မြန်မာကိုလည်း ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတဲ့ အင်ဒိုနီးရှားမြို့တော်သစ် - နူဆန်တာရာ

ဗီဒီယို ပုံစာ, မြို့တော်သစ်မှာ အခမ်းအနားကြီးတရပ် ပထမဆုံး ကျင်းပဖို့ ရှိ
ဖတ်ရန်အချိန်: မိနစ် ၄

အင်ဒိုနီးရှားအစိုးရဟာ ဒီနှစ် ၂၀၂၄ ထဲမှာ‌ လက်ရှိ ဂျာကာတာမြို့ကနေ မြို့တော်သစ် နူဆန်တာရာမြို့ကို ပြောင်းရွှေ့ ရုံးစိုက်ဖို့ရှိနေပါတယ်။

လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာဟာ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး မြေကြီးထဲကို ကျွံကျနိမ့်ဆင်းနေတဲ့ မြို့ဖြစ်နေတာပါ။

ဒါကြောင့်ပဲ အင်ဒိုနီးရှားအစိုးရက အခြေအနေပိုမဆိုးသွားခင် နေရာသစ်ရှာပြီး မြို့တော်သစ်တည်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ မြို့တော်သစ်တည်ဖို့ ရွေးလိုက်တဲ့နေရာက တောအုပ်ကြီး တခုရဲ့ အလယ် တည့်တည့်မှာဖြစ်ပြီး စီမံကိန်းကို တစ်ကနေ စတင်တာဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ မြို့တော်သစ်တည်ဖို့ အစီအစဥ်ကို ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတ ဂျိုကို ဝီဒိုဒိုက အစပြုခဲ့တာပါ။

မြို့တော်သစ်အကြောင်းကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံး ထုတ်ပြန်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ ၂၀၂၂ နှစ်လယ်မှာ စတင်ခဲ့ပါတယ်။

အခုဆိုရင် ပထမဆုံးရွှေ့ပြောင်းနေထိုင်ကြမယ့်သူတွေက အဆင်သင့်ဖြစ်နေကြပါပြီ။

သူတို့ကို လာမယ့် သီတင်းပတ် အတွင်းမှာပဲ မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းပေးနိုင်ဖို့ ဂျာကာတာအစိုးရက စီစဥ်ထားပါတယ်။

“နူဆန်တာရာ မြို့တော်သစ်ဟာ အနာဂတ်ကို ဖန်တီးချယ်မှုန်းနိုင်မယ့် ကင်းဗတ်စ အလွတ်တစ်ခု လိုပါပဲ။ မြို့တော်သစ်တစ်ခုကို တစ်ကနေစ စတင်ဖော်ဆောင်တာမျိုး နိုင်ငံတိုင်း မလုပ်နိုင်ပါဘူး” လို့ သမ္မတ ဝီဒိုဒိုက ပြီးခဲ့တဲ့ သီတင်းပတ်က မြို့တော်သစ်မှာ ပထမဆုံး လုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မြို့တော်သစ်မှာရင်းနှီးမြှုပ်နှံဖို့ မြန်မာကိုလည်း ဖိတ်ခေါ်

၂၀၂၄ သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်

နူဆန်တာရာ မြို့တော်သစ်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ မြန်မာနိုင်ငံကိုလည်း အင်ဒိုနီးရှားအစိုးရက ဖိတ်ခေါ်ထားပါတယ်။

နူဆန်တာရာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ပါဝင်စားတဲ့သူတွေနဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တွေကို အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုရုံးနဲ့ အတွင်းဝန်ရုံးကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ အင်ဒိုနီးရှားဘက်က ပြီးခဲ့တဲ့ နှစ်ကတည်းက ဖိတ်ခေါ် ထားတာဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အခုလိုဆက်သွယ်နိုင်တဲ့အကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတုန်းက ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှု ဆက်ရှိနေပေမဲ့ မြန်မာဟာ အင်ဒိုနီးရှားကို ဆန်နဲ့ ရာဘာအများဆုံးတင်ပို့နေပြီး အင်ဒိုနီးရှားကလည်း မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှု အချို့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

