မြန်မာသံအမတ်ကြီးတွေ မရှိတဲ့ ပြည်ပက သံရုံးများ

အာဆီယံရဲ့ မြန်မာ့အရေး ဦးဆောင်ဖြေရှင်းမှုကို အသိအမှတ်ပြုတယ်လို့ ပြောတဲ့ အမေရိကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေ ဒီလထဲမှာ အမေရိကန်မှာ တွေ့ဆုံထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဆီယံရဲ့ မြန်မာ့အရေး ဦးဆောင်ဖြေရှင်းမှုကို အသိအမှတ်ပြုတယ်လို့ ပြောတဲ့ အမေရိကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေ ဒီလထဲမှာ အမေရိကန်မှာ တွေ့ဆုံထားကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံ အတော်များများက အသိအမှတ်ပြု ဆက်ဆံမှု မလုပ်ကြတာတွေ ရှိနေသလို သံတမန် အဆင့် လျှော့ချလာတာတွေလည်း တွေ့လာရပါတယ်။

ကမ္ဘာတဝန်းမှာဖွင့်လှစ်ထားတဲ့ မြန်မာသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးပေါင်း ၄၀ လောက် ရှိတဲ့အထဲမှာ ဘီဘီစီက သိရသလောက် အခု လောလောဆယ် မြန်မာနိုင်ငံဆိုင်ရာ အာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးအဆင့် ရုံးမထိုင်တဲ့ သံရုံးတွေ ရှိနေပြီး အနည်းဆုံး ၅ နိုင်ငံက ဘယ်နိုင်ငံတွေလဲဆိုတာ သိရှိထားရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ပြည်ပ သံရုံးတွေမှာ သံအမတ်ကြီး အဆင့် ပုဂ္ဂိုလ်တွေ မရှိကြဘဲ သံရုံးယာယီတာဝန်ခံတွေပဲ ရှိနေကြတာတွေ့ရတဲ့ အချိန်မှာပဲ အဲဒီလို နိုင်ငံတွေမှာ ထားရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေကိုလည်း စစ်ကောင်စီဘက်က ပြန်ခေါ်ထားတယ်လို့ သံတမန် သတင်းရပ်ကွက်က ပြောပါတယ်။

ကမ္ဘာ့ နိုင်ငံတွေကြားမှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ကို လွယ်လွယ်ကူကူ ထူထောင်ကြတာ မဟုတ်သလို ထူထောင်ပြီးသား သံတမန်ဆက်ဆံရေးကို အလွယ်တကူ ဖြတ်တောက် လိုက်တာမျိုး မဖြစ်ရအောင် ကြိုးစားကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်ရက်စက်စက် ကိုင်တွယ် ဆောင်ရွက်မှု တွေကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်အောင် ဆောင်ကျဉ်းဖို့ တိုက်တွန်းမှုတွေနဲ့ အတူ သံရေးတမန်ရေး ဆက်ဆံမှုမှာပါ အဆင့် လျှော့ချပြီး ဖိအားတွေပေးလာတာဖြစ်တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်

အဆင့်လျှော့ချ ရာမှာလည်း နှစ်နိုင်ငံ အပြန်အလှန် သံတမန် ဆက်ဆံရေး မျက်နှာမပျက်ကြရလေအောင် သိမ်မွေ့တဲ့နည်းနဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ သံတမန် အဆင့်ကို လျှော့ချ လိုက်တယ်လို့ တရားဝင် ပြောပြီး လုပ်ဆောင်ရင် အပြန်အလှန် အကျိုးဆက်တွေ ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ပေါ်ပေါ်တင်တင် ပြောဆို လုပ်ဆောင်တာတော့ မရှိပါဘူး။

