ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒလိုင်လားမားကို ဂရမ်မီဆုပေးတာဟာ နိုင်ငံရေးအသုံးချတာလို့ တရုတ်စွပ်စွဲ
- ရေးသားသူ, ဒတ်ဂ် ဖော်လ်ကာ
- ဖတ်ရန်အချိန်: မိနစ် ၁
တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားကို ဂရမ်မီဆု ချီးမြှင့်လိုက်တာဟာ တရုတ် ဆန့်ကျင်တဲ့ နိုင်ငံရေး အသုံးချမှု တစ်ခု ဖြစ်တယ်ဆိုပြီး တရုတ်အစိုးရက ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။
တရားထိုင်ခြင်းနဲ့ပတ်သက်ပြီး ဆရာတော်ကြီး ဒလိုင်း လားမားရဲ့ကိုယ်တွေ့တရားများအကြောင်း(Meditations: The Reflections of His Holiness the Dalai Lama) လို့ အမည်ပေးထားတဲ့ အသံစာအုပ်နဲ့ ဂရမ်မီဆု ချီးမြှင့်ခံရတာဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဒလိုင်လားမားက ဒီဆုကို သူ ကျေးဇူးတင်စွာ၊ ရိုကျိုးနှိမ့်ချစွာ လက်ခံခဲ့ပါတယ်လို့ ပြောပါတယ်။
သက်တော် ၉၀ အရွယ် ဘုန်းတော်ကြီး ဒလိုင်လားမား ဟာ ၁၉၅၉ ခုနှစ်ကတည်းကစလို့ သူ့ဇာတိ တိဘက်ပြည်နယ်ကနေ ထွက်ပြေးပြီး ပြည်ပမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။ သူ့ကို ခွဲထွက်ရေးသူပုန် တစ်ဦးအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင် ဂျန်းက "အနုပညာဆုတွေကို တရုတ်ဆန့်ကျင်ဖို့ နိုင်ငံရေးလက်နက်တစ်ခုအနေနဲ့ အသုံးချနေတဲ့သူတွေကို ကျွန်တော်တို့ အခိုင်အမာ ကန့်ကွက်ပါတယ်။ ဒီရပ်တည်ချက်ကို အမြဲ တသမတ်တည်း ပြတ်ပြတ်သားသား ကိုင်စွဲသွားမှာပါ" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လူထုအုံကြွ ဆန္ဒပြမှုကို တရုတ်တပ်ဖွဲ့ဝင်တွေက ဖိနှိပ်ချေမှုန်းခဲ့အပြီးမှာ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမား ဟာ အသက်အန္တရာယ် စိုးရိမ်မိတာကြောင့် တရုတ်နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။ အခုအခါ အိန္ဒိယနိုင်ငံ ဒါရမ်ရှလာ မှာ သီတင်းသုံး နေထိုင်နေပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမား ဟာ တိဘက်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပေးဖို့ တောင်းဆိုလှုပ်ရှားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ တိဘက်ပြည်ကို တရုတ်ရဲ့ တစိတ်တပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တဲ့ ဘုန်းတော်ကြီး ဒလိုင်လားမား က "ဒီဆုကို ကျေးဇူးတင်စွာ၊ ရိုကျိုးနှိမ့်ချစွာ သူလက်ခံရခဲ့ပါကြောင်း" ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားပါတယ်။
"ဒီဆုက ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တယ်လို့ မယူဆပါဘူး။ ဒါပေမဲ့ ကမ္ဘာတဝန်းရဲ့ တာဝန်ကို မျှဝေလုပ်ဆောင်တာအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာလို့ ယူဆပါတယ်။"
အဲဒီ အသံစာအုပ်ထဲမှာ တခြားအနုပညာရှင်တွေနဲ့ အတူ ဖော်ပြခံရတဲ့ ဂီတပညာရှင် ရူဖပ်စ် ဝိန်းရိုက်က ဒီဆုကို ဘုန်းတော်ကြီး ဒလိုင်လားမား ကိုယ်စား လက်ခံယူခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒလိုင်လားမားက သူ့နေရာ ဆက်ခံမယ့်ပုဂ္ဂိုလ် ရွေးချယ်ဖို့ အစီအစဉ်ကို အတည်ပြုခဲ့တဲ့အတွက် တရုတ်အစိုးရနဲ့ နောက်ထပ် အဆင်မပြေ ဖြစ်ခဲ့ပါတယ်။
တိဘက် ဗုဒ္ဓဘာသာ အစဉ်အလာအရ ဒလိုင်လားမား ပျံလွန်တော်မူပြီးရင် ပြန်ဝင်စားတဲ့ ဒလိုင်လားမားကို ရွေးချယ်ရလေ့ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံရေးအာဏာပိုင်တွေနဲ့ မသက်ဆိုင်ဘဲ ဘာသာရေးထုံးတမ်း အစဉ်အလာအရသာ ထဲထဲဝင်ဝင်လုပ်ဆောင်လေ့ ရှိကြပါတယ်။
တရုတ်အစိုးရ တာဝန်ရှိသူတွေကတော့ ဒလိုင်လားမား အရိုက်အရာ ဆက်ခံသူ ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို တရုတ်အစိုးရ သတ်မှတ်တဲ့ စည်းမျဉ်းဥပဒေ၊ ဘာသာရေးထုံးစံနဲ့ သမိုင်းဝင်သဘောတူချက်တွေအတိုင်းသာ လိုက်နာလုပ်ဆောင်ရမယ်၊ တရုတ်အစိုးရရဲ့ အတည်ပြုချက် ယူကိုယူရမယ်လို့ အခိုင်အမာ ပြောနေပါတယ်။
ဒီကြေညာချက်ကြောင့် တရုတ်အစိုးရဟာ ၁၉၅၀ ခုနှစ်က သူတို့သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်ကတည်းက အုပ်ချုပ်လာခဲ့တဲ့ တိဘက်နယ်မှာ ထိန်းချုပ်မှုတွေ ပိုတင်းကျပ်ဖို့အတွက် ဒလိုင်လားမားအရိုက်အရာ ဆက်ခံသူကို သူတို့စိတ်ကြိုက် ရွေးချယ်ဖို့ ကြိုးစားလိမ့်မယ် ဆိုပြီး ပြည်ပရောက် တိဘက်လူမျိုးတွေအကြား စိုးရိမ်မှုတွေ ပေါ်ထွက်လာစေပါတယ်။