စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်တာ ရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ
လူ ၁၇၀ နီးပါးသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ပဇီကြီးကျေးရွာ ဗုံးကြဲမှုအပြီး စစ်ကိုင်းတိုင်းက ကျေးရွာတချို့မှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲမှုတွေ တိုက်ခိုက်မှုတွေကို အခုရက်ပိုင်းအထိ ရင်ဆိုင်ရနေဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာမှာ ဇွန်လ ၂၇ ရက်နေ့ က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခံခဲ့တာကြောင့် လူ ၁၁ ဦး အထိ သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ဘုန်းကြီးတစ်ပါး၊ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီးနှစ်ဦးတို့ ပါဝင်တယ်လို့ ရွာခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီရွာက တစ်မိသားစုတည်းမှာတင် ၅ ဦးသေဆုံးခဲ့တာလို့ အဲဒီကျေးရွာမှာ ရှိနေတဲ့ ပုလဲမြို့ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီအဖြစ်ပျက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေရှိကြသလို ဗုံးပေါက်ကွဲပြီး ပျက်စီးသွားတဲ့နေအိမ်တွေနဲ့ မီးလောင်သွားတဲ့ နေအိမ်တွေကိုရှင်းလင်းရေးတွေ လုပ်နေကြတယ်လို့လည်း ညောင်ကုန်းကျေးရွာ ဒေသခံတချို့က ပြောပါတယ်။
ညောင်ကုန်းကျေးရွာမှာ ဇွန် ၂၇ ရက် နေ့လယ် ၃ နာရီကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာ ကွယ်ရေးအဖွဲ့တွေအကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမျိုးတွေမရှိဘဲ လေယာဉ်နဲ့ကျေးရွာကို ဗုံးကြဲတာ ပစ်ခတ်တိုက်ခတ်တာတွေ လုပ်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
“သေသွားတဲ့သူ မိသားစု ၅ ဦးက က ယာထဲကပြန်လာကြတာ။ ဘာမှမကြာသေးဘူး။ အိမ်ရောက်လို့ ထိုင်နေကြတုန်း အိမ်ပေါ် ဗုံးကျလို့ သေကုန်ကြတာ”လို့ ညောင်ကုန်းဒေသခံတွေက ပြောပြပါတယ်။
ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာကို လေကြောင်းက တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ စစ်တမ်းမှာလည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ၂၀၂၃ ခုနှစ် ဧပြီလအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၄၂၇ ကြိမ်အထိ ပြုလုပ်ထားသလို၊ လေကြောင်းတိုက်ခိုက်ခံရတဲ့ အများဆုံးနေရာတွေကတော့စစ်ကိုင်းတိုင်း၊ ကရင်နီနဲ့ မကွေးတိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ညောင်ကုန်းကျေးရွာဟာ ဒေသခံ PDF တွေ အားကောင်းတဲ့ ပုလဲမြို့နယ်က ရွာဖြစ်ပြီး ပုလဲမြို့ရဲ့တောင်ဘက် ၃ မိုင်ခန့် အကွာမှာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကုန်းကျေးရွာ လေကြောင်းပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ်တွေပျက်စီးသွားခဲ့ပြီး ဂျက်တိုက်လေယာဥ်လို့ ယူဆရတဲ့ လေယာဥ်က ဇွန်လ ၂၇ ရက်နေ့ နေ့လယ် ၃ နာရီခွဲလောက်က ရွာပေါ်ကို ၂ ခေါက်ပတ်ပြီး ပစ်သွားခဲ့တာဖြစ်တယ်လို့ လည်း သူတို့က ပြောပါတယ်။
ဘုန်ကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံးခန့် ပျက်စီး မီးလောင်သွားခဲ့တယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။ ရည်ရွယ်ချက်ရှိရှိ ရွာဘုန်းကြီးကျောင်းကို ပစ်မှတ်ထား ပစ်ခတ်သွားတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနောက်ပိုင်း စစ်ကိုင်းတိုင်း ပုလဲနယ်ထဲကို တိုက်လေယာဥ်တွေ ပျံသန်းတာရှိပြီး ဇွန်လ ၂၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲကို လေကြောင်းကနေ တိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသ လက်နက်ကိုင်အဖွဲ့ တချို့ ထံက သိရပါတယ်။
ဇွန်လ ၂၉ ရက် နေ့ မနက် ၁၀ နာရီခန့်ကာလည်း ဝက်လက်မြို့နဲ့ တစ်မိုင်ခန့် အကွာ အရပ်လေးမျက်နှာက နီးစပ်ရာ ကျေးရွာတွေကို ဂျက်တိုက်လေယာဥ်တွေနဲ့ လှည့်ပတ်ပစ်ခတ်လို့ အဆောက်အဦးတချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး "ဝက်လက်မြို့အနီးရှိ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြဖို့" ဆိုပြီး ဒေသခံလက်နက်ကိုင် အဖွဲ့တချို့ကလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်မှုကြောင့် ဇွန်လ နောက်ဆုံးပတ်ထဲမှာ ဒေသကာကွယ်ရေး PDFနဲ့ ရပ်ရွာကာကွယ်ရေး ပကဖအဖွဲ့ဝင် ၃၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကင်းတော်ရွာကို စစ်ကောင်စီစစ်ကြောင်းက အလစ်ဝင်စီးရာကနေ ကျေးရွာကင်းသမား သေဆုံးရာက စပြီး ပကဖအဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ပါတယ်။
ဒီထဲမှာ အမျိုးသမီး ပကဖနှစ်ဦးပါဝင်ပြီး မဖွယ်မရာ မတရားပြုကျင့် အသတ်ခံရတာပါ တွေ့ရတယ်လို့ မြေပြင်အခြေနေသိရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ်ထဲက တလိုင်းရွာမှာ လည်း စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တားဖို့ သွား ရောက်တဲ့ PDF အဖွဲ့တွေဟာ ပြန်လည်အဝိုင်းခံရပြီး ထိတွေ့မှုဖြစ်လို့ ၁၄ ယောက်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
ဆားတောင်ရွာမှာလည်း ပကဖအဖွဲ့ဝင်နှစ်ယောက် မြို့ပေါ်မှာ ဖုန်းဝယ်ရာက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီပြန်ကြားရေးအဖွဲ့က စစ်ကိုင်းတိုင်းအတွင်းက ကင်းတော်ရွာ၊ ဥယျာဉ်တောရွာ၊ လက်ပံတောရွာ အနီးက PDF စခန်းတွေ လက်နက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေပါ သိမ်း ဆည်းရမိတဲ့ အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လအတွင်း မြို့နယ်ရဲစခန်းတွေ စီးနင်းတိုက်ခိုက်မှုရှိခဲ့တဲ့ စစ်ကိုင်းမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ရပ်ရွာကာကွယ်ရေး၊ ဒေသကာကွယ်ရေးအဖွဲ့တွေ အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အဲဒီမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ က နေအိမ်တွေ မီးရှို့ခံရသလို အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လက NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးတဲ့နောက် လူ ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် အကြိမ် ၇၀ နီးပါး ရှိနေပြီး လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းထဲမှာ ၄၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အကြိမ်အများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။








