အင်ဒိုနီးရှားဝေဟင်မှာ လေယာဉ်တွေနဲ့ စွန်တွေ နေရာလုနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ခိုအွေးနဲ့ ဟန်နာ ဆမိုဆီယာ
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူနဲ့ ဂျာကာတာ
ဂျာကာတာမြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကနေ နှစ်ကီလိုမီတာအကွာမှာ ရှိတဲ့ လယ်ကွင်းတစ်ခုရဲ့ ဝေဟင်မှာ ဝဲနေတဲ့ စွန်တွေရဲ့ တဖျတ်ဖျတ် လွင့်နေသံတွေကို လေယာဉ် အင်ဂျင်စက်တွေရဲ့ အသံတွေက ဝါးမျို ဖုံးလွမ်းသွားနေပါတယ်။
အဲဒီလယ်ကွင်းမှာ စွန်တွေကို ကြိုးနဲ့ဆွဲပြီး လွှတ်နေတာက ကလေးငယ်အုပ်စုတစ်စု ဖြစ်ပါတယ်။ သူတို့ရဲ့ လည်ပင်းတွေက ဝေဟင်ပေါ်ကို မော့နေပေမဲ့ မျက်လုံးတွေကတော့ သူတို့ရဲ့ စွန်တွေကို လာသိမ်းပြီး သူတို့ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်မယ့် လေဆိပ် ကင်းလှည့်တာဝန်ရှိသူတွေ ရောက်လာမှာကို မပြတ်စောင့်ကြည့်နေကြပါတယ်။
"အရင်တုန်းက ကင်းလှည့်အရာရှိ ရောက်လာရင် ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေ ထွက်ပြေးကြတယ်။ အခုတော့ ကျွန်တော် ပိုသတ္တိရှိလာပြီ။ သူတို့ဆူရင် အဆူခံလိုက်တယ်" လို့ လယ်ကွင်းထဲမှာ စွန်လွှတ်နေတဲ့ ကလေးတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၇ နှစ်အရွယ် အတစ်ဖ် က ဘီဘီစီကို ပြောပြပါတယ်။
"ကျွန်တော့်စွန် အသိမ်းခံရရင် စိတ်မကောင်းဖြစ်မိပေမဲ့ နောက်စွန်တစ်ခု ပြန်လုပ်နိုင်တာပဲလေ။"
လေဆိပ် အာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လူကြိုက်အများဆုံး ပျော်စရာကစားနည်းတစ်ခုဖြစ်တဲ့ စွန်လွှတ်သူတွေ အကြား အပြိုင်အဆိုင် အနိုင်လုနေပုံကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စွန်လွှတ်တာက လူကြိုက်များ ရေပန်းစားပါတယ်။ အထူးသဖြင့် ကျောင်းသားတွေ နွေရာသီ ကျောင်းပိတ်ချိန် နှစ်စဉ် အခုလို ရာသီမျိုးမှာ စွန်လွှတ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ စွန်တွေက လေယာဉ်ရဲ့ ဆင်ဆာကို ပိတ်ဆို့တာမျိုး ဒါမှမဟုတ် လေယာဉ် အင်ဂျင်စက်ထဲ သွားချိတ်မိတာမျိုးတွေ ဖြစ်ရင် အန္တရာယ်ရှိလာနိုင်တယ် ဆိုပြီး စွန်လွှတ်တာနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ အစောပိုင်း သုံးရက်တာ ကာလအတွင်း လယ်ကွင်းတွေနားက လေဆိပ်တစ်ခု ဖြစ်တဲ့ ဆိုကာနို ဟက်တာ နိုင်ငံတကာလေဆိပ်မှာ စွန်တွေကြောင့် လေယာဉ်ခရီးစဉ် ၂၁ ခု ထိခိုက်ခဲ့ရတယ်လို့ AirNav Indonesia လေကြောင်း အသွားအလာ ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။
