စစ်ကိုင်းမှာ မိုးစပါးစိုက်နိုင်သူ ထက်ဝက်ကျော်သာရှိ

စစ်ကိုင်းမှာ မိုးစပါးစိုက်နိုင်သူ ထက်ဝက်ကျော်သာရှိ

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေနဲ့ ရာသီဥတု သဘာဝဘေးဒဏ်ရိုက်ခတ်မှု အခက်အခဲတွေကြောင့် အခု မိုးစပါးရာသီ စိုက်ပျိုးနိုင်သူ ထက်ဝက်ကျော်ကနေ သုံးပုံနှစ်ပုံအထိသာ ရှိတယ်လို့ ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူတွေက သိရပါတယ်။

စစ်အာဏာသိမ်းမှုကို အရှိန်အဟုန်နဲ့ ဆန့်ကျင်တော်လှန်တာ ၂ နှစ်ကျော်လာပြီ ဖြစ်ပြီး တိုက်ပွဲတွေက စစ်ကိုင်းတိုင်းထဲနေရာအတော်များများမှာ ဖြစ်နေသလို မိုခါမုန်တိုင်းနောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခက်ခဲနေတာပါ။

အာဏာ မသိမ်းခင်နဲ့ အာဏာသိမ်းပြီးခါစ နှစ်ဦးတွေမှာတော့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေဟာ နွေစပါး၊ ပဲ ၊ နှမ်း၊ မိုးစပါး စတာတွေကို ရာသီအလိုက် မပြတ် စိုက်ပျိုးနိုင်ကြပြီး စီးပွားရေးလည်း အဆင်ပြေခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စပါးကျီတွေ သောင်းနဲ့ချီ မီးရှို့ခံရတာ၊ ထောင်နဲ့ချီတဲ့ ဆန်စက်တွေ ဆန်ဂိုထောင်တွေ မီးရှို့ခံရတာတွေကြောင့် ဆုံးရှုံးမှု တဖြည်းဖြည်းများလာကြတဲ့ တောင်သူတွေဟာ အခုနှစ်မှာ မိုခါ မုန်တိုင်းကြောင့်ပါ ပျက်စီးဆုံးရှုံးမှု ပိုတိုးလာတာကြောင့် အခုမိုးစပါးရာသီမှာ တောင်သူတိုင်း မစိုက်ပျိုးနိုင်တဲ့ အခြေအနေတွေကို ကြုံတွေ့ရင်ဆိုင်နေကြရတာပါ။

တောင်သူတွေ ဘယ်လိုတွေရင်ဆိုင်နေကြရပါသလဲ

စစ်ကိုင်းတိုင်းအတွင်းမှာ အစိုက်များကြတဲ့ စပါး၊ မတ်ပဲ၊ ပဲတီစိမ်း နဲ့ နှမ်း စတာတွေကို ရင့်မှည့်ချိန်ရောက်တဲ့အခါ စစ်ကောင်စီတပ်တွေက စိုက်ခင်းတွေအနီး လာရောက် တပ်စွဲထားတဲ့အတွက် တောင်သူတွေက မရိတ်သိမ်းရဲ ဖြစ်ကုန်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒါကြောင့် တောင်သူတွေဟာ ဆက်လက် စိုက်ပျိုးဖို့ ငွေကြေးလုံလောက်မှုမရှိတာတွေနဲ့ကြုံတွေ့နေကြရတာပါ။

“ ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက်မှာ မိုင် ၂၀ ကျော်ရှိတယ်။ အဲဒီတစ်လျှောက်က အရင်က စပါးတွေ စိုက်ကြတာ။ အခု စစ်တပ်က တပ်စွဲထားတော့ အဲဒီ တစ်လျှောက်လုံးဘာမှ စိုက်လို့မရတော့ဘူး။ အခုရာသီ မိုးစပါးလည်း စိုက်လို့မရဘူး။ အရင်နှစ်တွေက စိုက်ပျိုးထားတာတွေကိုလည်း သွားရိတ်ရင် သေနတ်နဲ့ လှမ်းပစ်တာတွေ ရှိလို့ တောင်သူတွေ ဆုံးရှုံးရပါတယ်"လို့ ခင်ဦး မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့်ရော စစ်ကိုင်းတိုင်းအတွင်း ဘာတွေ ပျက်စီးသွားခဲ့လဲ

