ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်နောက်ခံ အုပ်စိုးမှုကို ကိုင်လှုပ်ခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ
ဂျွန်နသန်ဟက်ဒ်၊ ဘန်ကောက်
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို အပြောင်းအလဲလုပ်ဖို့ တောင်းဆိုတိုက်ပွဲဝင်နေတဲ့ အတိုက်အခံပါတီ ကို ထိုင်းမဲဆန္ဒရှင်တွေက အံ့အားသင့်စရာကောင်းလောက်အောင် မဲပေးခဲ့ကြပါတယ်။
မနေ့ကအထိ အစောပိုင်းရလဒ်တွေအရ အောက်လွှတ်တော်အမတ်နေရာ ၅၀၀မှာ Move Forward - ရှေ့သို့ချီပါတီက ၁၅၁ နေရာအထိ အနိုင်ရထားပြီးပါပြီ။
ရွေးကောက်ပွဲမတိုင်ခင်က မဲအများဆုံးအနိုင်ရမယ်လို့ ရေပန်းစားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက် ဆင်ရှင်နာဝပ်ထရာရဲ့ သမီး ဦးဆောင်တဲ့ ဖူအားထိုင်းပါတီထက် ရှေ့သို့ချီပါတီက အမတ်နေရာ ၁၀ နေရာပို အနိုင်ရပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဒီရွေးကောက်ပွဲရလဒ်ဟာ ထိုင်းလူထုအမြင်ကို ကိုယ်စားပြုပြီး၊ သိသာထင်ရှားတဲ့ အပြောင်းအလဲ နိုင်ငံရေးငလျင်လှုပ်ခတ်မှုတစ်ခုလို့ လို့ ထိုင်းနိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေက ပြောကြပါတယ်။
ပြီးတော့ ဒီရွေးကောက်ပွဲရလဒ်က လက်ရှိအစိုးရရဲ့ စစ်ဘက်မဟာမိတ်ပါတီနှစ်ပါတီနဲ့ ၂၀၁၄ ခုနှစ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီး ချုပ် ပရာယွတ်ချန်အိုချာကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာလို့လည်း ပြော လို့ရ ပါတယ်။ အစိုးရညွန့်ပေါင်းအဖွဲ့က အမတ်နေရာ ၁၅ ရာခိုင်နှုန်းသာ အနိုင်ရခဲ့ပါတယ်။
“လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်ခဲ့ကြတယ်”လို့ ရှေ့သို့ချီပါတီ ခေါင်းဆောင် အသက် ၄၂ နှစ် ပီတာလင်ဂျာရိုရတ်က ဘီဘီစီကို ပြောခဲ့ပြီး “ပြီးခဲ့တဲ့ ဆယ်နှစ်မှာ ကျွန်တော်တွေ အကုန်ကြုံတွေ့ ခံစားခဲ့ကြပြီးပါပြီ ။အခုတော့ အဲ့ဒါတွေအားလုံးကို ကျော်ဖြတ်နိုင်မယ့် နေ့သစ်ကိုရောက်ပါပြီ” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးပါတီ ဖူအာထိုင်းပါတီက ရှေ့သို့ ချီပါတီ၊ အတိုက်အခံပါတီငယ် လေးပါတီနဲ့ ပူးပေါင်းဖို့ သဘောတူထားပါတယ်။ ဒါကြောင့် ပါလီမန်သစ်ထဲမှ သူတို့တွေ နေရာ ၆၀ ရာခိုင်နှုန်းကျော်ရယူနိုင်ဖို့ ရှိပါတယ်။
ဒါပေမဲ့ ဒီအရေအတွက်က မစ္စတာ ပရာယွတ်ခန့်ထားတဲ့ ရွေးကောက်စရာမလိုတဲ့ အထက်လွှတ်တော် အမတ်နေရာ ၂၅၀ ကို ယှဥ်ဖို့ မလုံလောက်သေးပါဘူး။ အဲဒီအမတ်နေရာတွေက ထိုင်းအစိုးရ ဖွဲ့စည်းရေး လွှတ်တော်ထဲမှာ မဲပေးနိုင်စွမ်းရှိနေပါတယ်။ ပြီးတော့ သူတို့တွေက ရှေ့သို့ချီပါတီရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒ တင်ပြချက်တွေကိုလည်း ပယ်ချနိုင်ခြေရှိပါတယ်။ အထူးသဖြင့် ဘုရင်ကို အကာအကွယ်ပေးတဲ့ အငြင်းပွားဖွယ် ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လာရင်ပါ။