မြန်မာနိုင်ငံက ရွေးချယ် ခန့်အပ် စေလွှတ်လိုက်တဲ့ သံအမတ်ကြီးတွေကို ပြည်ပက အိမ်ရှင်နိုင်ငံတွေက လက်ခံ အသိအမှတ်မပြုသေးတာမျိုး နဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်ပနိုင်ငံတွေက သံရုံးတွေမှာ သံအမတ်ကြီး အဆင့် မရှိတော့ဘဲ သံရုံး ယာယီတာဝန်ခံကသာ ကိုင်တွယ် လုပ်ဆောင်တာတို့ ကို အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် တွေ့လာရပါတယ်။

မြန်မာသံအမတ်ကြီးအဖြစ် အသိအမှတ်ပြု မခံရသေးသူများ

အာဏာသိမ်းမှု မဖြစ်ခင်ကာလက အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ သမ္မတဖြစ်သူ ဦးဝင်းမြင့် လက်မှတ်ရေးထိုး ခန့်အပ်ပြီး နိုင်ငံ လေးနိုင်ငံကို စေလွှတ်လိုက်တဲ့ သံအမတ်ကြီး လေးယောက်မှာ မလေးရှားကို စေလွှတ်ခံရတဲ့ သံအမတ်ကြီး ဦးအောင်စိုးဝင်းကို အိမ်ရှင်နိုင်ငံက အသိအမှတ် မပြုသေးတဲ့ အတွက် စစ်ကောင်စီ အစိုးရက ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကပဲ မြန်မာနိုင်ငံကို ပြန်ခေါ်ထားပါတယ်။

ဒါဟာ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက သံအမတ်ကြီး ခန့်အပ်လွှာကို လက်မခံသေးတဲ့ အပေါ် စိတ်ငြိုငြင်ပြီး ပြန်ခေါ်တာ ဖြစ်တယ်၊ ကိုယ့်နိုင်ငံမှာပဲ ပြန်နေပြီး လက်ခံတဲ့ အထိ စောင့်နေ ဆိုတဲ့ သဘောဖြစ်တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။

သူ့လိုပဲ အာဏာ မသိမ်းခင် သံအမတ်ကြီးတာဝန်နဲ့ စေလွှတ်ခံရသူ နောက်ထပ် သုံးယောက် ထဲမှာ သြစတြီးယားနိုင်ငံကို တာဝန်ပေးခံရတဲ့ ဦးမင်းသိမ်းနဲ့ ကနေဒါနိုင်ငံက ဦးဟောက်ခန့်ဆုမ်း တို့ကလည်း အိမ်ရှင်နိုင်ငံ အကြီးအကဲတွေလက်ထဲ အခုအချိန်အထိ ခန့်အပ်လွှာ မအပ်ကြရသေးပါဘူး။ ဒါပေမဲ့ သူတို့ကတော့ တာဝန်ကျရာနိုင်ငံတွေမှာပဲ ဆက်လက်ရှိနေပြီး သံရုံး လုပ်ငန်းတွေကို လုပ်နေကြတယ်လို့ သံတမန်တွေက ပြောပါတယ်။

ဂျပန် နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးစိုးဟန်ရဲ့ ခန့်အပ်လွှာကိုတော့ အာဏာသိမ်းမှု မတိုင်ခင် ဂျပန်နိုင်ငံက အသိအမှတ်ပြု လက်ခံလိုက်တာမို့ သူကတော့ တစုံတရာ ပြဿနာ မရှိပါဘူး။

နိုင်ငံရေး ရာထူးဖြစ်တဲ့ သံအမတ်ကြီး ရာထူးကို ခန့်အပ်မှု၊ အိမ်ရှင်နိုင်ငံက လက်ခံမှုတို့မှာ နိုင်ငံရေး အခြေအနေအရ အပြန်အလှန် အကဲစမ်းနေကြတာတွေ တွေ့နေရပါတယ်။