မိုခါမုန်တိုင်းရဲ့‌နောက်ဆက်တွဲအဖြစ် စစ်ကိုင်းတိုင်းအတွင်းမှာ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်းနဲ့ ငှက်ပျော စတာတွေ မြို့အလိုက် ဧက သောင်းနဲ့ချီကနေ ဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တဲ့အတွက် အခုလက်ရှိ တောင်သူတွေမှာ မိုးစပါးရာသီအရောက်မှာတောင် စိုက်ပျိုးစရာ စရိတ်မရှိတဲ့ အခက်အခဲတွေ ဖြစ်နေတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တောင်ဘက်အခြမ်းက ကျေးရွာ ၁၆ ရွာက တောင်သူ ၉၀၀ ကျော်ရဲ့ စိုက်ခင်း ဧက ၃၀၀၀ နီးပါး ရေနစ်မြုပ် ပျက်စီး ခဲ့တယ်လို့ တောင်သူတွေက ပြောကြပါတယ်။

“ ဒီနှစ် မိုးစပါးက ဒီပဲယင်းနယ်ထဲမှာ သုံးပုံတစ်ပုံလောက်ပဲစိုက်ပျိုးနိုင်ကြပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ လုံးလုံးမစိုက်ပျိုးနိုင်ကြပါဘူး။ မိုခါ အရှိန်ကြောင့် ရေကြီးတာ လယ်ယာတွေ ရေမြုပ်တာတွေ ဖြစ်တဲ့နောက်ပိုင်း ပဲခင်းနှမ်းခင်းတွေ ဧက ထောင်ချီ ပျက်စီးကြပါတယ်။ တချို့နယ်တွေ သောင်းနဲ့ချီတဲ့ဧကတွေ ပျက်စီးကြပါတယ်။ အဲဒီအခါ အခု မိုးစပါးစိုက်ဖို့ အရင်းအနှီးက လက်ထဲမရှိတော့ တဲ့အတွက် မစိုက်နိုင်တာသူတွေ များလာတာပါ" လို့ ဒီပဲယင်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

“ နွေစပါးက မတ်လလောက်ကစိုက်ထားတာတွေရှိတယ်။ အဲဒါကလည်း တချို့က မရိတ်ရသေးဘူး။ မိုးစပါးကိုက ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထား စိုက်ရမှာပေါ့၊ အဲဒီကျရင်တော့ တိတိကျကျ ဘယ်နှစ်ဦးပဲစိုက်နိုင်တယ်ဆိုတာ အတိအကျကိုပြောနိုင်မှာပါ" လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦး မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ၅၀ ကျော်မှာလည်း ပဲတီစိမ်း ဧက ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြား ပျက်စီးခဲ့သလို လုံးဝ ပျက်စီးသွားတဲ့ ဧက ၂,၀၀၀ ကျော် ၃၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။

ကျေးရွာ တစ်ရွာထဲနဲ့ ဧက ၁၀၀ ကျော် လောက် ပျက်စီးသွားတဲ့ကျေးရွာတွေလည်း ရှိတယ်လို့ တောင်သူတွေထံကသိရပါတယ်။

ယင်းမာပင် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ဆိုရင် ကျေးရွာပေါင်း ၃၀ နီးပါးက သီးနှံစုံ စိုက်ဧကပေါင်း ရဲ့ ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ပျက်စီးခဲ့တာလို့ တောင်သူတွေက ဆိုကြပါတယ်။ ဒီလို ပျက်စီးသွားတဲ့အထဲမှာ တောင်သူတွေ မျိုးချန်ထားတဲ့ သီးနှံမျိုးစေ့တွေပါ ပါသွားတဲ့အတွက် ထပ်မံ စိုက်ပျိုးဖို့လည်း အခက်ကြုံနေကြရတာဖြစ်ပါတယ်။

