ယူကေနဲ့ နေပြည်တော် သံအဆက်အသွယ် ပြတ်တဲ့အထိ ဖြစ်လာနိုင်လား

သံရုံးယာယီတာဝန်ခံ အဖြစ် အဆင့်လျှော့ ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, Gov.uk

ဓာတ်ပုံ ပုံစာ, သံရုံးယာယီတာဝန်ခံ အဖြစ် အဆင့်လျှော့ ပြောင်းလဲ

နှစ်ပေါင်း ၇၀ ကျော် အတွင်းမှာ မြန်မာပြည်ထဲ ယူကေသံအဖွဲ့ အချိနဲ့ဆုံး ဖြစ်နေပြီး၊ အကြီးအမှူး ဖြစ်သူ မစ္စတာ ပိ(ထ)ဗိုးလ်စ် ပြည်ဝင်ခွင့် အငြင်းခံနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ယူကေဘက်က သံအဆင့်အတန်း လျှော့ချတာကို နေပြည်တော် စစ်ကောင်စီက လက်သင့်မခံရာက အခုလို ဝှိုက်ဟောနဲ့ နေပြည်တော်ကြား သံတမန်ရေး အတင်းမာဆုံး အနေအထားကို မြင်တွေ့ နေရတာ ဖြစ်ပါတယ်။

လန်ဒန် မြန်မာသံရုံးကို စစ်ကောင်စီ သစ္စာခံတို့ ထိန်းချုပ်ပြီး တိုက်လေယာဥ်မှူး ဟောင်းကို သံရုံးတာဝန်ခံ အဖြစ် နေပြည်တော်က စေလွှတ်ခဲ့တုန်းက ဗြိတိသျှ အစိုးရဘက်က ဝင်စွက်ဖက်တာမျိုး မလုပ်ခဲ့ပါဘူး။

ဒါ့အပြင် အီးယူက နားချနေတဲ့ကြားက သံအမတ် အဆင့်အတန်းနဲ့ ရန်ကုန် သံရုံး အကြီးအကဲ နေရာကို လူသစ် စေလွှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ သံအကြီးအကဲ မစ္စတာဗိုးလ်စ်ကို သံအမတ် ရာထူး မဟုတ်တော့ပဲ စစ်ခေါင်းဆောင်ထံ ခန့်အပ်လွှာ ပေးစရာမလိုတဲ့ သံရုံးယာယီတာဝန်ခံ အဖြစ် အဆင့်လျှော့ ပြောင်းလဲ လိုက်ပါတယ်။

အဲဒီလို သံအဆင့်အတန်း လျှော့ချတာကို နေပြည်တော်က လက်သင့်မခံဘဲ ပြည်ဝင်ခွင့် ဗီဇာသစ်ပေးဖို့ ငြင်းဆန်နေတာ ဖြစ်ပါတယ်။

ရန်ကုန်သံရုံးမှာ ဝန်ထမ်း အနည်းငယ်နဲ့သာ လှုပ်ရှားနေ

ဓာတ်ပုံ ရင်းမြစ်, UK in Myanmar

ဓာတ်ပုံ ပုံစာ, ရန်ကုန်သံရုံးမှာ ဝန်ထမ်း အနည်းငယ်နဲ့သာ လှုပ်ရှားနေ

ရန်ကုန် ဗြိတိသျှသံရုံး ပြောခွင့်ရရဲ့ ဘီဘီစီကို အတည်ပြု ပြောကြားချက်

"မစ္စတာ ပိ(ထ)ဗိုးလ်စ် ဟာ သံတမန် ဆက်ဆံရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူမှု ဖြစ်တဲ့ ဗီယာနာ ပဋိညာဥ်ပါ ပုဒ်မ ၁၉ အရ ၊ သံရုံးယာယီတာဝန်ခံ အဖြစ် တာဝန် ထမ်းဆောင်မယ် ဆိုတာကို မြန်မာပြည်က သက်ဆိုင်တဲ့ သူတွေထံ အကြောင်း ကြားထားပြီး ဖြစ်တယ်၊ လက်ရှိမှာ မြန်မာပြည်ထဲ ဝင်ခွင့် ဗီဇာ အသစ်ရဖို့ စောင့်နေတယ်" ဆိုပြီး ရန်ကုန် ဗြိတိသျှ သံရုံး ပြောခွင့်ရသူက ဘီဘီစီကို အတည်ပြုထားပါတယ်။

မူလက သံအမတ်အနေနဲ့ ဗြိတိသျှ အစိုးရက စေလွှတ်ပြီးမှ အခုလို သံရုံးယာယီတာဝန်ခံ ဆိုပြီး သံတမန် ဆက်ဆံရေး အဆင့်အတန်း လျှော့ချရတဲ့ အကြောင်းအရင်းဟာ ... သံအမတ် ခန့်အပ်လွှာကို စစ်ခေါင်းဆောင် လက်ထဲ ပေးအပ်တာမျိုးကနေ ရှောင်လွှဲနိုင်ဖို့ ဆိုတဲ့ ဗြိတိန် အစိုးရရဲ့ လက်ရှိ ရပ်တည်ချက်ကိုလည်း ထည့်သွင်း ပြောထားပါတယ်။

