ဇူလိုင် ၁၉ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - နတ်မောက် လေကြောင်းဗုံးကြဲခံရ

ကံသာကျေးရွာက စေတီနဲ့စာသင်ကျောင်း လေကြောင်းဗုံးကြဲခံရတာကြောင့် ပျက်စီးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Aung San's Land Natmauk

ဓာတ်ပုံ ပုံစာ, ကံသာကျေးရွာက စေတီနဲ့စာသင်ကျောင်း လေကြောင်းဗုံးကြဲခံရတာကြောင့် ပျက်စီးခဲ့ပါတယ်

နတ်မောက်မြို့နယ်ကို စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ နတ်မောက်မြို့နယ်ထဲက ကံသာရွာ ဟာ အာဇာနည်နေ့မှာ ဗုံးကြဲခံရတာဖြစ်ပြီး ဘုရားစေတီနဲ့ စာသင်ကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။

ကျောင်းပိတ်ရက် ဖြစ်လို့ စာသင်ကြားနေတဲ့ ကျောင်းသားတွေ မရှိတာကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိဘူးလို့လည်း သိရပါတယ်။

"စစ်ကောင်စီလက်အောက်မှာ လက်ရှိစာသင်နေတဲ့ စာသင်ကျောင်းပါ။ ဒီဘက်မှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ အေးအေးချမ်းချမ်းနေတဲ့ နယ်မြေတစ်ခုပါ" လို့ အောင်ဆန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မြို့ အာဇာနည်ကုန်းမှာတော့ စစ်ကောင်စီက ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့တဲ့နေအိမ်၊ မော်တော်ယာဉ်အပါအဝင် အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ နေရာတွေ နောက်ခံမှတ်တမ်းတွေ၊ သမိုင်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့ စစ်ခေါင်းဆောင်က ဇူလိုင် ၁၈ ရက်မှာပြောခဲ့ပါတယ်။

၇၈ နှစ်မြောက်အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရပြန်

ဗိုလ်ချုပ်အကို ဦးအောင်သန်းရဲ့မြေး ဦးရဲအောင်သန်းနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်အကို ဦးအောင်သန်းရဲ့မြေး ဦးရဲအောင်သန်းနဲ့ ဇနီး

ရန်ကုန်မြို့၊ အာဇာနည်ကုန်းမှာ ဒီနေ့ မနက်ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ ဖမ်းဆီး အကျဉ်းချထားတာဖြစ်ပြီး အာဇာနည်နေ့အခမ်းအနားကို တက်ခွင့်မရတာ ငါးနှစ်ရှိပါပြီ။

အရင်စစ်အစိုးရကာလ ရန်ကုန်မြို့မှာ နေအိမ်အကျယ်ချုပ်ချထားခံရစဉ်က အာဇာနည်နေ့အခမ်းအနားတချို့ကို တက်ရောက်ခွင့်ရခဲ့ပေမဲ့ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ လုံးဝတက်ခွင့်မရသေးတာဖြစ်ပါတယ်။

ဒီနေ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုအနေနဲ့ ဗိုလ်ချုပ်အကို ဦးအောင်သန်းရဲ့မြေး ဦးရဲအောင်သန်းနဲ့ ဇနီး တက်ရောက်တာကို တွေ့ရပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတော့ အာဏာသိမ်းပြီးတဲ့နောက် တက်ရောက်တာ မရှိခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်တာ တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းမြေး ကိုထိန်လင်း အာဇာနည်နေ့ အမှတ်တရ စကားပြော

ဗိုလ်ချုပ်အောင်ဆန်း မြေးဖြစ်သူ ကိုထိန်လင်းက အမှတ်တရစကားပြော

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်အောင်ဆန်း မြေးဖြစ်သူ ကိုထိန်လင်းက အမှတ်တရစကားပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားပေါင်းစုံ အပါအဝင် မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ရဲရဲ ဝံ့ဝံ့ပါဝင်ခဲ့တဲ့ အာဇာနည်အပေါင်းကို အထူးအမှတ်တရ ဂုဏ်ပြုရတဲ့နေ့ ဖြစ်တယ်လို့ မြေးဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဒီမနက်မှာ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ကျင်းပတဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောတာပါ။

အဖိုးဖြစ်သူအပါအဝင် အာဇာနည်ခေါင်းဆောင်တွေရဲ့ အသက်နဲ့ဘဝတွေ ပေးဆပ်တာဟာ လွတ်လပ်ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ် တည်ဆောက်ပေးတာပဲ လို့ ပြောပါတယ်။