အကြောင်းပြချက်မပေးဘဲ ပြန်ခေါ်ခံခဲ့ရတဲ့ ချက် နိုင်ငံက သံအမတ်ကြီးဟောင်း

ဓာတ်ပုံ ရင်းမြစ်, Daw Kaythi Soe

ဓာတ်ပုံ ပုံစာ, အကြောင်းပြချက်မပေးဘဲ ပြန်ခေါ်ခံခဲ့ရတဲ့ ချက် နိုင်ငံက သံအမတ်ကြီးဟောင်း

သံအမတ်ကြီးတွေ မရှိတာ ဘယ်သံရုံးတွေလဲ

မြန်မာသံအမတ်ကြီးကို ပြန်ခေါ်ထားတဲ့အတွက် စောစောကက ပြောခဲ့သလို မလေးရှားနိုင်ငံမှာ လောလောဆယ် မြန်မာ သံအမတ်ကြီး မရှိပါဘူး။

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို ပြန်လာဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အမိန့်ထုတ်ပြီး ပြန်ခေါ်ခဲ့တဲ့ ပရာ့ဂ် မြို့တော် မြန်မာ သံရုံးက သံအမတ်ကြီး ဒေါ်ကေသီစိုးရဲ့ နေရာမှာ လည်း နောက်အသစ် တစ်ယောက်ကို အစားထိုး မခန့်နိုင်လို့ သံအမတ် လစ်လပ်နေပြီး သံရုံး ယာယီတာဝန်ခံနဲ့ လည်ပတ်နေရပါတယ်။

အဲဒီ သံရုံး က နောက်ဆုံးဖွင့်ခဲ့တဲ့ မြန်မာသံရုံး ဖြစ်ပြီး ရှားရှားပါးပါး အမျိုးသမီး သံအမတ်ကြီးကို NLD အစိုးရက တာဝန်ပေးခဲ့ပါတယ်။ တစုံတရာ အကြောင်းပြချက် မပေးတဲ့အတွက်

သူ့ကို ဘာကြောင့်ပြန်ခေါ်တယ် ဆိုတာ ဒေါ်ကေသီစိုး ကိုယ်တိုင် မသိခဲ့သလို အခုချိန်ထိလည်း မသိဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ ချက် သမ္မတနိုင်ငံက အစိုးရ အဖွဲ့ဝင်တွေက မြန်မာ နိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ရပ်ကို လက်မခံနိုင်ဘူး၊ ဒါဟာ ဒီမိုကရေစီကို ဖျက်ဆီးတာ ဖြစ်တဲ့အတွက် သံရုံဝန်ထမ်း အသစ်ခေါ်ယူတာ၊ သံတမန် အသစ် ခန့်အပ်တာတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ချက်နိုင်ငံခြားရေးဌာနက မြန်မာသံရုံးကို အသိပေးခဲ့တယ်လို့ ပြောကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်က ဘီဘီစီကို ပြောပါတယ်။

ဒီအကြောင်းကို ချက်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မာတင် တလာပါ Martin Talapa က သူ့ကို ပြောပြတာ ဖြစ်တယ်၊ ချက် နိုင်ငံခြားရေးဝန်ကြီးဌာနက NUG နဲ့ အပတ်စဉ် ပုံမှန် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့လည်း ဦးလင်းသန့်က ပြောပါတယ်။

အခုအချိန်ထိ မြန်မာ နိုင်ငံဘက်ကလည်း သံအမတ်ကြီး အသစ်၊ သံရုံးဝန်ထမ်း အသစ်တွေ ခန့်အပ်တာ မရှိခဲ့ပါဘူး။ ဒါကြောင့် အခု လက်ရှိမှာ သံရုံးတာဝန်ခံ အနေနဲ့ပဲ ထားရှိပြီး သံရုံးလုပ်ငန်း တွေကို ဆောင်ရွက်နေပါတယ်။