နေပြည်တော် စစ်ကောင်စီဘက်ကတော့ ပိ(ထ)ဗိုးလ်စ်ကို သံရုံးယာယီတာဝန်ခံ ရာထူး အပြောင်းအလဲနဲ့ လက်ခံနိုင်မှာ မဟုတ်တဲ့ အကြောင်း ဗြိတိန်ဘက်ကို ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းကတည်းက အကြောင်းကြားထားတယ်လို့ နားလည် ရပါတယ်။

ဒါပေမယ့် .... ပိ(ထ)ဗိုးလ်စ် နေရာမှာ တခြားတစ်ယောက်ကို အစားထိုး စေလွှတ်ရင်တော့ နေပြည်တော်က ပြည်ဝင်ခွင့် ပေးကောင်း ပေးနိုင်တယ် ဆိုတဲ့ သဘောထားမျိုးလည်း စစ်ကောင်စီထံမှာ ရှိနေတယ်လို့ သံတမန် သတင်းရပ်ကွက်က ဆိုပါတယ်။

ဗြိတိန်ဘက်ကတော့ လူ အသစ် အစားထိုး စေလွှတ်မယ့် လုပ်ဆောင်မှုမျိုး မတွေ့ရသေးဘဲ မစ္စတာဗိုးလ်စ်ဟာ ထိုင်းနိုင်ငံမှာ ရှိနေပြီး ရန်ကုန်သံရုံးကို ပြန်နိုင်ဖို့ နေပြည်တော်နဲ့ကြား ဆက်လက် ညှိနှိုင်းနေဆဲ အခြေအနေလို့လည်း သိထားရပါတယ်။

လက်ရှိမှာတော့ သံရုံးအကြီးအကဲလည်း မရှိ ဖြစ်နေတဲ့ ရန်ကုန်သံရုံးမှာ ဝန်ထမ်း အနည်းငယ်နဲ့သာ လှုပ်ရှားနေတာ ဖြစ်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာအစိုးရနဲ့ တိုက်ရိုက် လက်တွဲ လုပ်တဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေ အားလုံးကို ရပ်ထား

ဓာတ်ပုံ ရင်းမြစ်, Gov.uk

ဓာတ်ပုံ ပုံစာ, မြန်မာအစိုးရနဲ့ တိုက်ရိုက် လက်တွဲ လုပ်တဲ့ ထောက်ပံ့ရေး လုပ်ငန်းတွေ အားလုံးကို ရပ်ထား

အစိုးရနဲ့ ပူးပေါင်းလုပ်တဲ့ အကူအညီပေးရေး အစီအစဥ်တွေ ရပ်နားထား

၂၀၂၁ စစ်အာဏာ တကျော့ပြန် သိမ်းမှု နောက်ပိုင်း မြန်မာပြည်ကို အထောက်အပံ့တွေ ဆက်ပြီး ပေးနေခဲ့တယ်လို့ ဗြိတိသျှ အစိုးရက တရားဝင် ကြေညာထားတာ ရှိပါတယ်။ ဒါပေမယ့်၊ အာဏာသိမ်း စစ်တပ်လက်ထဲ ထည့်တာမဟုတ်ဘူး၊ စိတ်ချရတဲ့ အေဂျင်စီ အဖွဲ့တွေကနေ တဆင့် ငွေကြေး စီးဆင်းတာလို့ ဆိုပါတယ်။

အခုလို သံရုံးအကြီးအကဲ ပြည်ဝင်ခွင့်မရ ဖြစ်နေပြီး ကိုယ်စီ ရပ်တည်ချက်တွေကို ဝှိုက်ဟောဘက်ကရော နေပြည်တော်ကပါ အလျှော့အတင်း မလုပ်နိုင်ဘူး ဆိုရင် ရန်ကုန်က ဗြိတိသျှ သံရုံး ပိတ်ပစ်လိုက်တဲ့ အခြေအနေမျိုးထိ ရောက်သွားနိုင်လား လက်ရှိ အကူအညီ ပေးရေး အစီအစဥ်တွေ ထိခိုက်သွားမလား ဆိုတဲ့ မေးခွန်းတွေ နိုင်ငံတကာ အကဲခတ်တွေကြား ထွက်ပေါ် လာပါတယ်။

မြန်မာ့အရေးကို တစိုက်မတ်မတ် လှုပ်ရှားနေခဲ့ပြီး ဗြိတိသျှ အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ အပေါ် အမြဲ ထောက်ပြ ဝေဖန်လေ့ ရှိတဲ့ Burma Campaign UK အဖွဲ့ကို ဦးဆောင်သူ မာ့ခ်ဖာမနာကတော့ ....

