ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၇ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - UFC Flyweight ချန်ပီယံ Joshua Van
UFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျော့ရှုဝါဗန်က လက်ရှိ ချန်ပီယံ ပန်တိုဂျာကို ဒိုင်အနားပေးနဲ့ အနိုင်ရရှိသွားပါပြီ။
ပန်တိုဂျာဟာ ပွဲစအပြီး စက္ကန့်ပိုင်းအကြာမှာပဲ လက်တံ တောင်ဆစ် လွဲသွားခဲ့ပြီး ဒိုင်အနားပေးခံခဲ့ရတာပါ။
ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး Flyweight ခါးပတ်ချန်ပီယံ ဖြစ်လာခဲ့ပါပြီ။
ဂျော့ရှုဝါဗန် နဲ့ ပန်တိုဂျာတို့ဟာ UFC 323 ပြိုင်ပွဲ ရဲ့ ဒုတိယခေါင်ပွဲအစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။
ချန်ပီယံ ခါးပတ် ၄ ကြိမ်တိုင်တိုင် ကာကွယ်လာပြီးတဲ့နောက် မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် နဲ့ တွေ့တဲ့အချိန်မှာ ပန်တိုဂျာက သူ့ရဲ့ ချန်ပီယံခါးပတ် ကို လက်လွှတ်ခဲ့ရတာပါ။
UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာတဲ့ ဂျော့ရှုဝါ ဗန်က သူ ပူပူနွေးနွေးရရှိထားတဲ့ ချန်ပီယံခါးပတ်ကို ဆက်ပြီး ကာကွယ်မယ်လို့ ပြောပါတယ်။
''ကျွန်တော့်နာမည်မှာ မကြောက်ရွံ့ဘူးဆိုတဲ့နာမည် ပါထားပြီးသား။ ဒီတော့ ဘယ်သူပဲ လာလာ၊ ချန်ပီယံဆို ကျွန်တော် ဆက်ထိန်းမယ်'' လို့ သူက ထိုးသတ်ပြီးချိန် ကြိုးဝိုင်းထဲမှာပဲ ပြောသွားတာပါ။
ကမ္ဘာတဝန်းပရိသတ် အခိုင်အမာရှိပြီး ထင်ရှားကျော်ကြားလှတဲ့ UFC သမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာဖိုက်တာ တစ်ဦး ချန်ပီယံဖြစ်လာတာပါ။
UFC မှာ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာလည်း မြန်မာကိုယ်စားပြု ဖိုက်တာ ဂျော့ရှုဝါဗန်က ပထမဆုံး ချန်ပီယံ ဖြစ်လာတာပါ။
ဗိုလ်ချုပ်စောနယ်ဒါးမြ စက်တပ်လေထီး စီးပြပြီးတဲ့နောက် KTLA စခန်းအနီး ကာမီကာဇေ ဒရုန်းတွေကျ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲ ကော်သူးလေတပ်မတော်(KTLA) လှုပ်ရှားတဲ့ကျေးရွာအနီးကို စစ်တပ်ရဲ့ အသေခံဒရုန်း (ကာမီကာဇေ ဒရုန်း) တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ KTLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်တွင်း လေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ စက်တပ်လေထီးလို လေထီးတစ်စီးကို ကော်သူးလေတပ်မတော်(KTLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက ပြီးခဲ့တဲ့ရက်ပိုင်းက စီးပြခဲ့အပြီးမှာ စခန်းအနီးကို ဒရုန်းတွေ ကျခဲ့တာလို့ KTLA တာဝန်ရှိသူက ပြောပါတယ်။
စခန်းအနီး ကျေးရွာထဲကို ကာမီကာဇေဒရုန်း လေးစင်း ကျခဲ့တာဖြစ်ပြီး စစ်တပ်သုံးတဲ့ ကာမီကာဇေဒရုန်းအမျိုးအစားလို့ သူက စွပ်စွဲပြောဆိုပါတယ်။
"စခန်းငယ်နားမှာတော့ စစ်ရေးတင်းမာမှုမရှိပါဘူး။ တိုက်ပွဲမရှိပဲ လာရောက်တိုက်ခိုက်တာပါ။ မနက်ပိုင်း ကျွန်တော်တို့ သွားကြည့်တော့ ဒရုန်း အပျက်အစီးများကို တွေ့ရတယ်ဗျ။ ရွာအပြင်မို့ ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူး" လို့ KTLA တာဝန်ရှိသူ က ပြောပါတယ်။
KTLA စစ်ဦးစီးချုပ်က ပါရာမော်တာ စမ်းသပ်မောင်းပြတဲ့ ရုပ်သံဖိုင်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ KTLA လူမှု့ကွန်ရက် စာ မက်နှာမှာ တင်ခဲ့တာပါ။ ဒီရုပ်သံထုတ်လွှင့်ပြီး စခန်းအနီး ကျေးရွာထဲကို ဒရုန်းတွေ ကျခဲ့တာလို့ KTLA ထံကနေ သိရပါတယ်။
ပါရာမော်တာ စမ်းသပ်မောင်းနှင်ခဲ့တဲ့ နေရာကို KTLA က ထုတ်မပြောပါဘူး။ ဒါပေမယ့် ဒီတိုက်ခိုက်မှုဟာ စစ်ဦးစီးချုပ်ရဲ့ ပါရာမော်တာ စမ်းသပ်မောင်းနှင်မှုနဲ့ သက်ဆိုင်နိုင်တယ်လို့ KTLA က သုံးသပ်ပါတယ်။
KTLA က ပြောတဲ့ ပျက်ကျခဲ့တယ်ဆိုတဲ့ဒရုန်းတွေဟာ စစ်တပ်ရဲ့ ကာမီကာဇေ ဒရုန်းတွေလားဆိုတာ ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