အရင်တုန်းက ရှိခဲ့တဲ့ ချက်ကိုဆလိုဗေးကီးယား နိုင်ငံနဲ့ မြန်မာ နိုင်ငံကြား သံတမန် ဆက်ဆံရေး ဟာ ၁၉၈၈ ခုနှစ် က ဒီမိုကရေစီရေး တောင်းဆိုတဲ့ လူထု အုံကြွမှုကြီးဖြစ်ခဲ့ချိန်နောက်ပိုင်း သမ္မတ ဗားဆလပ်ဟာဗဲလ် လက်ထက်က ရပ်ဆိုင်းခဲ့ပြီး ပြတ်တောက်သွားခဲ့ ပါတယ်။

ချက် သမ္မတနိုင်ငံက မြန်မာ သံရုံးကို ၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဖွင့်လှစ်ပေးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချက် သမ္မတနိုင်ငံက မြန်မာ သံရုံးကို ၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဖွင့်လှစ်ပေးခဲ့

၂၀၁၉ ခုနှစ်ရောက်မှ သမ္မတ ဦးဝင်းမြင့် လက်ထက်မှာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည် ကိုယ်တိုင် ပရာ့ဂ် မြို့တော်မှာ သံရုံးကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အကြိမ်ပေါင်းများစွာ သက်တမ်းတိုးနေခဲ့ပြီးနောက် အနားယူတော့မယ် ဆိုပြီး မြန်မာနိုင်ငံကို ပြန်သွားတဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့တော် မြန်မာ သံရုံးက သံအမတ်ကြီး ဦးအောင်လင်းရဲ့ နေရာမှာလည်း အသစ်အစားထိုး ခန့်အပ်လို့ မရတဲ့အတွက် သံအမတ်ကြီး မရှိဘူးလို့ အမေရိကန်က CDM သံတမန်တွေက ပြောပါတယ်။ အမေရိကန်က အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီထပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စစ်တပ်က တာဝန်ရှိသူတွေကို ပစ်မှတ်ထား အရေးယူတာတွေ လုပ်လာခဲ့ပါတယ်။

လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ တွေ့ရတဲ့ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း

ဓာတ်ပုံ ရင်းမြစ်, Leon Neal

ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ တွေ့ရတဲ့ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း

အလားတူ စစ်ကောင်စီကို ပိတ်ဆို့ အရေးယူတာတွေ လုပ်ထားတဲ့ ယူကေနိုင်ငံမှာလည်း မြန်မာသံရုံးမှာ သံအမတ်ကြီး အဆင့် မရှိပါဘူး။

အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် သံရုံးဝန်ထမ်းတွေ စစ်ကောင်စီရဲ့ သြဇာမခံဘဲ CDM အာဏာဖီဆန်မှု လုပ်ကြဖို့ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေ အပြင်းအထန် တိုက်တွန်း တောင်းဆိုမှုတွေ ရှိနေခဲ့တဲ့ ကာလ အတွင်း ဧပြီလဆန်း ၈ ရက်နေ့က သံအမတ်ကြီး အပြင်ခဏထွက်ခဲ့ချိန် သံရုံး ဒုတိယ အကြီးအကဲနဲ့ သံဝန်ထမ်းတွေက သံရုံးထဲကို ပြန်လည်ဝင်ခွင့်မပေးတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် CDM လုပ်လာတဲ့ သံအမတ်ကြီး ဦးကျော်စွာမင်းရဲ့ နေရာမှာ သူနဲ့ ရာထူး အဆင့် ညီတဲ့ သံအမတ်ကြီး ခန့်အပ်နိုင်ခြင်း မရှိပါဘူး။

အိမ်ရှင်နိုင်ငံရဲ့ သဘောတူ အတည်ပြုချက် ရယူစရာမလိုတဲ့ ရာထူးဖြစ်တဲ့ သံအမတ် ဦးထွန်းအောင်ကျော်ကိုသာ စစ်ကောင်စီက စေလွှတ်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြန်လည် ခေါ်ယူခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူရဲ့ နေရာမှာလည်း အစားထိုး ခန့်အပ်နိုင်ခြင်း မရှိသေးပါဘူး။