"လက်ရှိအချိန် မြန်မာပြည်တွင်းမှာ သံရုံး ဆက်ရှိနေရင် ဘယ်လို အားသာချက်မျိုးတွေ ရှိနိုင်လဲ ဆိုတာကို ဗြိတိန်ဘက်က ချိန်ဆရမှာ ဖြစ်ပါတယ်။ သံရုံးဆက်ပြီး ရှိနေမယ်၊ လည်ပတ် နေနိုင်မယ် ဆိုရင်တော့ .... ဖြစ်ပျက်နေတာတွေကို အနီးကပ် သိခွင့်ရှိနေမယ်၊ မြန်မာပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံနိုင်ခွင့်လည်း အတိုင်းအတာ တစ်ခုထိ ရှိနေမယ် .... စတဲ့ အားသာချက်တွေ ရှိနိုင်ပါတယ်။ ရှိလက်စ သံရုံးဝန်ထမ်းတွေ ဘယ်လောက်ထိ ဘေးကင်းလုံခြုံ ဆက်ပြီး နေနိုင်မလဲ ဆိုတဲ့ အချက်ကတော့ အဓိက ထည့်သွင်း စဥ်းစားရမယ့် အရာ ဖြစ်ပါတယ်။

မြန်မာကို ထောက်ပံ့ရေး ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ကတော့ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၁ ရက်၊ တကျော့ပြန် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာကတည်းက စပြီး ဗြိတိန်ဟာ မြန်မာအစိုးရနဲ့ တိုက်ရိုက် လက်တွဲ လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး အစီအစဥ်တွေ ထောက်ပံ့ရေး လုပ်ငန်းတွေ အားလုံးကို ရပ်လိုက်ပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် အာဆီယံ နဲ့ NUG ကို ဖိတ်ခေါ်မှု

အာဏာသိမ်းမှုနောက်ပိုင်း ဆက်ပြီး ပေးနေတဲ့ စာနာမှု ဆိုင်ရာ ထောက်ပံ့ရေး အကူအညီတွေဟာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေ၊ INGO အဖွဲ့တွေ၊ အရပ်ဘက် လူမှု အဖွဲ့တွေကနေ တဆင့် ပေးနေတာလို့ နားလည်ရပါတယ်။

ဒီတော့ ဆိုလိုတာက ... ရန်ကုန်မှာ သံရုံး ဆက်ရှိသည် ဖြစ်စေ၊ မရှိတော့သည် ဖြစ်စေ၊ အခု လက်ရှိ အကူအညီပေးရေး အစီအစဥ်တွေကတော့ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။

ဘယ်အရာမျိုးကိုတော့ စွန့်လွှတ်ကောင်း စွန့်လွှတ်ရမလဲ ဆိုရင် မြန်မာကို အကူအညီပေးတဲ့ အလှူရှင် နိုင်ငံတွေထဲ ဗြိတိန်ဟာ အဓိက နိုင်ငံတစ်ခု ဖြစ်တာကြောင့် တခြား အလှူရှင်တွေ ထည့်ဝင်ကြတာတွေကိုပါ စုပေါင်းပြီး၊ ပညာရေးမှာ ... စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရေးမှာ ... အစရှိသဖြင့် ဘယ်နေရာမှာ ဘယ်လောက် ခွဲဝေ သုံးစွဲမလဲ ဆိုတာတွေကို ဗြိတိန်က ဦးစီးဦးဆောင် လုပ်လေ့ ရှိပါတယ်။ သံရုံးမရှိတော့ဘူး ဆိုရင်တော့ အဲဒီလိုမျိုး ဦးဆောင်မှုကဏ္ဍ ဆုံးရှုံးတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့လို လှုပ်ရှားဆော်ဩသူတွေကတော့ ဗြိတိန်အစိုးရ အနေနဲ့ အာဏာသိမ်းမှု နောက်ပိုင်း ရပ်လိုက်တယ်ဆိုတဲ့ လုပ်ငန်း ပရောဂျက်တွေရဲ့ လျာထားငွေတွေကို လုံးဝ မသုံးစွဲတာမျိုး မလုပ်ဘဲ အခုနက ပြောသလို ကုလအေဂျင်စီတွေ အပါအဝင် စိတ်ချရတဲ့ အဖွဲ့တွေကနေ သုံးစွဲပေးပါလို့ တိုက်တွန်း နေပါတယ်။ အခု သူတို့ သုံးနေတဲ့ ငွေဟာ အာဏာမသိမ်းခင်က သုံးစွဲခဲ့တာထက် ထက်ဝက်လောက်ပဲ ရှိပါတယ်" ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

presentational grey line

ဘိုင်ဒင်အစိုးရနည်းတူ NUG နဲ့ ဆက်ဆံရေး UK ပိုပြီး မြှင့်တင်လုပ်ဆောင်မလား

ဗြိတိန်ရဲ့ မြန်မာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒလေ့လာသုံးသပ်သူ ခရစ္စတိုဖာဂန်းနက်စ်နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

presentational grey line

ပြီးခဲ့တဲ့ သီတင်းပတ် မေလလယ်ထဲမှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ အိမ်ရှင်အဖြစ် ဝါရှင်တန်ဒီစီမြို့တော်မှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ပါတယ်။