သဘာဝနဲ့ ခေတ်သစ် ဗိသုကာ ပေါင်းစပ်ထားတဲ့ နူဆန်တာရာမြို့

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၆ ရာစုက ဒတ်ခ်ျ ကိုလိုနီခေတ်ကတည်းက မြို့တော်ဖြစ်ခဲ့တဲ့ ဂျကာတာဟာ လူဦးရေလည်း အလွန်သိပ်သည်းပါတယ်။ ကမ္ဘာပေါ်မှာ ပင်လယ်ရေမျက်နှာပြင်အောက်ကို မြန်မြန်နိမ့်ဆင်းနေတဲ့မြို့တော် ဖြစ်သလို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအဖြစ်ဆုံးမြို့တော်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

လူဦးရေ ၁၀.၅ သန်းနေထိုင်တဲ့ ဂျကာတာမြို့ ရဲ့ လေးဆယ်ရာခိုင်နှုန်းဟာ ပင်လယ်ရေမျက်နှာပြင် အောက်ကို ရောက်နေပါတယ်။

မြို့တော်သစ် နူဆန်တာရာကို သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ စိမ်းလန်းမြို့တော်၊ နည်းပညာမြင့် မြို့တော်အဖြစ် ရည်မှန်းသလို ခေတ်မီမြို့တော်အဖြစ်လည်း တည်ဆောက်ဖို့ မှန်းထားတာပါ။

မြို့တော်ရဲ့ ၆၀ ရာခိုင်နှုန်းကို စိမ်းလန်းတဲ့နေရာတွေ အနေနဲ့ထားမှာပါ။ အဲဒီထဲမှာ ခြေလျင် ခြေဆန့်နိုင်မယ့်လမ်းတွေနဲ့ စက်ဘီးလမ်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

မကြာခင်ကပဲ ဘီဘီစီက နူဆန်တာရာ မြို့သစ်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်ခဲ့ပါတယ်။ စီမံကိန်းနေရာအများစုက ဆောက်လုပ်နေဆဲ အနေအထားဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့အလုပ်သမားအရေအတွက် မဟုတ်ရင်တောင် ရာနဲ့ချီတဲ့အလုပ်သမားတွေဟာ မပြီးပြတ်သေးတဲ့တည်ဆောက်ရေးလုပ်ငန်းတွေကို ဇယ်ဆက်သလို မရပ်မနားအလုပ်လုပ်နေကြပါတယ်။

ချိုင့်ခွက်တွေများတဲ့လမ်းမကြီးပေါ်ကို ဖြတ်မောင်းသွားတဲ့ မြေသယ်ကားတွေနဲ့ မြေတူးကားကြီးတွေကနေ ထွက်လာတဲ့ဖုန်မှုန့်တွေဟာ တိမ်မြူတွေလို လမ်းတလျှောက် ဖုံးလွမ်းနေပါတယ်။

ဒီမြို့သစ်စီမံကိန်းက အပိုင်း (၅) ပိုင်းပါဝင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအပိုင်းကို ကိုလိုနီအောက်ကလွတ်တဲ့ အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့ အခမ်းအနားနဲ့တိုက်ဆိုင်ပြီး အခုသြဂုတ်လအတွင်း အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း တည်ဆောက်ရေးလုပ်ငန်းတွေအပြီး သတ်ဖို့ဆိုရင် ၂၀၂၄ အကုန်ပိုင်းလောက်အထိ နှောင့်နှေးနေနိုင်ပါတယ်။

"ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ။ အတိအကျကို ရောက်နေတာပါ” လို့ ဆောက်လုပ်ရေး မန်နေဂျာ ဒဲနစ် စူမဒီလာဂါက ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောခဲ့ပါတယ်။

အခုဆိုရင် တည်ဆောက်ရေး အပိုင်း(၁)ရဲ့ ၉၀ ရာခိုင်နှုန်းကို အပြီးသတ်နိုင်ပါပြီလို့လည်း မစ္စတာ ဒဲနစ် က ပြောပါတယ်။