ပဲတီစိမ်းဟာ လက်ရှိပေါက်စျေး တစ်တင်းကို ငွေကျပ် ၇၀,၀၀၀ ဝန်းကျင်စျေး ရှိပြီး တစ်ဧကကို တင်း ၂၀ အနည်းဆုံးထွက်တဲ့အတွက် တစ်ဧကကို ငွေကျပ် ၁၄ သိန်း ရရှိနိုင်တယ်လို့လည်း တောင်သူတွေက တွက်ပြကြပါတယ်။

ပုံမှန်ဆို နောက်ထပ် ရက် ၂၀ လောက်အတွင်းမှာ ရိတ်သိမ်းပြီး ရောင်းချတာတွေ၊ ခူးဆွတ်တာတွေ ပြုလုပ်နိုင်ပြီဖြစ်တဲ့အတွက် မုန်တိုင်းသာ မေလ ၁၂ ရက်နေ့ ၁၃ ရက်နေ့ ၁၄ ရက်နေ့တွေမှာ မလာခဲ့ဘဲ နောက်ထပ် ရက် ၂၀ လောက် နောက်ကျရင် တောင်သူတွေလည်း အားလုံးခူးဆွတ်ပြီးဖြစ်လို့ အဆုံးအရှုံးလည်း နည်းပါးနိုင်တယ်လို့ တောင်သူတွက ပြောပြကြပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်ထဲမှာလည်း ဧက ‌ထောင်ချီ ဆုံးရှုံးခဲ့တဲ့တောင်သူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆားလင်းကြီး ၊ ရွှေဘို၊ ဝက်လက် စတဲ့နေရာတွေမှာလည်း စိုက်ပျိုးဧကလိုက် ဆုံးရှုံးမှုတွေ ကြုံနေကြရတယ်လို့ သိရပါတယ်။

စပါးစိုက်တောင်သူတွေကိုယ်တိုင် စပါးနဲ့ဆန် ဝယ်စားနေရ

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို ဝင်ရောက်မီးရှို့တာကြောင့် ဒီပဲယင်းမြို့နယ်၊ ခင်ဦးမြို့နယ် ၊ ဆားလင်းကြီးမြို့နယ် စတဲ့နေရာတွေမှာ ဒေသခံပြည်သူတွေဟာ မျိုးစပါး၊ သိုလှောင်ထားတဲ့စပါးကျီထဲက စပါးတွေ၊ ဆန်စက်ထဲက ဆန်တွေ မီးရှို့ခံခဲ့ရတဲ့အတွက် ကိုယ်စားသုံးမယ့် ဆန်ကိုတောင် တခြားမြို့နယ်က ဝယ်စားနေရတဲ့ အခြေအနေတွေမှာ ရှိနေတာပါ။

အဲဒီလို ဝယ်စားတဲ့အခါမှာလည်း အရင်ကထက် ဆန်စျေးတွေက နှစ်ဆလောက်မြင့်တက်တာတွေ ကြုံနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီပဲယင်းစစ်ရှောင်တွေကို ကူညီနေသူတစ်ဦးကတော့ “စစ်တပ်က ရွာထဲက စပါးကျီတွေ နေအိမ်တွေက စပါးတွေ မီးရှို့တယ်။ ဆန်စက်တွေကို ဝင်ပြီး မီးရှို့တယ်။ အဲဒီအခါ တောင်သူတွေဟာ ဆန်စပါး တင်းပေါင်း သောင်းနဲ့ချီ ဆုံးရှုံးကြရတယ်။ အဲဒီတော့ သူတို့စားမယ့်ဆန်တောင် သူတို့မှာ မရှိကြတော့ပါဘူး။ ရွှေဘိုဘက်က ဝယ်ပြီး စစ်ရှောင်တွေကို ပြန်ထောက်ပံ့ကြရတယ်။ အရင်က ဆန်က တစ်အိတ်ကို သုံးသောင်းခွဲလောက်ပေးဝယ်ကြရတာ အခုဆို ၇ သောင်းလောက် ပေးဝယ်ရပါတယ်။ မူးကမ်း၊ ဆူးတပ်ဘက်ကဆို ဆန်စပါး အကုန် မီးရှို့ခံရတာပါ။ ဒါကြောင့် ဆန်ဝယ်စားနေကြရတာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ထဲကပါ" လို့ ပြောပါတယ်။