စွန်တွေအနား ပျံသန်းဖို့ အန္တရာယ်ရှိလွန်းတယ်ဆိုပြီး လေယာဉ်တချို့ကို နောက်လေဆိပ်တစ်ခုဆီ ပြောင်းဆင်းသက်ခိုင်းခဲ့ရသလို တချို့ကတော့ လေယာဉ် မဆင်းသက်ဘဲ ပြန်လှည့်သွားခဲ့ပါတယ်။
စွန်တွေဟာ လေယာဉ်တွေအတွက် ရွေ့လျားနေတဲ့ အတားအဆီးတွေဖြစ်ပြီး လေယာဉ်ခရီးစဉ် ဘေးကင်းလုံခြုံမှုအတွက် ကြီးမားတဲ့ အန္တရာယ်တစ်ခု ဖြစ်တယ်လို့ ဆိုတာနို ဟက်တာ နိုင်ငံတကာလေဆိပ် အာဏာပိုင်အဖွဲ့ရဲ့ အကြီးအကဲ ပူတူး အီကာ ကယာဒီ က ဘီဘီစီကို ပြောပါတယ်။
"မတော်တဆ ဖြစ်ရပ်တွေ မဖြစ်လာစေချင်ဘူး "လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Haryo Bangun Wirawan/BBC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလို စိုးရိမ်မှုမျိုးတွေက အခြေအမြစ် မရှိတာတော့ မဟုတ်ပါဘူး။
၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းက ဘာလီမှာ စွန်ကြိုးငြိပြီး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာမှာ ရဟတ်ယာဉ်ပေါ် ပါလာတဲ့ အင်ဒိုနီးရှားလူမျိုး ၃ ဦးနဲ့ သြစတြေးလျလူမျိုး နှစ်ဦး ဒဏ်ရာရသွားခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လတုန်းကလည်း ဆိုကာနို ဟက်တာ ကို ဆိုက်ရောက်လာတဲ့ လေယာဉ်တစ်စင်းရဲ့ အင်ဂျင်စက်ထဲမှာ စွန်ကြိုးတွေနဲ့ ဝါးချောင်းတွေကို တွေ့ခဲ့ရပါတယ်။
အဲဒီလေယာဉ် ဘာမှမဖြစ်ဘဲ ဆင်းသက်နိုင်ခဲ့ပေမဲ့ ဒီဖြစ်ရပ်ကြောင့် လေယာဉ်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်အပြီး နောက်တစ်လမှာတော့ လေဆိပ်နားမှာ စွန်လွှတ်တာတွေကို ခြေရာခံလိုက်လံတားဆီးဖို့ လေဆိပ်အာဏာပိုင်းတွေက အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ငါးနှစ်ကြာလာအပြီး အခုအခါမှာလည်း ဒီပြဿနာက ဆက်ရှိနေဆဲပါ။ ဇူလိုင်လတုန်းက သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒူဒီ ပူရဝါဂန်ဒိ က ဒီစွန်တွေကြောင့် လေယာဉ်တွေအပေါ် အန္တရာယ်မကျရောက်အောင် အတတ်နိုင်ဆုံး တားဆီးကာကွယ်ဖို့ အင်ဒိုနီးရှားနိုင်ငံတဝန်းက လေဆိပ်အာဏာပိုင်တွေနဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။