“သြဂုတ်လမှာ အပြီးသတ်ရမယ်လို့ ရည်မှန်းပြီး တည်ဆောက်နေတာမဟုတ်ပါဘူး။ ဒါက အခုမြို့သစ်ဖော်ဆောင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော်တို့လုပ်နေတာက နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်နေတာမျိုးပါ”လို့ ဆောက်လုပ်ရေး မန်နေဂျာ မစ္စတာ ဒဲနစ်က ထပ်လောင်း ထပ်လောင်း ပြောပြပါတယ်။

နှစ်ပေါင်း ၁၉၀ အထိ မြေအသုံးချခွင့်ရမယ့် နူဆန်တာရာ မြို့သစ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နုဆန်တာရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ မြင်တွေ့ရတာဖြစ်ပါတယ်

တဖက်မှာလည်း သမ္မတ ဝီဒိုဒိုအစိုးရ လက်ထက် အကောင်အထည်ဖော်တဲ့ ဒီမြို့သစ်စီမံကိန်းဟာ အလွန်ကြီးမားလှတဲ့စီမံကိန်းကြီးဖြစ်လို့ ရေရှည်မှာ တည်တည်ငြိမ်ငြိမ်နဲ့ဆက်သွားတဲ့အထိ အလုပ်ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေပြန်ပါတယ်။

မြို့တော်သစ်စီမံကိန်းက အမေရိကန်ဒေါ်လာ ၃၃ ဘီလျံလောက်အထိကို ကုန်ကျနိုင်ပါတယ်။ အင်ဒိုနီးရှားအစိုးရကတော့ စီမံကိန်းကုန်ကျငွေရဲ့ ငါးပုံ တစ်ပုံကိုပဲ စိုက်ထုတ်မှာပါ။ ကျန်တာတွေကိုတော့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေနဲ့ပဲ ရှေ့ဆက်ဖို့ စီစဥ်ထားတာပါ။

သမ္မတ ဝီဒိုဒို ကတော့ မြို့တော်သစ် နူဆန်တာရာမှာ ရင်းနှီးမြှုပ်နှံမှုမယ့်သူတွေကို မြေအသုံးချခွင့် နှစ် ၁၉၀ အထိပေးမယ်ဆိုပြီး မက်လုံးပေး စွဲဆောင်နေပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အိန္ဒိယနိုင်ငံမှာလုပ်ခဲ့တဲ့ စက်မှုဖွံ့ဖြိုးနိုင်ငံတွေနဲ့ ဥရောသမဂ္ဂတို့ပါဝင်တဲ့ G20 ထိပ်သီးအစည်းအဝေးမှာလည်း သူက ကမ္ဘာ့ခေါင်းဆောင်တွေကို နူဆန်တာရာ မြို့သစ်အကြောင်း ချပြခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အခုအချိန်ထိတော့ ဒီမြို့သစ်မှာ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ ပတ်သက်ပြီး သိသာလောက်တဲ့ သဘောတူညီချက်တစ်ခုခု လက်မှတ်ထိုးတာမျိုး မတွေ့ရသေးပါဘူး။

“ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ၈၀ ရာခိုင်နှုန်း မှီခိုနေရတဲ့ စီမံကိန်းဆိုတာမျိုးက ကြောက်စရာကောင်းပါတယ်။ ရင်းနှီးမြုပ်နှံသူတွေအတွက် စီးပွားဖြစ်နိုင်ခြေနဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့လည်း ကြည့်ရပါတယ်။ လမ်းတဝက်မှာ ရပ်သွားလို့မရပါဘူး" လို့ မိုနာ့တက္ကသိုလ်ရဲ့ မြို့ပြဒီဇိုင်းပညာရပ်ဆိုင်ရာတွဲဖက်ပါမောက္ခ အီက ပါမန်နစီရီယာက ပြောပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတော်များများဟာ မြို့သစ်မှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ တာဆူနေကြပြီး ရင်းနှီးထည့်ဝင်ဖို့ အတည်ပြုတဲ့အဆင့်တစ်ခုကိုရောက်နေပြီလို့ နူဆန်တာရာ မြို့သစ်အာဏာပိုင်အဖွဲ့ စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်ထောက်အကြီးအကဲ မစ္စတာ ဝီကကက်ဆိုနို က ပြောပါတယ်။