အဲဒီ ရက်တွေမှာပဲ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန် အစိုးရက ဝါရှင်တန်ဒီစီမြို့တော်ကို ခေါ်ပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ အဲဒီ ခရီးစဥ်အတွင်းမှာ အမေရိကန်နဲ့ အာဆီယံ နိုင်ငံခြားရေး ထိပ်တန်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေကို အာဆီယံ ထိပ်သီးညီလာခံနဲ့ တပြိုင်တည်းတွဲပြီး ပြုလုပ်တဲ့ အစည်းအဝေးများ သဖွယ် တွေ့မြင် နေခဲ့ရပါတယ်။

နေပြည်တော်နဲ့ကြား လက်ရှိ သံတမန်ရေး ပျက်ယွင်းနေတဲ့ ဗြိတိန် အနေနဲ့ရော NUG နဲ့ကြား ဆက်ဆံရေးကို အမေရိကန် အစိုးရ ပြုမူနေတာတွေ အတိုင်း ပိုပြီး တိုးမြှင့်လာဖွယ် ရှိလား .... မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဗြိတိသျှအစိုးရဆီမှာ ခိုင်မာတဲ့ မူဝါဒနဲ့ လုပ်ငန်းစဥ်တွေ ရှိနေပါလား .....

ဘောရစ်ဂျွန်ဆင် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ အပေါ် လေ့လာစောင့်ကြည့် ဝေဖန်နေတဲ့ Myanmar Accountability Project MAP အဖွဲ့ကို ထူထောင်သူ ခရစ္စတိုဖာဂန်းနက်စ်ကို ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဗြိတိန်ဘက်က လူစားထိုး စေလွှတ်တဲ့ အထိ ဖြစ်လာမလား

ဓာတ်ပုံ ရင်းမြစ်, Gov.uk

ဓာတ်ပုံ ပုံစာ, ဗြိတိန်ဘက်က လူစားထိုး စေလွှတ်တဲ့ အထိ ဖြစ်လာမလား

ဘီဘီစီ။ ။ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံတမန် အဖွဲ့နဲ့ ပတ်သက်ပြီး လက်ရှိ ဘာတွေ ဖြစ်ပျက်နေတယ်လို့ ခရစ္စ အနေနဲ့ နားလည်ထားလဲ ... ။ ဗြိတိသျှ အစိုးရရဲ့ မြန်မာ့အရေး နိုင်ငံခြားရေး မူဝါဒ အပေါ် ဘယ်လို သုံးသပ်ထားလဲ ... ခရစ္စရေ။

ခရစ္စတိုဖာဂန်းနက်စ်။ ။ ကျွန်တော်တို့ သိပ်ပြီး ရုံးသုံး မဆန်ဘဲ အဓိပ္ပာယ် ထင်းကနဲ ပေါ်လွင်အောင် ဆိုရင် ... အင်္ဂလိပ်စကား "Dog's dinner" ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြောရမယ် ထင်တယ်။ ဗြိတိန်ရဲ့ မြန်မာ့အရေး နိုင်ငံခြားရေးမူဟာ အတော့်ကို ... မွစာကြဲပြီး ဗြောင်းဆန်နေတဲ့ အဖြစ်မျိုးကို အခု ရောက်သွားရတာ လို့ပဲ ပြောချင်ပါတယ်။

မြန်မာပြည်ကြီး မီးဟုန်းဟုန်း တောက်နေပြီ ဆိုတာ ဆိုးရွားတဲ့ အခြေအနေတွေကို မြင်သာအောင် ပြောဆိုတာမျိုး မဟုတ်ဘူး၊ တကယ့်ကို မီးဟုန်းဟုန်း တောက်နေတာ ဖြစ်တယ်။ မြို့တွေ ရွာတွေ မီးတင်ရှို့ ခံနေရတာ အပါအဝင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံနေရပါတယ်။

မြန်မာနိုင်ငံ အနေနဲ့၊ မြန်မာ ပြည်သူတွေ အနေနဲ့ အခုအချိန်လောက် အကူအညီတွေ လိုအပ်နေတာ ရှိပါ့မလား။ ခေတ်သစ် မြန်မာ့သမိုင်းမှာတော့ လူ့အခွင့်အရေးဆိုင်ရာ အရရော၊ စာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့ အတိုင်းအတာ အနေနဲ့ရော .... အဆိုးရွားဆုံး အချိန် ဖြစ်ပါတယ်။