"ဒါက ပျော်စရာကစားနည်းတစ်ခု ဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ လေယာဉ်တွေအပေါ် အန္တရာယ် ကျရောက်စေနိုင်မယ့် ပြုမူလှုပ်ရှားမှုတွေမှာ လူထု ဒါမှမဟုတ် ကလေးငယ်တွေ မပါဝင်အောင် တားဆီးနိုင်ရေးကို ပညာပေးဖို့လည်း လိုအပ်နေပါတယ်" လို့ မစ္စတာ ပူတူးက ပြောပါတယ်။
သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကလေးတွေကို တခြားအားကစားတွေဘက် အာရုံပြောင်းအောင်လုပ်တဲ့အနေနဲ့ ဘောလုံးတွေ၊ ကြက်တောင်ရိုက်တံတွေ ပေးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ဒါပေမဲ့ စွန်လွှတ်တာက အင်ဒိုနီးရှား ရိုးရာယဉ်ကျေးမှုကနေ ခွဲထုတ်လို့မရလောက်အောင်ကို စွဲဝင်နေပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ထုံးစံအရ စွန်တွေကို အရွက်တွေ၊ ရောင်စုံစက္ကူတွေ၊ ဒါမှမဟုတ် အဝတ်တွေနဲ့ ဖန်တီးပြုလုပ်လေ့ရှိပြီး စွန်လွှတ်တဲ့ အကြောင်းရင်းတွေကလည်း အမျိုးမျိုး ရှိပါတယ်။
စပါးခင်း ရိတ်သိမ်းတဲ့ပွဲကစလို့ စိုက်ခင်းတွေကနေ ငှက်တွေကို မောင်းထုတ်ဖို့ ဒါမှမဟုတ် ဘာလီမှာဆိုရင် ဘုရားဝတ်ပြုတဲ့ ဆုတောင်းပွဲမျိုးအနေနဲ့ စွန်လွှတ်လေ့ ရှိကြပါတယ်။
"စွန်လွှတ်တာက ရှေးဘိုးဘေးဘီဘင် အဆက်အဆက်ကတည်းကစလို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း လုပ်လာကြတာပါ၊ အင်ဒိုနီးရှားနိုင်ငံက ဒေသတိုင်းနီးပါးလိုလိုမှာ စွန်လွှတ်တဲ့ ရိုးရာဓလေ့တစ်ခု ရှိကြပါတယ်" လို့ အင်ဒိုနီးရှား စွန်ပြတိုက်က ကျွမ်းကျင်သူ အဆက်ပ် အီရာဝမ် က ပြောပါတယ်။
"ဒါပေမဲ့ သတိထားဖို့ တော့ လိုပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ဆိုရင်ပေါ့။ သူတို့က စွန်ပဲ လွှတ်ချင်ပြီး ဖြစ်လာမယ့် အန္တရာယ်ကို မမြင်ကြပါဘူး။"

ဓာတ်ပုံ ရင်းမြစ်, Haryo Bangun Wirawan/BBC
လေဆိပ်နားတစ်ဝိုက်မှာ စွန်၊ ဒရုန်း ဒါမှမဟုတ် အန္တရာယ်ဖြစ်စေနိုင်တာ တစ်ခုခု လွှတ်ပျံနေတာကို ဖမ်းဆီးမိရင် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် အင်ဒိုနီးရှား ရူပီးယား တစ်ဘီလျံ (ဒေါ်လာ ၆၁၀၀၀ )ဒဏ်ကြေးချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ စွန်တွေကြောင့် အန္တရာယ်ဖြစ်စေနိုင်တာက လေယာဉ်ကွင်းတွေပေါ်မှာတင် မဟုတ်ပါဘူး။
လူနေထူထပ်တဲ့ နေရာတွေမှာလည်း စွန်တွေက အသက်အန္တရာယ် ဖြစ်နိုင်လောက်အောင် အာရုံလွင့်ပျံ့မှုတွေ ဖြစ်စေနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဂျာကာတာမြို့ တောင်ဘက် ဒီပေါ့ခ်မြို့မှာ စွန်လွှတ်ရင်း လမ်းမတစ်ခုပေါ် ရောက်လာရာကနေ အသက် ၈ နှစ်အရွယ်ကောင်လေးတစ်ဦး သေဆုံးခဲ့ရပါတယ်။ စွန်နောက်ပြေးလိုက်နေတုန်း ကားတိုက်ခံခဲ့ရတာလို့ ရဲက ယူဆပါတယ်။