“သူတို့က အခြေခံအဆောက်အအုံတွေ အဆင်သင့်ဖြစ်နေတာကို လိုချင်ကြတယ်။ ဒါမှပဲ ဒီမှာရှိတဲ့ လူဦးရေက သူတို့အတွက် စျေးကွက်ဖြစ်မှာပေါ့လေ။ ဒါပေမဲ့ သူတို့တွေ ထိုင်စောင့်နေကြတာမျိုးတော့ မဟုတ်ဘူး။ သူတို့တွေလည်း အလုပ်နဲ့ သက်သေပြနေတာမျိုးရှိပါတယ်'' လို့လည်း မစ္စတာ ဝီကကက်ဆိုနို က ပြောပါတယ်။

အခုတော့ သူ့အဖွဲ့ဟာ စီမံကိန်းနဲ့ပတ်သက်ပြီး စွန့်စားရနိုင်ခြေရှိတဲ့အခြေအနေနဲ့ စီမံကိန်းအကောင် အထည်ဖော်ရေးဆိုင်ရာ ကတိကဝတ်တွေမှာ အနာဂတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ အစိုးရတို့ တွဲဖက်လုပ်ဆောင်မယ့် အစီအစဥ်တစ်ခုကိုလည်း ကမ်းလှမ်းထားပါတယ်။

သစ်တောထဲက နောက်ဆုံးပေါ်နည်းပညာ

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ

မြို့တော်သစ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိမြို့တော် ဂျာကာကနေ ကီလိုမီတာ ၁၂,၀၀၀ အကွာအဝေးမှာရှိတဲ့ ဂျာဗားကျွန်းပေါ်မှာ ရှိပါတယ်။ ဂျာဗားကျွန်း၊ ဘော်နီယိုဒေသရဲ့ အရှေ့ကာလီမန်တန်တောကြီးထဲက နေရာတစ်ခုမှာ အကောင်အတည်ဖော်နေတာဖြစ်ပါတယ်။ ရေကြီးတာတွေနဲ့ ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ထိခိုက်ဆုံးရှုံးနိုင်ခြေ အနည်းဆုံး နေရာကို ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။

မြေပုံပေါ်မှာတော့ မြို့တော်အသစ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထဝီဝင်ဗဟိုချက်နေရာမှာ ဗျူဟာကျကျ တည်ရှိနေပါတယ်။ ဂျာကာတာနဲ့ ဂျာဗားကျွန်းရဲ့အဝေး (ကျွန်းပေါင်း ၁၇,၅၀၀နဲ့ ဖွဲ့စည်းထားတဲ့) အင်ဒိုနီးရှားရဲ့ ကျွန်းစုတွေက ရလာမယ့် သယံဇတနဲ့ ကြွယ်ဝမှုတွေကို ပြင်ဆင်ခွဲဝေရာမှာ အထောက်အကူ ဖြစ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ဂရုတစိုက် ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာဗားကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံပိုင်တဲ့ ကျွန်းတွေထဲမှာ လူဦးရေအထူထပ်ဆုံး ကျွန်းဖြစ်ပြီး နိုင်ငံ့ စီးပွားရေးရဲ့ ၆၀ ရာခိုင်နှုန်းအထိရှိတဲ့နေရာလည်းဖြစ်ပါတယ်။

“တိုးတက်မှုအပိုင်းလို့ ပြောလိုက်ကြရင် ဂျာဗားကျွန်းမှာပဲ အကုန်လုံးစုဝေးနေတာ။ ဒီတော့ မြို့တော်ကို ဂျာဗားကျွန်းရဲ့အဝေး နိုင်ငံ့အလယ်ဗဟိုချက်နေရာကို ရွှေ့လိုက်တာကလည်း ကောင်းပါတယ်'' လို့ မြို့ပြရေးရာ ကျွမ်းကျင်သူ အီကာ ပါမနာဆရီက ဘီဘီစီကို ပြောပါတယ်။