ဒီလို အချိန်မျိုးမှာ ဗြိတိန်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ရာထူးအကြီးဆုံး၊ တာဝန် အရှိဆုံး သံတမန်ဟာ တိုင်းပြည် အပြင်ဘက် ရောက်နေပြီး၊ ပြန်ဝင်လို့မရ ဖြစ်နေတဲ့ အပေါ် အာရုံစိုက် ဖြေရှင်းနေရတဲ့ အနေအထား ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ပြဿနာ အားလုံး မဟုတ်ရင်တောင်၊ အတော်များများဟာ သူတို့ကို ကိုလိုနီပြုခဲ့တဲ့ ဗြိတိသျှတွေက လက်ဆင့်ကမ်း ခဲ့တဲ့ ဆိုးမွေတွေ အဖြစ် ကျွန်တော်က မှတ်ယူသူ ဖြစ်ပါတယ်။ ဒီ့အတွက် ဗြိတိန် အနေနဲ့ မြန်မာကို ကူညီရမယ့် သမိုင်းပေးတာဝန် ရှိတယ်။ အခု အကူအညီ အလိုဆုံး အချိန်မှာ ... ဗြိတိသျှ သံကိုယ်စားလှယ် တိုင်းပြည်ထဲ ဝင်လို့ မရဘူးဆိုတဲ့ အရှုပ်အထွေး ထပ်ဆင့် ပေါ်ပေါက် လာပြန်တာ ဖြစ်ပြီး၊ ဒါဟာလည်း ဗြိတိသျှ အစိုးရရဲ့ မြန်မာ့အရေး ဆိုင်ရာ မူဝါဒ အားနည်းချက်တွေကြောင့်လို့ ကျနော် ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ခရစ္စရေ ... အခု ပိ(ထ)ဗိုးလ်စ် ပြန်ဝင်လို့ မရ ဖြစ်ရတဲ့ အခြေခံ အကြောင်းက .... သူဟာ သံအမတ် အဆင့်နဲ့ မဟုတ်ပဲ သံရုံးတာဝန်ခံ ရာထူး နဲ့ပဲ နေတော့မယ် ဆိုပြီး ပြောင်းလဲ လိုက်တဲ့အပေါ်၊ နေပြည်တော်ဘက်က လက်မခံဘဲ သူ့ကို ပြည်ဝင်ခွင့် ပြန်မပေးတော့ဘဲ နေတာလို့ ... ကျွန်တော်တို့ နားလည် ထားရပါတယ်။ ဒီတော့ ခရစ္စ ပြောတဲ့ ဗြိတိသျှ အစိုးရထံမှာ မြန်မာအရေး မူဝါဒပိုင်း အားနည်းချက်တွေ ရှိတယ် ဆိုတာ ဘာကို ဆိုလိုတာလဲခင်ဗျ ... ။

ခရစ္စတိုဖာဂန်းနက်စ်။ ။ အခု ပိ(ထ)ဗိုးလ်စ် ရန်ကုန်သံရုံးကို ပြန်မရ ဖြစ်နေတဲ့ ကိစ္စဟာ ဗြိတိသျှ အစိုးရထံမှာ အခြေခံမူ ကင်းမဲ့နေခြင်း ဆိုတဲ့ ပြဿနာကြီးရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာရတဲ့ ... ပြဿနာ အစိတ်အပိုင်းလေး တစ်ခု ဖြစ်ပါတယ်။

ဥရောပ မဟာမိတ်နိုင်ငံတွေက တားနေတဲ့ ကြားကပဲ ဗြိတိန်က သူ့ကို ဘုရင်မကြီးရဲ့ တော်ဝင် သံအမတ်ကြီး "ambassador" ရာထူး အဆင့်အတန်းနဲ့ စေလွှတ် ခဲ့တာပါ။

မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ကြား သံတမန် ဆက်ဆံရေး အဆင့်အတန်းကို တညီတညွတ်တည်း အားလုံး ဝိုင်းပြီး လျှော့ချကြဖို့ လိုတယ်၊ သံအမတ် အသစ် ခန့်တာမျိုး၊ သံအမတ် အဆင့်အတန်းနဲ့ စေလွှတ်တာမျိုး မလုပ်ပါနဲ့" ဆိုပြီး အီးယူဘက်က ဗြိတိသျှ အစိုးရကို အတော်လေး နားချခဲ့ပါတယ်။

ဒါပေမယ့် ဘောရစ်ဂျွန်ဆင် အစိုးရက နားမထောင်ပါဘူး။ ရန်ကုန်ကို သံအမတ် အဆင့်နဲ့ လူအသစ်ကို ပို့ပါတယ်။ ဒါတင်မက၊ လန်ဒန်မြန်မာ သံရုံးကို အုပ်ချုပ်ဖို့ စစ်ကောင်စီက စေလွှတ်တဲ့ သံရုံးတာဝန်ခံကိုလည်း လက်ခံပါတယ်။ အဲဒီ သံရုံးတာဝန်ခံဟာ ဆိုရင် စစ်တပ်ကလာတဲ့သူ၊ တိုက်လေယာဥ်မှူးဟောင်း တစ်ယောက် ဖြစ်ပါတယ်။

ခင်ဗျား စဥ်းစားကြည့်ပါ။ မြန်မာနိုင်ငံထဲမှာ ဆန္ဒပြသူတွေ လမ်းပေါ်တင် ပစ်သတ်ခံထားရ၊ ထောင်သွင်းအကျဥ်းချ ခံထားရတဲ့ အချိန်မှာ ဗြိတိသျှ အစိုးရက စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးကို အဲဒီလိုမျိုး ထုဆစ် ပုံဖော်ဖို့ ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်သံရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ သစ္စာခံတွေက ဦးကျော်စွာမင်းကို ဖယ်ရှားပြီး လန်ဒန်သံရုံးကို ထိန်းချုပ်