KTLA ဟာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေအားလုံးထဲမှာ စက်တပ်လေထီးကို ပထမဆုံး မောင်းနှင် အသုံးပြုလာနိုင်တဲ့ အဖွဲ့တစ်ခု ဖြစ်လာတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
KTLA ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KNDO)ကနေ ထုတ်ပယ်ခံခဲ့ရသူ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ၂၀၂၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ တပ်တော်ဝင်ပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဝိသမစီးပွားရှာနေသူတွေက လေကြောင်းဆိုင်ရာ အရင်းမြစ်တွေကို ပိုင်ဆိုင်အသုံးပြုနိုင်အောင် ကြိုးစားလာနေတယ်လို့ ပြောထားပါတယ်။
မြဝတီမြို့က ချစ်ကြည်ရေးတံတား ၁ အနီး ဗုံးကျရောက်ပေါက်ကွဲ
ကရင်ပြည်နယ်၊ မြဝတီမြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအနီးက သိန်းသန်းစတိုးအနီးတဝိုက်မှာ ဒရုန်းနဲ့ ချတဲ့ ဗုံး တစ်လုံး မနေ့ညတုန်းက ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်၊ ည ၁၀ နာရီဝန်းကျင် က မြဝတီမြို့၊ အမှတ် ၁ ရပ်ကွက်က ဘုရင့်နောင်လမ်း နဲ့ ပတ္တမြားလမ်းဆုံရာနေရာကို ဗုံးကျရောက် ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်အပြီး အခြေအနေကို ရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာတော့ ဗုံးစတွေဟာ အနီးနားက CB ဘဏ်အဆောက်အဦကိုလည်း ထိမှန်သွားတာတွေ့ ရပါတယ်။
မြဝတီမြို့ကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး ကရင်နယ်ခြားစောင့်တပ်အပြင် ငြိမ်းချမ်းရေးယူထားတဲ့ တခြားကရင်လက်နက်ကိုင်အဖွဲ့တွေလည်း ဆက်ဆံရေးရုံးတွေ ဖွင့်ထားပါတယ်။
ဒါပေမဲ့ အခုလို ဒရုန်းနဲ့ဗုံးချခဲ့တာကို ဘယ်အဖွဲ့အစည်းကပြုလုပ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
"ဒီအချိန်မှာ ရှုပ်ထွေးမှုတွေရှိတော့ တစ်ဖက်နဲ့ တစ်ဖက် အပြည့်အဝ ယုံကြည်မှုမရှိတော့ ဘယ်သူဘယ်ဝါလုပ်မှန်းလည်း မသိလိုက်ဘူး" လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)က သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒါပေမဲ့ မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံ ဒေသထဲမှာတော့ စစ်ကော်မရှင်တပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ရှိနေပါတယ်။
လက်ရှိ စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်က နာမည်ကျော် ဖလူးစခန်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
နောက်ပြီး မြဝတီမြို့နယ် တောင်ပိုင်းက မင်းလက်ပံ ရွာအနီးမှာ လည်း စစ်တပ် နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့အကြားတိုက်ပွဲ တွေ ပြင်းထန်နေပြီး စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးတွေ ထိုင်းဘက်ခြမ်းကို ကျရောက်ပေါက်ကွဲတာတွေလည်း ရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မင်းလက်ပံအခြေအနေက ထိုင်း- မြန်မာ နှစ်ဖက်စလုံးအတွက် အလွန်အမင်းစိုးရိမ်စရာလို့ KNU ပြော
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံ ဒေသ အခြေအနေဟာ ထိုင်း - မြန်မာ နှစ်ဖက်စလုံးက လူတွေအတွက် အလွန်အမင်းစိုးရိမ်စရာ အခြေအနေကို ရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စာထုတ်လာပါတယ်။
ဒီဇင်ဘာ ၅ ရက်မှာ မင်းလက်ပံကို စစ်တပ်ပစ်လိုက်တယ်ဆိုတဲ့ လက်နက်ကြီးတွေထဲက ကျည် ၃ သုံးလုံးဟာ သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့တာ၊ ဒီဇင်ဘာ ၆ ရက်မှာ စစ်တပ် လက်နက်ကြီး နှစ်လုံးက နိုင်ငံခြားသား ရာနဲ့ချီရှိနေတဲ့ Shunda Park အွန်လိုင်းငွေလိမ်ခြံဝင်းထဲ ကျခဲ့တာတွေကို ထောက်ပြပြီး KNU က အခုလို ပြောလာတာဖြစ်ပါတယ်။
မင်းလက်ပံရွာက Shunda Park အွန်လိုင်းငွေလိမ်ခြံဝင်းဟာ KNU အွန်လိုင်းငွေလိမ် တိုက်ဖျက်ရေးအဖွဲ့တွေ စီးနင်းထားတဲ့ဝင်းဖြစ်ပြီး အဲဒီဝင်းထဲက နိုင်ငံခြားသား ၉၀၀ ကျော်ဟာ ခြံဝင်းကနေ ထွက်ခွာဖို့ ငြင်းဆိုနေဆဲလို့ KNU က ဒီဇင်ဘာ ၆ ရက်ညပိုင်းမှာ သတင်းထုတ်ပါတယ်။