အဖိုးဖြစ်သူက ၁၉၄၇ ခုနှစ် လွတ်လပ်ရေး မရခင် လအနည်းငယ်အလိုမှာ လုပ်ကြံခံခဲ့ရပေမဲ့ သူ့ရဲ မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ လူမျိုး၊ ကိုးကွယ်သက်ဝင်မှု၊ လူမှုအတန်းအစားမရွေး လူတိုင်းသာတူညီမျှမှုရှိရမယ်ဆိုတဲ့ နိုင်ငံ‌‌ရေး ယုံကြည်ချက်ကတော့ ရှင်သန်နေတုန်းပဲလို့ ကိုထိန်လင်းက ပြောပါတယ်။

အဖိုးဖြစ်သူကို သူကိုယ်တိုင် မသိမီလိုက်ပေမဲ့ အဖိုးအကြောင်းကို မေမေ နဲ့ မိသားစုဝင်တွေဆီကနေ တဆင့်ကြားသိ အကျွမ်းဝင်ပြီး ကြီးပြင်းခဲ့ရတာဖြစ်ပြီး အဖိုးဖြစ်သူဟာ နိုင်ငံ့သူရဲကောင်းတင်မဟုတ်ဘဲ သတ္တိရှိတဲ့ ၊ စိတ်ဓာတ်တည်ကြည် ခိုင်မာတဲ့ လူတစ်ယောက်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ဖခင်ရဲ့ ယုံကြည်ချက် တာဝန်ကို လက်လွှဲယူပြီး တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် သူ့ဘဝတလျှောက်လုံးကို လုပ်ဆောင်ခဲ့ပါတယ်။သူမကြာခဏ သတိပေးတတ်တာက မှန်တာကို လုပ်ဖို့အတွက် ကြောက်စိတ်က အဟန့်အတား မဖြစ်စေနဲ့တဲ့" လို့ မိခင် ဒေါ်ဆောင်ဆန်းစုကြည် အမှာစကားကိုလည်း ထပ်ဆင့် ပြောခဲ့ပါတယ်။

အဖိုးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၊ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပေးဆပ်ပြီး တိုက်ပွဲဝင်နေကြသူတွေ အားလုံးကို အထူးလေးစား ဦးညွတ်သလို သူတို့ခံယူချက် တန်ဖိုးတွေအတိုင်း ရှင်သန်ကြပြီး မြန်မာနိုင်ငံကြီး လွတ်လပ်ငြိမ်းချမ်းတဲ့နေ့အတွက် ဆုတောင်းလိုက်ပါတယ်လို့လည်း ကိုထိန်လင်းက ပြောပါတယ်။

ဒီနေ့ အခမ်းအနားမှာ ဦးရာဇတ်ရဲ့ မြေးဖြစ်သူ ဒေါက်တာ မြတ်ထူးရာဇတ်ကလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မြန်မာပြည်သူတွေအပေါ်မှာ အားပေးနေမယ့် စိတ်သဘောထားတွေကိုလည်း ပြောခဲ့ပါတယ်။

တိုက်ပွဲနယ်မြေတွေက အာဇာနည်နေ့ အခမ်းအနားတွေ

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီအဖွဲ့ဝင်တစ်ယောက်

ဓာတ်ပုံ ရင်းမြစ်, ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ

ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီအဖွဲ့ဝင်တစ်ယောက်

ဒီနေ့မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို စစ်ကြောင်းထိုးတာတွေနဲ့ တိုက်ပွဲတွေ ရှိတဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာအပြင် လူထုလှုပ်ရှားမှု၊ ဆန္ဒပြပွဲတွေပါ ကျင်းပခဲ့ကြပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖားကန့်မှော်လှည့် သပိတ်စစ်ကြောင်းက စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အကြောင်းပါ ဆန္ဒပြကြပါတယ်။

ဖားကန့်မြို့နယ်ဟာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာပါ။

ဒါ့အပြင်စစ်ကောင်စီတပ် စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ နွေဦးတော်လှန်ရေး အာဇာနည်တွေကို အလေးပြုခဲ့ကြပါတယ်။

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းကလည်း ဆားလင်းကြီးမြို့နယ်ထဲမှာ ဂါရဝပြု အခမ်းအနား ကျင်းပခဲ့ကြပါတယ်။