သူတပါးနိုင်ငံအရေး ဝင်မစွက်ဘူးဆိုတဲ့အာဆီယံမူကို လက်ကိုင်ထားတဲ့ အာဆီယံအဖွဲ့ထဲက နိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားမှာ သံအမတ်ကြီး ဒေါ်အိအိခင်ဧ ပြန်သွား ပြီးနောက် သံအမတ်ကြီး နေရာ လစ်လပ်နေပါတယ်။

ဘရူနိုင်းမှာလည်း သံအမတ်ကြီး မရှိဘူးလို့ ပြည်ပရောက် သံတမန်တွေက ပြောပါတယ်။

ဗြိတိန် သံရုံးယာယီတာဝန်ခံအဖြစ် မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ Pete Vowles

ဓာတ်ပုံ ရင်းမြစ်, UK in Myanmar

ဓာတ်ပုံ ပုံစာ, ဗြိတိန်သံရုံး ယာယီတာဝန်ခံအဖြစ် မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ Pete Vowles

မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့် မရှိကြတဲ့ ပြည်ပ နိုင်ငံများ

အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာ စစ်ကောင်စီကို ဖိအားပေးတဲ့အနေနဲ့ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူတာတွေ ပြုလုပ်ထားတဲ့ ယူကေနိုင်ငံက ၂၀၂၁ ခုနှစ် သြဂုတ်လက သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ခဲ့တဲ့ ပိဗို့ဇ်က စစ်ကောင်စီ ဥက္ကဋ္ဌလက်ထဲကို သူ့ရဲ့ သံအမတ် ခန့်အပ်လွှာ မပေးဘဲ နိုင်ငံပြင်ပကို ထွက်ပြီးမှ သံရုံးယာယီတာဝန်ခံ အနေနဲ့ မြန်မာနိုင်ငံကို ပြန်ဝင်ဖို့ ကြိုးစားတာကို မြန်မာ ဘက်ကက လက်မခံတဲ့ အတွက် နှစ်နိုင်ငံကြား သံတမန်ရေးအရ တင်းမာနေတဲ့ အနေအထား ဖြစ်နေပါတယ်။ ဝင်ခွင့် ဗီဇာ အသစ်ရဖို့ စောင့်နေတယ် ဆိုတာကိုလည်း ရန်ကုန်က ဗြိတိသျှ သံရုံး ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ဥရောပနိုင်ငံတွေထဲက ဂျာမနီနိုင်ငံကလည်း မြန်မာနိုင်ငံမှာ သံအမတ်ကြီး အဆင့် မရှိဘူးလို့ သံတမန် အသိုင်းအဝိုင်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျာမန် သံအမတ်ကြီးက သူနိုင်ငံကို ခဏ ဆိုပြီး ပြန်လာခဲ့ပြီးနောက် မြန်မာနိုင်ငံကို ပြန်မသွားတော့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလက ဂျာမနီ နိုင်ငံ ဘာလင်မြို့တော်မှာရှိတဲ့ မြန်မာ စစ်သံရုံးက စစ်သံမှူး အပါအဝင် ဝန်ထမ်း ၅ ယောက်ကို သက်တမ်း တိုးမပေးလို့ သံရုံး ပါ ပိတ်ပြီး ဝန်ထမ်း အားလုံး မြန်မာ နိုင်ငံကို ပြန်သွားခဲ့ရပါတယ်။

သြစတေးလျ နိုင်ငံကလည်း လစ်လပ်သွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး နေရာမှာ အသစ် မခန့်အပ်တော့ဘဲ သံရုံးယာယီတာဝန်ခံ ကိုသာ ထားပြီး စစ်‌ကောင်စီနဲ့ သံတမန်ဆက်ဆံရေး လျှော့ချဖို့ စီစဥ်နေတယ်လို့ အခုလထဲမှာပဲ သြစတေးလျကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဘာလင်မြို့က မြန်မာသံရုံး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဘာလင်မြို့က မြန်မာသံရုံး