လန်ဒန်က မြန်မာသံရုံး အရေးကလည်း ဗြိတိသျှ အစိုးရမှာ ရှေ့နောက်မညီတဲ့ သဘောထား ရပ်တည်ချက်တွေ ရှိနေတယ် ဆိုတာကို ပေါ်လွင်စေပါတယ်။ စစ်ကောင်စီ သစ္စာခံတွေက ဦးကျော်စွာမင်းကို ဖယ်ရှားပြီး သံရုံးကို ထိန်းချုပ်တုန်းက အဲဒီ အချိန်က နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ်ရပ်ဘ်က ဦးကျော်စွာမင်းဘက်က ဖေးဖေးမမတွေ အတော်လေး ပြောပေမယ့်၊ အခုန ပြောသလိုပဲ စစ်ကောင်စီရဲ့ သံရုံးတာဝန်ခံ ခန့်အပ်မှု အပေါ်မှာလည်း ငြင်းဆန်တာမျိုး မရှိပါဘူး။

နောက်ပိုင်း သံအမတ်နေအိမ်မှာ ဦးကျော်စွာမင်း ဆက်နေထိုင်နေတာ အပေါ် အငြင်းပွားကြတော့လည်း နိုင်ငံခြားရေး ဌာနတွင်း စာတချို့မှာ ဦးကျော်စွာမင်းကို ကျူးကျော် နေထိုင်သူ အဖြစ် ရည်ညွှန်း သုံးစွဲထားတာမျိုးတွေ ရှိနေပါတယ်။

ကျွန်တော် အဓိက ပြောချင်တာက ဗြိတိသျှ အစိုးရရဲ့ မြန်မာ့အရေး မူက ဘာလဲ ဆိုတာ အတော်လေးကို ပြတ်ပြတ်သားသား မရှိတာပါ။

အဲဒီ ခြေလှမ်းအမှားတွေနဲ့ အခြေမခိုင်ခဲ့လို့သာ အခုလို ပြည်ဝင်ခွင့် ပြန်ရဖို့ အရေး နေပြည်တော် စစ်ကောင်စီနဲ့ကြား ညှိနေရပါတယ် ဆိုတဲ့ အခြေအနေမျိုး ဆိုက်လာခဲ့တယ်လို့ ကျွန်တော် သုံးသပ် မိပါတယ်။ အခုဆိုရင် နေပြည်တော်ဘက်ကလည်း မစ္စတာဗိုးလ်စ် သံအမတ် အနေနဲ့ ပြန်လာမှ အဝင်ခံမယ်လို့ ပြောနေတယ် ဆိုပြီး ကြားသိ ထားရတာတွေ ရှိပါတယ်။

မြန်မာပြည်သူတွေဘက်ကတော့ ရှင်းပါတယ်။ သူတို့ ဘာကို လိုချင်လဲ ဆိုတာ ရွေးကောက်ပွဲမှာ ပြခဲ့ကြပြီး ဖြစ်သလို၊ အခု စစ်အာဏာသိမ်းမှုကိုလည်း အသက်ပေးပြီး ဆန့်ကျင် ပြနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ ရဲ့ တရားဝင်မှုကို ဆက်ခံပြီး NUG အစိုးရ ထူထောင်တော့လည်း အားပေး ထောက်ခံတဲ့ လှုပ်ရှားမှုတွေ ကမ္ဘာတဝန်း ပြသ နေကြပါတယ်။ အဲဒီတော့ ဗြိတိသျှ အစိုးရ အနေနဲ့ သူတို့ ဘာလုပ်သင့်လဲ ဆိုတာ မသိစရာ အကြောင်း မရှိပါဘူး။

ဘီဘီစီ။ ။ ဒီတော့ ခရစ္စ ပြောနေတာက .... ဗြိတိသျှ အစိုးရ အနေနဲ့ စစ်ကောင်စီနဲ့ကြား သံတမန် ဆက်ဆံရေး အလုံးစုံ ဖြတ်တောက်သင့်တယ်လို့ ပြောနေတာလား .... အခု အနေအထားမှာ ဗြိတိသျှ နိုင်ငံခြားရေး ဌာနဘက်က ဘယ်လိုတွေ ပြုလုပ်လာနိုင်တယ်လို့ တွက်ဆထားလဲ .... ။ စစ်ကောင်စီ တောင်းဆိုမှုကို လိုက်လျောပြီး သံအမတ် အဆင့်အတန်း ပြန်လည် ထားရှိတာက စလို့ .... သံရုံး လုံးဝ ပိတ်ချ လိုက်တာမျိုး အထိ ဖြစ်နိုင်ခြေအမျိုးမျိုးထဲမှာ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် လမ်းကြောင်းက ဘာဖြစ်မယ်ထင်လဲဗျ ...