၂၀၂၀ ခုနှစ်တုန်းကလည်း ဘာလီမှာ စွန်ကြိုးပြတ်ပြီး ဓာတ်အားပေး စက်ရုံခွဲတစ်ခုပေါ် စွန်ကျခဲ့တဲ့အတွက် နေအိမ် အဆောက်အအုံ ၇၀၀၀၀ ကျော် နာရီပေါင်းများစွာ မီးပြတ်သွားခဲ့တဲ့အတွက် အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။
ဆိုကာနို ဟက်တာ လေဆိပ်နားက စပါးခင်း လယ်ကွင်းမှာ စွန်လွှတ်နေကြတဲ့ ကလေးတွေကတော့ လေယာဉ်တွေ ထိခိုက်အောင် လုပ်ဖို့ သူတို့ မရည်ရွယ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ စွန်လွှတ်နိုင်မယ့် နေရာကောင်းကောင်း ရှာတွေ့ဖို့ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
ဂျာကာတာမြို့မှာ ယာဉ်အသွားအလာ ပြည့်ကျပ်နေတဲ့ လမ်းမတွေနဲ့ တိုက်ခန်းတွဲတွေအတွက် ချဲ့ထွင်ဖို့ကွင်းပြင်တွေ၊ တောအုပ်တွေကို ရှင်းလင်းခဲ့ရတာမို့ ၂၀၀၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အတွင်း မြို့ပြ စိမ်းလန်းသစ်တောဧရိယာ ၃၁ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။
"ဒီနားတဝိုက် စွန်လွှတ်နိုင်မယ့် တခြားနေရာ မရှိပါဘူး။" လို့ စွန်တွေ လုပ်ရောင်းတဲ့ အသက် ၁၇ နှစ်အရွယ် ရာရှာ က ပြောပါတယ်။ "နေရာတစ်နေရာတော့ ရှိပါတယ်။ ဒါပေမဲ့ လေဆိပ်နဲ့ အရမ်းကို ကပ်နေတုန်းပါပဲ။ စွန်လွှတ်ဖို့ တခြား ဘယ်နေရာမှ မရှိပါဘူး"
ဒီလယ်ကွင်းဟာ အခုအခါ စွန်လွှတ်ဝါသနာပါသူ အသိုင်းအဝိုင်းတွေ ဆုံစည်းရာ နေရာဖြစ်လာနေပြီး စွန်လွှတ်ပြိုင်ပွဲတွေ မှန်မှန်စီစဉ်ကျင်းပလေ့ ရှိပါတယ်။ ရာရှာ က စွန်လွှတ်ပြိုင်ပွဲ နှစ်ကြိမ် အနိုင်ရခဲ့ပါတယ်။
လေဆိပ်ကင်းလှည့် တာဝန်ရှိသူတွေနဲ့ သူထိပ်တိုက်တွေ့ခဲ့ဖူးပြီး အကြိမ်းမောင်းခံခဲ့ရ၊ စွန်တွေ အသိမ်းခံခဲ့ရဖူးပါတယ်။
"ကျွန်တော်တို့ အိမ်ကိုတောင် ရဲတွေ ရောက်လာပြီး ကျွန်တော့် စွန်နှစ်ခုကို ယူပြီး စွန်ကြိုးတွေရောမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော့် အစ်ကိုအစ်မတွေက ကျွန်တော့်ကို ဆူခဲ့ကြပြီး စွန်လွှတ်တာ ရပ်ဖို့ ပြောပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကပဲ ကျွန်တော် စွန် ပြန်လွှတ်ခဲ့ပါတယ်" လို့ သူကပြောပါတယ်။
"ဒါက အတော်လေးကို အန္တရာယ်များပါတယ်။ ဒါပေမဲ့ ကိုယ့်စွန်တွေ ပါသွားပြီ ဆိုတာနဲ့ ကြောက်ရကောင်းမှန်း မသိတော့်ပါဘူး"