မြို့သစ်စီမံကိန်းကြီးဟာ ဧရိယာစတုရန်းမိုင် ၁,၀၀၀ ခန့် ကျယ်ဝန်းပြီး ဒါဟာ ဂျာကာတာမြို့ထက် လေးဆ၊ အမေရိကန်နိုင်ငံက နယူးယောက်မြို့ကြီးထက် နှစ်ဆ ပိုကျယ်ဝန်းပါတယ်။

 မြို့တော်သစ်ရဲ့ ဆောက်လုပ်လက်စ လုပ်ငန်းခွင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြို့တော်သစ်ရဲ့ ဆောက်လုပ်လက်စ လုပ်ငန်းခွင်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ ဒီစီမံကိန်းကို အကြမ်းဖျင်း ချပြကတည်းက သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ပြောထားကြပါတယ်။ မြို့တည်ဆောက်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ယိုယွင်းသလို မျိုးတုံးလုနီးပါးဖြစ်နေတဲ့ အော်ရီဂူတန် မျောက်ဝံနဲ့ နှာတံရှည်မျောက်တွေလို တိရစ္ဆာန်တွေအတွက် ကျက်စားဖို့နေရာ ပိုကျဥ်းသွားမှာကိုလည်း ပူပန်နေကြတာပါ။

အင်ဒိုနီးရှားအစိုးရကတော့ ဒီစိုးရိမ်ချက်တွေကို ပယ်ချပြီး အခုမြို့တော်ကို အရင်က စီးပွားဖြစ် ယူကလစ်စိုက်ခင်းစီမံကိန်းလုပ်ခဲ့တဲ့ နေရာပေါ်မှာပဲ တည်တာလို့ ပြောထားပါတယ်။ အဲဒီစိုက်ခင်းတုန်းကလည်း ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဖြစ်စေလိမ့်မယ်လို့ ထောက်ပြခံထားရတာပါ။

မြို့သစ်စီမံကိန်းအာဏာပိုင်တွေကတော့ မြို့သစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ရာနှုန်းပြည့် အသုံးပြုမှာဖြစ်ပြီး စမတ်နည်းပညာသုံးတဲ့အမှိုက်စီမံခန့်ခွဲမှုကိုလည်း ပြုလုပ်သွားမှာလို့ ပြောထားပါတယ်။

မြို့တည်ဆောက်မှုအလုံးစုံပြီးတဲ့ ၂၀၄၅ ခုနှစ်ရောက်တာနဲ့ ကာဗွန်ထုတ်လုပ်မှု သုညအထိ ရောက်နေအောင် မြို့မှာ လျှပ်စစ်ကားတွေကိုပဲ သုံးစေမှာဖြစ်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်တယ်ဆိုရင်တော့ ဒါဟာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးအဆင့်အနေနဲ့ သတ်မှတ်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်ထက် ၁၅ နှစ်စောပြီး ရောက်ရှိနေမှာဖြစ်ပါတယ်။

အနာဂတ်မှာ ဘယ်သူတွေ နူဆန်တာရာမြို့ခံဖြစ်လာကြမလဲ

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နုဆန်တာရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နုဆန်တာရာ

နူဆန်တာရာရဲ့ အနာဂတ်မြို့ခံတွေအပါအဝင် အင်ဒိုနီးရှားနိုင်ငံသားတွေကြားမှာတော့ သံသယတွေ ပြည့်နေပါတယ်။ မြို့သစ်အုပ်ချုပ်ရေးအဖွဲ့ကတော့ ၂၀၄၅ ခုနှစ်ရောက်တဲ့အခါ မြို့တော်အသစ်မှာ လူပေါင်း ၁.၉ သန်းနေနိုင်အောင် စီစဥ်နေတယ်လို့ပြောပါတယ်။ အများစုကတော့ အစိုးရဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေဖြစ်ပါတယ်။ အစိုးရဝန်ထမ်းထဲက တစ်သောင်းလောက်ကတော့ လာမယ့် စက်တင်ဘာလမှာ မြို့တော်အသစ်ကို စတင်ရွှေ့ပြောင်းမယ်လို့ ခန့်မှန်းရပါတယ်။