ခရစ္စတိုဖာဂန်းနက်စ်။ ။ ကျွန်တော် ပြောသမျှဟာ အခု ပိ(ထ)ဗိုးလ်စ် နဲ့ ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ မလိုလားအပ်တဲ့ အခြေအနေတွေဟာ ဗြိတိသျှ အစိုးရရရဲ့ မူဝါဒ မှားယွင်းခဲ့ကြောင်း ဖော်ပြနေတဲ့ သက်သေပဲလို့ ထောက်ပြနေတာ ဖြစ်ပါတယ်။

ဗြိတိသျှ အစိုးရဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ကြား အလုပ်ဖြစ်မယ့် ဆက်ဆံရေး ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံ အယူအဆကို ကိုင်စွဲခဲ့ပါတယ်။ ရန်ကုန်က ဗြိတိသျှ သံရုံးကို ပုံမှန် အတိုင်း လည်ပတ်ဖို့ သူတို့ ရည်မှန်းခဲ့ပါတယ်။ NUG နဲ့ကြား ဆက်ဆံရေး ဘယ်လိုထားမလဲ ဆိုတဲ့ ကိစ္စတွေမျိုးတွေမှာပါ ရန်ကုန် သံရုံး ပုံမှန် အနေအထား ရှိနေရေး ဆိုတာတွေနဲ့ ချိန်ဆပြီး တွက်ချက် လုပ်ဆောင် နေခဲ့တယ်လို့ ကျွန်တော် မြင်မိပါတယ်။

အခုလို ပိ(ထ)ဗိုးလ်စ် ကိစ္စ ပေါ်လာတာဟာ ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာ့အရေး ချဉ်းကပ်ပုံတွေမှာ အပြောင်းအလဲတွေ လုပ်သင့်နေပြီ ဆိုတာကို အချက်ပေး နေတာပဲလို့ သဘောပေါက်သင့်ပါတယ်။

ကျွန်တော် ကြားသိ ထားရသလောက် အခု လက်ရှိမှာလည်း ရန်ကုန် ယူကေသံရုံးမှာ သံဝန်ထမ်း အရေအတွက် အနည်းငယ်ပဲ ရှိနေပါတယ်။ လူ ၁၀ ယောက်တောင် မပြည့်ဘူးလို့ ကျွန်တော် နားလည်ထားပါတယ်။

ဒီလို အနေအထားမှာ ပိ(ထ)ဗိုးလ်စ် ပြန်ဝင်နိုင်ဖို့ အရေး အာဏာကို တရားမဝင် ရယူထားသူတွေနဲ့ကြား ဘယ်လိုတွေ ညှိမလဲ ဆိုတဲ့ အပေါ် အာရုံ အထူးစိုက်ဖို့ မထိုက်တန်ဘူးလို့ ကျွန်တော် ယူဆပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ခွင့်ပြု နိုင်တဲ့ အခြေအနေမျိုးနဲ့ ပြန်ဝင်ရသည် ဖြစ်စေ၊ ဘယ်လိုမှ ညှိမရနိုင်တာမျိုး ... လူစားထိုး စေလွှတ် ရတာမျိုး ... ဘယ်လို ရလဒ် ထွက်လာလာ ဗြိတိသျှ အစိုးရ အတွက်ကတော့ လက်ရှိ အနေအထားဟာ အရှုံးချည်း တွေ့ရမယ့် lose-lose situation ဖြစ်နေပါတယ်။

ဒီတော့ .... အခုအချိန်ဟာ ဥရောပ မဟာမိတ် နိုင်ငံတွေနဲ့ လိုက်လျာညီထွေ ရှိရှိ ... ဟန်ချက် ညီညီနဲ့ မြန်မာ့အရေး လုပ်ဆောင်တဲ့ အရွေ့ဘက်ကို ဗြိတိန် အနေနဲ့ လှမ်းလာသင့်ပါပြီ။ NUG နဲ့ လက်တွဲ ဆောင်ရွက်တာတွေ ပိုပြီး လုပ်သင့်ပြီလို့ ကျွန်တော် ယူဆပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နဲ့ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, အမေရိကန် အထက်လွှတ်တော်အမတ် ခေါင်းဆောင် မစ်ချ်မက်ကော်နယ်နဲ့ တွေ့ဆုံ

ဘီဘီစီ။ ။ အခုဆိုရင် အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ် နေတဲ့ အချိန်၊ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန် ဒီစီ မြို့တော်မှာ ရောက်နေပြီး အမေရိကန်နဲ့ အာဆီယံ နိုင်ငံခြားရေးဘက်က ထိပ်တန်းတာဝန် ရှိသူတွေနဲ့ တွေ့ဆုံတာမျိုးတွေ ပြုလုပ် နေပါတယ်။ ဒီတော့ ဗြိတိသျှ အစိုးရ ဘက်ကရော NUG နဲ့ ကြား ဘယ်လောက် အတိုင်းအတာထိ လက်တွဲ လုပ်လာဖို့ ပြင်ဆင်ထားတာကို ခရစ္စ အနေနဲ့ သတိထားမိလဲ ..

