ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပေါက်တောမြို့မှာစစ်ရှောင်ပြည်သူတွေ ပစ်ခတ်ခံရလို့ သေဆုံး
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့မရဲစခန်းကို နိုဝင်ဘာ ၁၆ ရက်မနက်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် အေအေ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားပြန်လည် ဖြည့်တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အေအေ ရဲ့ ထုတ်ပြန်ချက်အရ ရဲစခန်းကနေ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးအချို့နဲ့ စစ်ဘက်ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီလို အသိမ်းခံရပြီးနောက် ပေါက်တောမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ လောကထိပ်ပန်ဘုရား တောင်ကုန်းပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲခဲ့ကြပြီး စစ်ရှောင်ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် လူဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောသလို ဒေသတွင်းမီဒီယာတွေမှာပါ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်မစွဲခင်က ဘုရားကုန်းပေါ်က ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင် ပြည်သူတွေ ခိုလှုံနေခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဓမ္မာရုံထဲမှာ မိသားစုလိုက်ခိုကြတာပေါ့လေ။ ဦးဇင်းတို့ကျောင်းကလည်း ဘုရားကုန်းနဲ့နီးတယ်။ ဦးဇင်းတို့ကတော့ ဗုံးခိုကျင်းထဲ ခိုကြတယ်” လို့ နိုဝင်ဘာ ၁၆ ရက် ပေါက်တောမြို့စစ်ရှောင်အခြေအနေကို ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
ဒါပေမယ့် နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်း စစ်ကောင်စီတပ်တွေ ဘုရားကုန်းပေါ်ရောက်လာချိန်မှာတော့ ရှောင်တိမ်းနေတဲ့အရပ်သားတွေကို တွေ့ရှိခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာလို့ ခြုံထဲပုန်းအောင်း နေခဲ့သူတစ်ဦးက သူ့ရဲ့ကိုယ်တိုင်မြင်တွေ့ချက်တွေကို ဘီဘီစီကို ပြောပြပါတယ်။
“မနေ့က နေ့လယ် ၂ နာရီလောက်မှာ လေယာဉ်နဲ့လည်းပစ်နေတယ်။ ရေတပ်လည်းမြစ်ထဲရောက်လာကြပြီး စစ်သားတွေနဲ့ရဲတွေ ကမ်းပေါ်တက်လာကြတယ်။ လောကထိပ်ပန်ဘုရားမှာ ပုန်းနေသူတွေကိုတွေ့တော့ အမျိုးသမီးငယ်တွေအပါအဝင် တချို့ကိုပစ်သတ်လိုက်တယ်။ ဘုရားအောက်က တောစပ်တွေမှာလည်း ပစ်သတ်ထားတဲ့သူတွေရှိကြပါတယ်”လို့ မျက်မြင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလောကထိပ်ပန်ဘုရားကုန်းမှာ စစ်တိမ်းရှောင်ဖို့ကျန်ရစ်ခဲ့သူတွေထဲ ကလေးသူငယ်တွေလည်းပါဝင် တယ်လို့ သိရပြီး ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Western News ရဲ့ ဖော်ပြချက်အရတော့ စစ်ရှောင် ပြည်သူ အယောက် ၂၀ အသတ်ခံလိုက်ရကြောင်း စုံစမ်းရရှိထားတယ်လို့ ပြောပါတယ်။
“ဦးဇင်းတို့လည်း အယောက် ၂၀ လောက်သေကြတယ်လို့ သတင်းကြားတယ်။ အလောင်းတော့ ကိုယ်တိုင် မတွေ့ခဲ့ရပါဘူး”
“ဒါပေမဲ့ စစ်ကောင်စီတပ်တွေရောက်လာတော့ အကုန်ထွက်ပြေးချိန် ဦးဇင်းရဲ့ မယ်တော်လည်း ပြေးတဲ့ထဲ ပါတာပေါ့လေ။ မယ်တော်က သီလရှင်ကြီးပါလို့ပြန်အော်တော့မှ သေနတ်ပစ်တာရပ်သွားတယ်၊ ဒါတောင် နှစ်ချက်ပစ်ပြီးပြီ မထိလို့ပေါ့" လို့ ဆရာတော်တစ်ပါးက ကိုယ်တွေ့ဖြစ်ရပ်ကို အခုလိုမိန့်ကြားပါတယ်။