အဲဒီခြံဝင်းထဲကို ကျတဲ့လက်နက်ကြီးကျည်ကြောင့် KNU ရဲ့ မြေပြင် အရပ်သား အကဲဖြတ် အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
မနေ့တစ်ရက်တည်း မင်းလက်ပံကို ကျရောက်ပေါက်ကွဲတဲ့လက်နက်ကြီးကြောင့် စစ်ရှောင် နှစ်ဦး သေဆုံးသွားတယ်လို့ စစ်ရေးသတင်း အရင်းအမြစ်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါတွေဖြစ်တယ်ဆိုတာ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က မင်းလက်ပံရွာကို ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ထိုင်းဘက်ကို ကျရောက် ခဲ့တယ်ဆိုတာကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နဲ့ နီးစပ်သူကလည်း ပြောပါတယ်။
"သူတို့ပစ်တာက အဲ့ဘက်ကို သေနတ်ပြောင်း တည်တာများတယ်။ သူက မင်းလက်ပံ သင်္ချိုင်းကုန်းတို့၊ ရွာတို့၊ ကမ်းနားတို့ကို ဦးတည်ပြီးပစ်တော့ ထိုင်းဘက်ခြမ်းကို ကျတာ" လို့ DKBA သတင်းအရင်းမြစ်တစ်ဦး ကပြောပါတယ်။
လက်ရှိ မြဝတီကနေ လေးကေ့ကော်၊ မယ်ဝါခီး၊ မင်းလက်ပံ သွားတဲ့ လမ်းကြောင်းတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်က KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်က နာမည်ကျော် ဖလူးစခန်းကို ပြန်သိမ်းပိုက် ဖို့ အခုလို စစ်ကြောင်းထိုးနေတာလို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။
" ဖလူးစခန်းကို ဘယ်နေ့အရောက် ဆိုပြီး စီမံချက်တွေနဲ့ သူတို့တိုက်နေတာ။ သူတို့ရည်ရွယ်ချက်က တော့ ဝေါလေမှာ သူတို့ vဗျူဟာ ကျန်သေးတယ်၊ အဲဒီအထိ သွားဖို့ ရည်ရွယ်တာ။ တော်ရုံတန်ရုံ သွားဖို့ တော့ မလွယ်ဘူး" လို့ DKBA စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
အခုလို ထိုင်း-မြန်မာနယ်စပ်မှာ စစ်တပ် နဲ့ KNLA ပူးပေါင်းတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ထိုင်းဘက်ခြမ်းကို လက်နက်ကြီး ကျရောက်မှုတွေ နောက်ထပ်ဖြစ်လာခဲ့ရင် စည်းမျဉ်း စည်းကမ်းအတိုင်း တုံ့ပြန်သွားမယ်လို့ လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က မနေ့က ပြောထားပါတယ်။
မြန်မာစစ်တပ်ကတော့ မင်းလက်ပံက အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တအာင်းပြည်ကောင်စီ တိုက်တွန်း
စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် စည်းစည်းလုံးလုံးနဲ့ ဆက်တွန်းလှန်ဖို့ တအာင်းပြည်ကောင်စီ (TLC)က တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၇ ရက်မှာကျရောက်တဲ့ တအာင်းနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြောင်း ပေးပို့တဲ့သဝဏ်လွှာမှာ တအာင်းပြည်ကောင်စီက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
တအာင်းပြည်ကောင်စီမှာ တအာင်း စစ်ဘက်၊ အရပ်ဘက်နဲ့ ပါတီ ကိုယ်စားပြုသူတွေ ပါဝင်ပါတယ်။
ဒီကောင်စီကို ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ်နယ်မြေတွေကို အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ဖို့ ဇွန်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကနေ ဦးဆောင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး တအာင်းပြည်တော်လှန်ရေးကာလမှာ အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
တအာင်းပြည်ကောင်စီကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုဟာ စစ်တပ်ရဲ့နည်းမျိုးစုံ ရက်စက်မှုဒဏ်အပြင် သဘာဝဘေးနဲ့ စစ်ဘေးကိုပါကြုံရပြီး အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ သူတို့ထုတ်ပြန်ချက်ထဲ ထည့်ပြောပါတယ်။
ဒါကြောင့် လူထုအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့အတူ ဆန့်ကျင်ဖို့ တအာင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။