ခရစ္စတိုဖာဂန်းနက်စ်။ ။ ကျွန်တော် အစောက ပြောခဲ့သလို မြန်မာရဲ့ လက်ရှိ အကြပ်အတည်း အရှုပ်အထွေးတွေရဲ့ အများစုဟာ ကိုလိုနီပြုခဲ့သူ ဗြိတိန်ရဲ့ လက်ဆင့်ကမ်း ဆိုးမွေတွေ ဖြစ်ပါတယ်။ လူမျိုးစု အရေးတွေ၊ ပြည်ထောင်စု အရေးတွေ၊ လက်နက်ကိုင် တော်လှန်ရေးတွေ အားလုံးဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်လာခဲ့တာပါ။

ဗြိတိသျှ အစိုးရ အနေနဲ့ NUG နဲ့ကြား ဆက်ဆံရေးကို ဘယ်လောက် အတိုင်းအတာ အထိ ထားရှိမယ်၊ ဘယ်လို တည်ဆောက် သွားမယ် စတာတွေ အပေါ် သူတို့ကို တိုက်ရိုက် မေးခွန်း ထုတ်သင့်တယ်လို့ ကျနော် ထင်ပါတယ်။

ဘိုင်ဒင် အစိုးရ လက်ရှိ လုပ်ဆောင်နေတာတွေနဲ့ ထပ်တူ အတိုင်းအတာ ပမာဏမျိုး အထိ ဗြိတိန်ဘက်ကလည်း လုပ်ဆောင်လာမလား ဆိုတဲ့ အပေါ်မှာ ကျွန်တော့် အနေနဲ့တော့ သံသယ ရှိပါတယ်။ ဒီလို ပြောရတာ အကြောင်း ရှိပါတယ်။

ဗြိတိန်ဟာ မြန်မာ အရေးနဲ့ ပတ်သက်ရင် double standard လို့ ခေါ်တဲ့ တစ်နေရာမှာ တစ်မျိုး ... မတူတဲ့ စံနှုန်းတွေ ချမှတ် ကျင့်သုံးနေတယ်လို့ ကျွန်တော် ယူဆ ထားပါတယ်။

ကျွန်တော်ဟာ လက်ရှိမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု မြောက်အောင် ကျူးလွန်ထားသူတွေ အပေါ် အပြစ်ပေး အရေးယူ နိုင်ရေး အတွက် အာရုံစိုက် လုပ်နေသူ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိကြောင်း ဖော်ပြနေတဲ့ သက်သေ အထောက်အထားတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကျွန်တော်တို့ရဲ့ Myanmar Accountability Project အဖွဲ့က တင်သွင်း ထားတယ်ဆိုတာ ခင်ဗျား အသိပဲ ဖြစ်ပါတယ်။

ဒီလို ICC ထံကို လွှဲတယ် ဆိုတဲ့ ကိစ္စမျိုးတွေကို ဗြိတိသျှ အစိုးရက ဦးဆောင်ဦးရွက် လုပ်သင့်ပါတယ်။ ဗြိတိန်ဟာ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ အတွက် တိုက်တိုက်တွန်းတွန်း ဦးဆောင် လုပ်နိုင်တာတွေ ရှိပေမယ့်၊ တရုတ်နဲ့ ရုရှားတို့ကို ကျော်ဖြတ်ဖို့ ခက်တယ်ဆိုပြီး အကြောင်းပြချက် ပေးနေပါတယ်။

ဒါပေမယ့် ယူကရိန်းအရေးမှာတော့ ဗြိတိန်က ကမကထလုပ် ဦးဆောင်ပြီး အီးယူနိုင်ငံတွေ အပါအဝင် ၃၇ နိုင်ငံကို ရအောင် စုစည်းပြီး ပူတင်ကို စစ်ဆေးပေးဖို့ ICC ထံကို အမှုတင်ပါတယ်။ မြန်မာ အရေးမှာလည်း အလားတူ လုပ်ဆောင်ပါ၊ မြန်မာပြည်သူတွေ ကျူးလွန် ခံနေရတာလည်း ယူကရိန်းပြည်သူတွေလိုပါပဲလို့ ကျွန်တော်တို့က ထောက်ပြ နေတာ ဖြစ်ပါတယ်။

ပြန်ချုပ်ရရင် ဗြိတိန်ဟာ ကိုလိုနီပြုကြတဲ့ ခေတ်တုန်းက ဦးဆောင်နိုင်ငံ ဖြစ်ခဲ့သလို၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး မျက်နှာစာမှာလည်း နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရဲ့ အာဏာအရှိဆုံး အဖွဲ့အစည်း ဖြစ်တဲ့ လုံခြုံရေးကောင်စီထဲမှာလည်း အရေးပါတဲ့ နိုင်ငံ ဖြစ်ပါတယ်။

အီးယူကနေ ခွဲထွက်အပြီး ဘရက်ဆစ်လွန် ကာလမှာ ဗြိတိန်ကို နိုင်ငံတကာအလည် အရေးပါတဲ့ အဓိက နိုင်ငံတစ်ခု အဖြစ် ရပ်တည်စေမယ် ဆိုပြီး လက်ရှိ ဘောရစ်ဂျွန်ဆင် အစိုးရကလည်း သူတို့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ ရည်မှန်းချက် အဖြစ် ပြောထားတာ ရှိပါတယ်။

ဒီတော့ ... နေပြည်တော် စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး လက်သိပ်ထိုး တည်ဆောက် ချင်တာမျိုးတွေကို ဗြိတိသျှ အစိုးရ ရပ်တန့်ချိန်တန်ပြီ၊ ကျွန်တော့် အနေနဲ့ တိုက်တွန်းချင်ပါတယ်။