ဝဲမှာနေထိုင်တဲ့ ရခိုင်လူမျိုး ဦးမောင်ထွန်းက ပြောဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း RSO ဘက်က နှစ်ဦးသေဆုံးသလို ဒုက္ခသည်တချို့လည်း ထိခိုက်မှုတွေရှိခဲ့တယ်လို့ မွတ်ဆလင်ဒုက္ခသည်တွေရဲ့ ပြောပြချက်တွေအရ သိရတယ်လို့ ဦးမောင်ထွန်းက ပြောပါတယ်။

အခုလို နယ်ခြားမျဥ်းအနီး တိုက်ပွဲဖြစ်နေတဲ့အတွက် မြန်မာဘက်ကို ကျည်တွေကျရောက်နေတာကြောင့် တောင်ပြိုလက်ဝဲနဲ့ မောင်တောကိုပြေးဆွဲနေတဲ့ လိုင်းကားတွေကိုလည်း ပြေးဆွဲမှုရပ်နားထားရတယ်လို့ သိရပါတယ်။

တောင်ပြိုလက်ယာ နယ်မြေအတွင်း ARSAအဖွဲ့ အခြေစိုက်နေထိုင်နေတာဖြစ်ပြီး သူတို့ရဲ့ လုပ်ရပ်တွေကို လက်မခံကြတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဖွဲ့အစည်းတွေ စုပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ကြတာဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

စီးနင်းတိုက်ခိုက်ခံရတဲ့ ဒီနေ့မနက်ပိုင်းမှာတော့ ARSA အဖွဲ့ခေါင်းဆာင် အာတာအုလ္လာဟာ မြန်မာဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ အဲ့ဒီစခန်းမှာနေထိုင်တဲ့ ဒုက္ခသည်တွေက ကိုယ်တိုင်မြင်တွေ့ချက်တွေကို ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဒေသခံတွေပြောတဲ့ အာဆာခေါင်းဆောင်ဆိုသူဟာ ဘင်္ဂလားဒေ့နိုင်ငံက ဖမ်းဆီးရရှိရေး ထုတ်ပြန်ထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက သူနဲ့အတူ အာဆာခေါင်းဆောင် ၂၉ ဦးကို ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာတွေသတ်ဖြတ်ခံရမှုနဲ့ပတ်သတ်ပြီး ဖမ်းဆီးနိုင်ဖို့ ထုတ်ပြန်ထားတာပါ။

တိုက်ပွဲတွေနဲ့ ပတ်သက်လို့ မွတ်ဆလင်ဒုက္ခသည်တစ်ဦးက အခုလို ပြောပြပါတယ်။

“0 Line မှာရှိတဲ့ ဒုက္ခသည်စခန်းနားမှာ မနက်ပိုင်းကတည်းက တိုက်ခိုက်မှုတွေ ဖြစ်နေကြတာပါ။ အာဆာအဖွဲ့ကို တိုက်တယ်ဆိုတာကတော့ သေချာတယ်။ ဘယ်အဖွဲ့တွေ ဝင်တိုက်တယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး။ အခုထိတင်းမာနေတုန်းပဲ၊ မနက်ပိုင်းက တိုက်ပွဲစဖြစ်ချိန်မှာတော့ အာဆာခေါင်းဆောင် အာတာအုလ္လာဟာ မြန်မာဘက်ကို ထွက်ပြေးသွားတာမြင်လိုက်သူတွေရှိပါတယ်။”

အခုလို အာဆာအဖွဲ့ခေါင်းဆောင် မြန်မာဘက်ကိုထွက်ပြေးသွားတယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုတွေလုပ်ဆောင်သွားဖို့ရှိလဲဆိုတာသိရဖို့ မြန်မာစစ်တပ်ကို မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

နယ်ခြားမျဥ်းက ဒုက္ခသည်စခန်းမီးရှို့ခံရ

တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီးမှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းမှာလည်း ဒီကနေ့ ညနေ ၄ နာရီ ၄၀ ခန့်ကစလို့ မီးလောင်မှု ဖြစ်ပွားနေပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းဟာ ခြံစည်းရိုးအနီးကပ်ရက် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက်မှာတည်ရှိပြီး ဘင်ဒရာဘင်ခရိုင် ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုယာအနီးက စခန်းတစ်ခုလည်းဖြစ်ပါတယ်။

မနက်ပိုင်းကတိုက်ပွဲတွေ တင်းမာမှုတွေမြင့်တက်လာရာက အခုလို စခန်းကနေအိမ်တွေကို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းအတွင်းမှာ ARSA တပ်ဖွဲ့တွေခိုလှုံနေကြတာကြောင့် အဲ့ဒီတပ်ဖွဲ့ဝင်တွေကို RSO နဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီမီးလောင်မှုဟာ ပြင်းပြင်းထန်ထန်လောင်ကျွမ်းနေတာဖြစ်သလို ၅ နာရီခွဲဝန်းကျင်လောက်မှာတော့ မြန်မာဘက်ကိုမီးကူးစက်မှုတွေရှိလာနေပြီး ခြံစည်းရိုးအနီးက တောင်ပြိုလက်ယာ နယ်ခြားစောင့်ရဲကင်းစခန်းအနီးမှာ လောင်ကျွမ်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စခန်းမီးရှို့ခံလိုက်ရတဲ့အတွက် ခြံစည်းရိုးတစ်ဖက်မှာနေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ မြန်မာဘက်ကို ဝင်ရောက်ထွက်ပြေးလာနေတာတွေကိုလည်း တွေ့မြင်ရတယ်လို့ တောင်ပြိုလက်ဝဲ ဒေခံတစ်ဦးက ပြောပါတယ်။