လတ်တလော ပြန်ခေါ်ထားတဲ့ မြန်မာသံအမတ်ကြီးများ

မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေက သံအမတ်ကြီးအဆင့် မထားဘဲ သံရုံး ယာယီတာဝန်ခံတွေနဲ့ပဲ လည်ပတ်နေတဲ့ နိုင်ငံတွေမှာ စေလွှတ်ထားတဲ့ မြန်မာ သံအမတ်ကြီးတွေကို ပြန်ခေါ် နေတာတွေ ရှိတယ်လို့ ပြည်တွင်းပြည်ပ သံတမန် တွေက ပြောပါတယ်။

ဘရာဇီးနိုင်ငံက သံအမတ်ကြီး ဦးမျိုးတင့်ကို ပြန်ခေါ်ထားတဲ့အပြင် ဂျာမနီနိုင်ငံက သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ သြစတြေးလျ နိုင်ငံက ဦးသာအောင်ညွန့်တို့ကို ပြန်ခေါ်ထားတာဖြစ်ပြီး တခြားနိုင်ငံတွေလည်း ရှိသေးတယ်လို့ ဘီဘီစီကို သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါပေမဲ့ သူတို့ကို အခု မေလဆန်းကမှ ပြန်ခေါ်ထားတာ ဖြစ်လို့ လောလောဆယ် သူတို့ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံတွေမှာပဲ ရှိနေကြပါသေးတယ်။

ဒီလို ပြန်ခေါ်တာက အပြန်အလှန်အားဖြင့် သံတမန် အဆင့်အတန်း တန်းညှိတဲ့ သဘော ဖြစ်တယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနေက်မှာ နိုင်ငံခြားရေးဌာန အတွင်း သတင်းအချက်အလက်တွေက အရင်တုန်းကလို အပြင်ကနေ အလွယ်တကူ မသိနိုင်ရုံသာမက ရုံးတွင်းမှာတောင် ဌာန မတူရင် မသိကြရတော့ဘူးလို့ သံဝန်ထမ်းတွေက ပြောပါတယ်။

ဒါ့အပြင် နှစ်စဉ် ထုတ်ပြန်နေကျ ပြည်ပမှာ တာဝန်ထမ်းဆောင်သူ သံတမန်တွေနဲ့ စစ်သံရုံး ဝန်ထမ်းတွေ စာရင်းနဲ့ ဆက်သွယ်နိုင်တဲ့ လိပ်စာ နံပတ်တွေ ရေးသား ထုတ်ပြန်တဲ့ စာအုပ်ကို မထုတ်တော့သလို မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံခြား သံရုံးတွေနဲ့ လူပုဂ္ဂိုလ် စာရင်းကိုလည်း အာဏာသိမ်းပြီးနောက်မှာ ထုတ်ပြန်တာ မတွေ့ရဘူးလို့ သံတမန်တွေက ပြောပါတယ်။

ဝန်ကြီးဌာနက ဝန်ထမ်းတွေကို ပြည်ပနိုင်ငံတွေဆီ သံတမန်တွေ အဖြစ် စေလွှတ်ရင်တောင် ပေါက်ကြားမှု မဖြစ်ရအောင် သံရုံး တရုံးချင်းကိုပဲ အသိပေး အကြောင်းကြားတာပြုလုပ်တယ်၊ ကာယကံရှင်နဲ့ သူ့ရဲ့ ဌာနတွင်းကပဲ သိတာဖြစ်လို့ ကိုယ့်ဝန်ကြီးဌာနအတွင်း ဘာတွေ ဖြစ်နေတယ် ဆိုတာ သိနိုင်ဖို့ ခက်ခဲတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း သံတမန်တွေက ပြောကြပါတယ်။

လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူ တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency

ဓာတ်ပုံ ပုံစာ, လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြသူ တစ်ဦး