တဖက်မှာလည်း ရွေးကောက်ပွဲအလွန် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ရဖို့ အများကြီး ရှိနေပြီး ထိုင်းစစ်တပ်နဲ့ ထိုင်းစစ်တပ် ကျောထောက်နောက်ခံတွေက အနိုင်ရပါတီတွေလက်ထဲ အာဏာ မရောက်အောင် တားဆီးနိုင်တယ် ဆိုပြီး ထိုင်းပြည်သူအများစုက စိုးရိမ်နေကြပါတယ်။
စစ်တပ် အာဏာသိမ်းတာ ဖြစ်မလာနိုင်ပေမဲ့ သူတို့ဆက်ခံခဲ့တဲ့ Future Forward ပါတီကို ၂၀၂၀ တုန်းက တရားမဝင်ဘူးဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့သလို ဖြစ်လာနိုင်ပါသေးတယ်။
နောက်မေးခွန်းတစ်ခုက ပြီးခဲ့တဲ့လွှတ်တော်ထဲမှာ တခါတရံကွဲလွဲတဲ့ ဆက်ဆံရေးတွေရှိခဲ့တဲ့ ဖူအာထိုင်းပါတီနဲ့ ရှေ့လျှောက် ဘယ်လိုလက်တွဲသွားမလဲ ဆိုတာပါ။
ဒါ့အပြင် ဟားဗတ်တက္ကသိုလ်က ဘွဲ့ရပြီး အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ရှေ့သို့ ချီပါတီခေါင်းဆောင် ပီတာအတွက် အခြားပါတီတွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရတစ်ရပ် ရေရှည်တည်တံ့ခိုင်မြဲအောင်လုပ်ရမယ့် စိန်ခေါ်မှုတွေကလည်း ရှေ့မှာစောင့်ကြိုနေပါတယ်။
ဒါပေမဲ့ အဲဒီ မသေချာမှုတွေက ထိုင်းပြည်သူတွေ ဒီမနက်နိုးလာချိန် မြင်တွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲကို သွေဖယ်သွားစေမှာ မဟုတ်ပါဘူး။
'ပရာယွတ်အစိုးရ'လက်အောက်က လွတ်မြောက်ဖို့ လိုအပ်နေတယ်ဆိုတာနဲ့ အပြောင်းအလဲကို တောင့်တနေကြတယ်ဆိုတဲ့အချက်က အခုရွေးကောက်ပွဲမှ ာမဲထည့်ခဲ့ကြတဲ့ မဲအများစုက သက် သေပြနေတယ်လို့ သမ်မာဆတ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် ပရာဂျက်ခ် ကွန်ကီရတီက ပြောပါတယ်။
"အခုရွေးကောက်ပွဲရလဒ်က အပြောင်းအလဲနဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီက ပေးထားတဲ့ ကတိကဝတ်တွေကို ထင်ထားတာထက် လူတွေက ပိုယုံကြည်ကြတယ်ဆိုတာ သက်သေပြနေတာပါ။”
“ပြည်သူ့ဆန္ဒခံယူသူများ”လို့ သူတို့ကိုယ်သူတို့ နာမည်ပေးထားတဲ့ ရှေ့သို့ချီပါတီ ထောက်ခံသူတွေက သူတို့ပါတီရဲ့အောင်မြင်မှုကို “အပြောင်းအလဲစပြီ” “ခေတ်သစ်ရဲ့ အရုဏ်ဦး” ဆိုတဲ့ သတင်းစကားတွေနဲ့ အတူ ထိုင်းလူမှုကွန်ရက်မီဒီယာပေါ်မှာ အောင်ပွဲခံနေကြပါတယ်။
မစ္စတာပီတာကိုယ်တိုင်ကလည်း ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီ လို့ တွစ်တာမှာ ရေးထားပါတယ်။
“တူညီတဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ချစ်တဲ့ ထိုင်းနိုင်ငံ ပိုကောင်းလာနိုင်တယ်လို့ အတူတူယုံကြည်နေကြတဲ့အတွက်လည်း ဒီနေ့ကစပြီး အကောင်အထည်ဖော်မယ်ဆိုရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်” လို့ ရေးထားပါတယ်။
“ဒီရွေးကောက်ပွဲက လေးနှစ်တာကာလကို ကျော်ဖြတ်ခဲ့တာလို့ပဲပြောနိုင်ပေမယ့် လူထုရဲ့ အတွေးအခေါ်ကနေ ပြန်လည်ထူထောင်ရေးနဲ့ ဒီမိုကရေစီလိုလားမှုတွေအတွက် အများကြီး ပြောင်းလဲပေးခဲ့တာပါ။ ဒီမိုကရေစီအခွင့်အရေးကို လက်လွတ်ခံလို့ မရဘူး” လို့ လည်း ရေးခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံရဲ့ ဗျူရိုကရေစီစနစ်၊ စီးပွားရေး၊ စစ်တပ်ရဲ့ အခန်းကဏ္ဍနှင့် ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ပြောင်းလဲပစ်ဖို့ တောင်းဆိုနေတဲ့ ရှေ့သို့ချီပါတီက ပြိုင်ဘက်တွေ ကို ကျော်ဖြတ်ပြီး အခုလို အမတ်နေရာအများစုအနိုင်ရလာလိမ့်မယ် အရင်က ထင်မထားကြပါဘူး။
လပေါင်းများစွာကြာတဲ့ ၂၀၂၀ ပြည့်နှစ် ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်လှုပ်ရှားမှုက ရှေ့သို့ချီပါတီ အနိုင်ရဖို့ လှုံ့ဆော်ပေးခဲ့တယ်ဆိုတဲ့အချက်ကလည်း ငြင်းမရပါဘူး။
ရှေ့သို့ချီပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတချို့ဟာ အဲ့ဒီလှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့တဲ့သူတွေပါ။ ပြီးတော့ ၂၀၂၀ခုနှစ် ဆန္ဒပြပွဲတွေမှာလိုပဲ လူငယ်တွေနဲ့ တက်ကြွစိတ်အားထက်သန်တဲ့ မဲပေးတဲ့သူတွေပါဝင်တဲ့ ရှေ့သို့ချီပါတီ ထောက်ခံတဲ့သူအများစုဟာ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့ ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲမကျင်းပမီ ရက်သတ္တပတ်တွေအတွင်းမှာ ဖြစ်လာခဲ့တဲ့ ဒီလူငယ်ပါတီကို အားသာစေးတဲ့အချက်တွေကိုလည်း မေ့ထားလို့မရပါဘူး။ ထိုင်းလူမှုကွန်ရက် မီဒီယာပေါ်မှာ A new wave of memes လို့ခေါ်တဲ့ ရှေ့သို့ချီပါတီ ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပြီး၊ ထိုင်းလူထုက ရှေ့သို့ချီပါတီရဲ့ နာမည်နဲ့ အမှတ်အသားကို သိသိသာသာ သတိထားမိခဲ့ကြပါတယ်။
အဲ့ဒီကနေ တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတွေကို သွားပြီး ရှေ့သို့ချီပါတီကို သူတို့ ထောက်ခံတယ်ဆိုတာ ထိုင်းလူထုက လက်တွေ့သက်သေပြသခဲ့ကြတာပါ။
မဲဆန္ဒရှင်တွေက သူတို့ကြိုက်နှစ်သက်တဲ့ ပါတီကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခွင့် ရွေးကောက်ပွဲ စည်းမျဥ်းတွေနဲ့ တားမြစ်ထားတာကြောင့် သူတို့ ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာ သက်သေပြနိုင်ဖို့ မဲထည့်တဲ့နည်းက တစ်ခုထဲသောနည်း ဖြစ်ခဲ့ပါတယ်။