အခုလို လောကထိပ်ပန်ဘုရားကုန်းပေါ်က အရပ်သားသေဆုံးမှုအရေအတွက်အတိအကျကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
အရပ်သားသေဆုံးမှုအတွက် လက်တုံ့ပြန်မယ်လို့ အေအေ ပြော
ပေါက်တောမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး အရပ်သားသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ အေအေ က နိုဝင်ဘာ ၁၆ ရက် ညတွင်းချင်းမှာပဲ သတင်းထုတ်ပြန်လာ ပါတယ်။
အခုလိုသေဆုံးခဲ့ရတဲ့ ပေါက်တောမြို့က အရပ်သားပြည်သူတွေအတွက်ဝမ်းနည်းရပြီး အခုလိုဖြစ်ရပ် အတွက် ကျူးလွန်သူတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အေအေ က ပြောပါတယ်။
စစ်ကောင်စီကတော့ ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသာ ဖော်ပြခဲ့ပြီး အခုလို အရပ်သားပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့တော့ တစုံတရာထည့်သွင်းပြောကြားတာမတွေ့ရပါဘူး။
ဒါပေမဲ့ ပေါက်တောမြို့ပေါ်ကို စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းကတည်းက ရောက်ရှိခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားပါတယ်။
ပေါက်တောမြို့ခံတွေအခြေအနေကို ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ရဲစခန်းအသိမ်းခံရပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆက်မနေရဲ ကြတော့ဘဲ မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီလို့ သိရပါတယ်။
“ပြေးတာကလည်းရွာတွေဘက်ကိုပါ ပြေးနိုင်ပါတယ်။ ပုဏ္ဏားကျွန်းဘက်တံတားကလည်းသွားမရ၊ မင်းပြားဘက်လည်း သွားမရဘူး။ သူတို့စစ်သင်္ဘောတွေရှိနေတော့ စက်လှေတွေလည်းဘယ်သူမှထွက်မရဲ ဘူး” လို့ ပေါက်တောမြို့ပေါ်ကနေ တိမ်းရှောင်ခဲ့ရတဲ့ ဆရာတော် က မြို့အခြေအနေကို ပြောပြပါတယ်။
ဒါအပြင် ရာသီဥတုကလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဗုံးခိုကျင်းတွေပါ ရေဝင်ရောက်နေပြီး ခိုလှုံဖို့ အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့ကလူမှုကွန်ရက်ပေါ် ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြကြပါ တယ်။
ပေါက်တောမှာ နိုဝင်ဘာ ၁၇ ရက်မနက်ပိုင်းအထိလည်း မိုးသည်းထန်နေတာကြောင့် မိုးရွာသွန်းမှုကြား ထွက်ပြေးနေရသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို ဖုန်းလိုင်းတွေလည်း မမိတော့တာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဘီဘီစီက မေးမြန်းတဲ့ ဒေသခံအချို့က ပြောကြပါတယ်။
ရခိုင်မှာ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး ပေါက်တောမြို့မရဲစခန်းကို သိမ်းတဲ့ တရက်တည်းမှာပဲ မောင်တောမြို့နယ်ထဲက ဒုံးညိုစခန်း အပြင် တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာတို့မှာပါ တိုက်ပွဲဖြစ်ခဲ့ကြောင်း အေအေ ရော စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပေါက်တောမြို့အပါအဝင် မောင်တော၊ ရသေ့တောင်၊ မင်းပြား နဲ့ မြောက်ဦး တို့က ဒေသခံအများစုနီးစပ်ရာကို ရှောင်တိမ်းနေရပြီး စစ်ကောင်စီကလည်း ရေကြောင်း၊ ကုန်းကြောင်းသွားလာခွင့် တွေကို တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းက ပိတ်ဆို့ခဲ့ပါတယ်။