ပုလဲ၊ ကန့်ဒေါင့်မှာ အခွန်ကောက်တာ မရှိဘူးလို့ PLA ငြင်းဆို

PLA တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, PLA

ဓာတ်ပုံ ပုံစာ, PLA တပ်ဖွဲ့ဝင်တွေ

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLA) အနေနဲ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို သိမ်းပိုက်ပြီးချိန်မှာရော မသိမ်းခင် အချိန်တွေမှာပါ ပတ်ဝန်းကျင်ရွာတွေကို အခွန်ကောက်တာ မရှိဘူးလို့ PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။

လက်ရှိအချိန်အထိ မြေပြင်မှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေတာကြောင့် သတင်းအချက်အလက် အပြည့်အစုံမရသေးပေမဲ့ ဒီလို ကောက်ယူတယ်ဆိုတာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်းပေါ်ကန့်ဒေါင့်စခန်းအနီးက ရွာတွေကို PLA က တစ်ရွာ သိန်း ၃၀၊ ၅၀ တောင်းတာရှိသလို တစ်အိမ် ၂ သောင်း၊ ၃ သောင်းကောက်ဖို့ အကြောင်းကြားလာတာတွေရှိတယ်လို့ သတင်းရင်းမြစ်တချို့နဲ့ ပုလဲမြို့နယ်၊ ပအဖခေါင်းဆောင် ကိုဇော်ထက်ရဲ့ ပြောကြားချက်အပေါ် ဘီဘီစီရဲ့ မေးမြန်းချက်နဲ့ပတ်သက်ပြီး သူက ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

"ဒီသတင်းတွေ ပေးပို့သူက မှားယွင်းနေတယ်"လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။

PLA အနေနဲ့ အခွန်ကောက်တဲ့နေရာမရှိဘဲ လူထုက ပေးတဲ့ငွေနဲ့ ခြိုးခြိုးခြံခြံ သုံးစွဲပြီး တိုက်နေတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး၊ သိန္နီတိုက်ပွဲ၊ လားရှိုးတိုက်ပွဲတွေက ရလာတဲ့ လက်နက်တွေနဲ့ပဲ ပုလဲကန့်ဒေါင့်စခန်းမှာ တိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကျည်လိုအပ်ချက်နဲ့ အခြားအကူအညီတွေလိုလို့ PLA အနေနဲ့ အခွန်ကောက်လာခဲ့ရင်တောင်မှပဲ အဓိက စီးပွားရေး လုပ်ငန်းရှင်တွေဆီကပဲ တစ်စုံတရာ ကောက်ခံဖို့ စိတ်ကူးထားပြီး တခြားက မကောက်ခံဘူးလို့ ရဲဘော်နီနီကျော်က ပြောပါတယ်။

အခွန်ငွေကောက်တယ်ဆိုတာက တော်လှန်ရေးမှာ ရန်သူကိုတိုက်ဖို့ လက်နက်ခဲယမ်း၊ ရိက္ခာဝယ်ဖို့ ကောက်ကြတာဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် တလွဲသုံးနေတာတွေ ရှိနေရင်တော့ ဒါကို အဖွဲ့အစည်းတိုင်းက စိစစ်ရမယ်လို့လည်း သူကပြောပါတယ်။

ဧရာဝတီ၊ စစ်တောင်း မြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်

စစ်တောင်းမြစ်ရေ ဝင်နေတဲ့ နေရာတွေ

ဓာတ်ပုံ ရင်းမြစ်, Save The Tree

ဓာတ်ပုံ ပုံစာ, စစ်တောင်းမြစ်ရေ ဝင်နေတဲ့ နေရာတွေ

စစ်တောင်းမြစ်ဘေး တောင်ငူမြို့နယ် ထဲက ကျေးရွာ ၂၀ ကျော် ပြောင်းရွှေ့

ဧရာဝတီမြစ်‌နဲ့ စစ်တောင်းမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတာကြောင့် မြစ်ကမ်းပါးနား နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံတာတွေ သတိပြုဖို့ မိုးဇလက သတိပေးထားပါတယ်။

ဧရာဝတီမြစ်ရေက ဆိပ်သာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ် အထက် ရောက်နေသလို စစ်တောင်းမြစ်ရေကလည်း တောင်ငူမြို့နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ရောက်နေပါတယ်။

ဒီမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေနိုင်တာကြောင့် မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေ အနေနဲ့ ရေဘေးလွတ်တဲ့နေရာတွေကို ရှောင်တိမ်းဖို့ မိုးဇလက ထုတ်ပြန်ထားတာပါ။

စစ်တောင်းမြစ်ဘေး မြို့တစ်ခုဖြစ်တဲ့ တောင်ငူမြို့နယ်မှာဆိုရင် ဒီနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းကစပြီး ရေဝင်ရောက်လာတာကြောင့် အလယ်ကျွန်းကျေးရွာ၊ မြစ်ကြီးပေါက်နဲ့ သဖန်းပင်ရွာ အပါအဝင်ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ရွှေ့ပြောင်းနေကြပါတယ်။

ဒါ့အပြင် မုတ်သုံလေ အားကောင်းနေတာကြောင့် နေပြည်တော်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ မွန် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း မိုးဇလက သတိပေးထားပါတယ်။

"မုတ်သုံလေကလည်းအားကောင်းနေတယ်။ မိုးကလည်း များနိုင်တယ်ဆိုပြီး သတိပေးထားတော့ ဆက်ပြီးတော့ စောင့်ကြည့်နေတယ်။ မပြောင်းတဲ့ ပြည်သူတချို့လည်း ကျန်ပါသေးတယ်။ ဖြစ်လာရင်တော့လည်း ကူရတော့မှာပေါ့"လို့ Save The Tree အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်ပြည်နယ်တွေမှာလည်း မိုးတိမ်တောင်တွေ ဖြစ်နေတာကြောင့် မိုးတိမ်တောင်တွေ ရွှေ့လျားတဲ့ နေရာတလျှောက်မှာ မိုးရွာတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

အာဇာနည်နေ့ အတွက် သံရုံးတွေ ဝမ်းနည်းကြောင်းထုတ်ပြန်

အမေရိကန်သံရုံးကလည်း အာဇာနည်နေ့ အထိမ်းအမှတ် ဝမ်းနည်းကြောင်း ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U.S. Embassy Rangoon

ဓာတ်ပုံ ပုံစာ, အမေရိကန်သံရုံးကလည်း အာဇာနည်နေ့ အထိမ်းအမှတ် ဝမ်းနည်းကြောင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်ပြည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံးနဲ့ သြစတြေးလျသံရုံးတွေက ဝမ်းနည်းကြောင်းထုတ်ပြန်ချက်တွေ အသီးသီးထုတ်ပြန်ပါတယ်။

ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူပြည်သားတွေရည်မှန်းတဲ့ ဒီမိုကရေစီနဲ့လွတ်လပ်မှုတို့နဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအနာဂတ်အတွက်ကြိုးပမ်းရာမှာ အသက်စတေးခဲ့ကြသူတွေအားလုံးကို ဗြိတိသျှသံရုံးက မြန်မာပြည်သူတွေနဲ့ထပ်တူ လေးစားအမှတ်ရနေတယ်လို့ ထုတ်ပြန်ပါတယ်။

အရပ်သားပြည်သူပေါင်းများစွာ သတ်ဖြတ်ခံရခြင်းကလည်း ဝမ်းနည်းဖွယ် ပါဝင်နေပြီး ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ်ရာမရှိပါ လို့ ထုတ်ပြန်ပါတယ်။

အလားတူ အမေရိကန်သံရုံးကလည်း ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးသော ခေါင်းဆောင်ကိုးဦးကို အမေရိကန်ပြည်ထောင်စုက အောက်မေ့ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။

အာဇာနည်ခေါင်းဆောင်တွေရဲ့ အမွေအနှစ်တွေက ငြိမ်းချမ်းရေး၊ သွေးစည်းညီညွတ်ရေးနဲ့ တရားမျှတမှုတွေကို ကြိုးပမ်းအားထုတ်ရာမှာ လူသားအားလုံးအတွက် စိတ်ဓါတ်ခွန်အားတွေ ဆက်ပေးနေတယ် လို့ ထုတ်ပြန်ပါတယ်။

သြစတြေးလျသံရုံးကလည်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ ကျဆုံးခဲ့သောအာဇာနည်ပုဂ္ဂိုလ်ကိုးဦးကို အလေးအမြတ်ပြုပြီး မြန်မာပြည်သူတွေနဲ့တကွ ပိုမိုတောက်ပသောအနာဂတ်အတွက်ကြိုးပမ်းနေကြသူအားလုံးအား လေးစားဂါရဝပြုပါတယ် လို့ ထုတ်ပြန်ပါတယ်။