ရှေ့သို့ချီပါတီကိုထောက်ခံတဲ့ အခြားသူတွေကလည်း သူတို့ပါတီရဲ့ အထိမ်းအမှတ် လိမ္မော်ရောင်အင်္ကျီ၊ ညှပ်ဖိနပ်တွေနဲ့ ရှူးဖိနပ်တွေဝတ်ဆင်ပြီး မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
ရှေ့သို့ချီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ပါတီရဲ့ ပြိုင်ဘက်ပါတီက လူတွေထက် အထောက်အပံ့ အရင်းအမြစ်နည်းပါးကြပြီး၊သူတို့ပြောချင်တဲ့ သတင်းစကားတွေ လူတွေထဲရောက်ဖို့ လူမှုကွန်ရက်မီဒီယာတွေ အားကိုရသလို တစ်ခါတစ်လေ စက်ဘီးတွေ အသုံးပြုတာလိုမျိုး နည်းစနစ်ဟောင်းတွေကို အသုံးပြုရပါတယ်။အဲ့ဒီအချက်တွေကပဲ သူတို့ရဲ့အမြင်တွေကို အခြားပါတီတွေထက် လူတွေကြားထဲ ရှင်းရှင်းလင်းလင်းသိစေဖို့ အကူအညီ ရခဲ့ပါတယ်။
ရှေ့သို့ချီပါတီက သူတို့ပြိုင်ဖက် ဖူအာထိုင်းပါတီလက်ထဲကနေ အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် ဆက်နွှယ်နေတဲ့ ဘယ်ပါတီနဲ့မဆို ပူးပေါင်းဖို့ကို ပယ်ချဆန့်ကျင်ခဲ့ပါတယ်။
သူတို့ ပါတီမှာ ငယ်ရွယ်တဲ့သူတွေများပြီး အတွေးအခေါ်တွေလတ်ဆတ် ရဲရင့်တဲ့အတွက် နောက်ဆုံးလွှတ်တော်ထဲမှာလည်း နာမည်ကြီးခဲ့ပါတယ်။
ပြီးတော့ အပြောင်းအလဲတွေလုပ်ဖို့ ဦးတည်ထားတဲ့ သူတို့ရည်မှန်းချက်ကလည်း လူအများစု ရဲ့ အကြိုက်ဖြစ်လာပါတယ်။ ထိုင်းနိုင်ငံလို အသက်ကြီးသူများတဲ့တိုင်းပြည်မှာ အသက် ၂၆ နှစ်အောက် မဲဆန္ဒရှင်တွေက အများကြီးမရှိပါဘူး။ မဲပေးခွင့်ရှိသူ ၅၂ သန်းမှာ ၁၄ ရာခိုင် နှုန်းပဲ ရှိပါတယ်။
ဒါပေမယ့် သူတို့က အသက်ကြီးတဲ့ မဲဆန္ဒရှင်တွေကို သူတို့အတွက်ပိုကောင်းတဲ့ အနာဂတ် ချန်ရစ်ပေးခဲ့ပါဆိုတဲ့အချက်ကို ထောက်ပြပြီး အသက်ကြီးတဲ့ မဲဆန္ဒရှင်တွေကို ခက်ခက်ခဲခဲ စည်းရုံးပေးခဲ့ကြပါတယ်။
လတ်တလော မေးခွန်းကတော့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လူထုက သူတို့ကိုမဲပေးလိုက်ပေမဲ့ ပြုပြင်ပြောင်းလဲရေးပါတီနှစ်ပါတီပေါင်းပြီး အစိုးရဖွဲ့ခွင့်ရှိမလားဆိုတဲ့ မေးခွန်းပါ။
မစ္စတာပီတာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကောင်းမြင်မှုတွေ သူ့မှာ ရှိနေတယ်လို့ တနင်္လာနေ့ မီဒီယာတွေနဲ့တွေ့တဲ့အချိန်မှာ ပြောခဲ့ပါတယ်။
“ဒီရွေးကောက်ပွဲမှာ အများစုက သူတို့ဆန္ဒကိုထုတ်ဖော်မဲပေးထားတာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် လူနည်းစုအစိုးရဖွဲ့ဖို့ တွေးနေတဲ့သူအတွက် အခုအချိန်က အတော်လေးအလှမ်းဝေးနေပါပြီ”လို့ သူက ဆိုပါတယ်။
“အဲ့လိုကိစ္စမျိုးဖြစ်လာမှာကိုလည်း ထိုင်းပြည်သူတွေ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။”
ဒီသတင်းဆောင်းပါးထဲမှာ သန်ရာရတ်ဒွတ်ခ်ဆိုနီရဲ့ ဖြည့်စွက်သတင်းပေးပို့မှုတွေလည်း ပါဝင်ပါတယ်။