အလားတူ ခင်ဦးမြို့နယ်ထဲမှာလည်း ဆန်စပါး လိုအပ်ချက်တွေကြောင့် တခြား မြို့နယ်တွေက ဆန်တွေ ဝယ်ယူ စားသုံးနေရတာတွေရှိတယ်လို့ သိရပါတယ်။

စိုက်ပျိုးမြေသြဇာကို စစ်ကောင်စီက ဘာကြောင့် ထိန်းချုပ်ထားတာလဲ

နွေဦးတော်လှန်ရေးစခါစက ဒေသခံတွေဟာ ဓာတ်မြေသြဇာထဲမှာပါတဲ့ ပေါက်ကွဲစေတတ်တဲ့ အမိုးနီးယား ဓာတ်ကို အခြေခံပြီး ဗုံး ၊ မိုင်း စတဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကို စမ်းသပ်ထုတ်လုပ်ကြတယ်လို့ စစ်ကောင်စီတပ်တွေဘက်က ယူဆပြီး မြေဆီ ဓာတ်မြေသြဇာတွေကို စစ်ကိုင်းတိုင်းအတွင်း သယ်ဆောင်ခွင့်၊ သုံးစွဲခွင့်တွေကို ထိန်းချုပ်ကန့်သတ်တာတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာလို့ ဒေသခံတွေကပြောကြပါတယ်။

ယင်းမာပင်ခရိုင်က ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးပြောတာက “ မြေသြဇာကနေ အရင်က စမ်းပြီး ဗုံးတို့ မိုင်းတို့ ထုတ်တယ်လို့ သူတို့က ကြားတယ်။ အဲဒီတော့ မြေဆီမြေခွန်ဆိုရင် ထိန်းချုပ်ကန့်သတ်ပစ်လိုက်ကြတယ်။ မြေသြဇာသယ်လို့ ထောင်ချခံရတဲ့ ဒေသခံတောင် ၁၀ ဦး ထက် မနည်းမှာ ရှိခဲ့တယ်။ အဲဒီတော့ အရင်က သုံးသောင်းတန် မြေသြဇာတွေက အခု တစ်သိန်းကျော်လောက် ဖြစ်သွားပြီး စျေးတွေလည်းတက်သွားသလို ဝယ်ရတာရော သယ်ရတာရောခက်တော့ စိုက်ပျိုးတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ"လို့ လက်ရှိအခြေအနေကို ပြောပြပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေဟာ မိုးစပါးစိုက်ရာသီ ရောက်ရှိနေပေမဲ့ အခက်အခဲမျိုးစုံတွေကြောင့် မိုးစပါး စိုက်ပျိုးနိုင်မှုက ဒေသအလိုက် စိုက်နိုင်တဲ့ ဦးရေက ထက်ဝက်ကျော်ကနေ သုံးပုံ နှစ်ပုံလောက်ပဲ စိုက်ပျိုးနိုင်မယ့် အခြေအနေမှာ ရှိနေတဲ့အတွက် လာမယ့် စပါးပေါ်တဲ့ရာသီမှာလည်း ဆန်စပါးလိုအပ်ချက်တွေ မြင့်မားနေပြီး စျေးနှုန်းတက်ဦးမယ့် အလားအလာရှိတယ်လို့ စျေးကွက် ခန့်မှန်းချက်တွေအရ သိရပါတယ်။