အစိုးရဝန်ထမ်းအချို့ကတော့ သူတို့ မြို့ကို ပြောင်းဖို့ စိတ်ထင့်နေတဲ့အကြောင်း ဘီဘီစီကို နာမည်ရင်း အသုံးမပြုစေလိုဘဲ ပြောပြလာကြပါတယ်။

“အခြေခံအဆောက်အအုံက ဘာမှမပြီးသေးဘူး။ ကျွန်တော် ကလေးကို ဘယ်မှာကျောင်းသွားထား ရမလဲ။ သူတို့လေးတွေ ကိုယ်လက်လှုပ်ရှား ခြေလက်ဆန့်နိုင်မယ့်နေရာဘယ်မှာလဲ။ ဖျော်ဖြေရေးပိုင်းကရော” ဆိုပြီး ကလေးတယောက်ဖခင်က သူ့ကလေးအတွက် စိုးရိမ်နေတာတွေကို ထုတ်ပြောခဲ့ပါတယ်။

လူပျိုလူလွတ်မို့ မြို့တော်သစ်ကို အရင်ပြောင်းရမယ့် အစိုးရဝန်ထမ်းနောက်တစ်ဦးကလည်း တခြားလူလွတ်တွေနဲ့အတူ တိုက်ခန်းတစ်ခန်းထဲမှာ မျှနေရမှာကို စိုးရိမ်မှုရှိနေပါတယ်။

တဖက်မှာလည်း နူဆန်တာရာမှာ လောလောဆယ်ဆောက်ထားတဲ့ လူနေအထပ်မြင့်အဆောက်အအုံတွေဟာ အိမ်ခန်း ၃ ခန်းပါတဲ့ အခန်းတွေသာရှိနေသေးတာမလို့ မိသားစုမရှိသူတွေဟာ တခြားသူတွေနဲ့ မျှနေရမှာဖြစ်ပါတယ်။

မြို့တော်သစ်အနီးမှာနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေကတော့ သူတို့ဟာ လျစ်လျူရှု ခံရတယ်လို့ ခံစားရတဲ့အကြောင်း ပြောပြပါတယ်။

အစိုးရရုံးတွေစိုက်မယ့်နေရာနားက လူပေါင်း ၁၀၀ ကျော်ပြောင်းရွှေ့ခံ ထားရပြီး လေဆိပ်အသစ်နဲ့အဝေးပြေး လမ်းမကြီးတွေဖောက်ဖို့ မလွတ်တဲ့သူတွေကို ထပ်ပြောင်းရွှေ့ခံရနိုင်တဲ့ အခြေအနေကိုလည်း ဒေသခံတွေက စိုးထိတ်နေကြပါတယ်။

မြို့တော်အသစ်ဘေးနားက ကျေးရွာတစ်ရွာမှာနေတဲ့ ပန်ဒီဆိုတဲ့အမျိုးသားကတော့ မြို့ပြဖော်ဆောင်လိုက်တာကြောင့် သူတို့ရဲ့ ရိုးရာယဥ်ကျေးမှုထုံးတမ်းစဥ်လာတွေ ပျောက်ပြီး မြို့ပြယဥ်ကျေးမှုတွေ ကူးစက်ပျံ့နှံလာမှာကိုလည်း စိုးရိမ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ကို ပြောင်းမယ်လို့ အစိုးရက ၂၀၁၉ ခုနှစ်မှာ အတည်ပြုထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ နုဆန်တာရာမြို့ ရှိတဲ့ ပန်ဂျက် ပါစာ ရီဂျင်စီ ဘက်မှာ လူဦးရေ တိုးလာနေပါတယ်။

"ခရီးသွားလုပ်ငန်းအတွက် ကျွန်တော်တို့ရွာကို ပြန်တည်ဆောက်ပေးမယ်လို့ သူတို့က ကတိပေးထားတယ်။ ဒါပေမဲ့လည်း အဲဒီကတိဟာ စကားအဖြစ် အဖတ်တင်သွားမှာကို ကျွန်တော် စိုးရိမ်တယ်။ ကျွန်တော်တို့အိမ်တွေကို ဒီအတိုင်းထားမယ်လို့လည်း အာမခံပြောထားတာမျိုးလည်း မရှိဘူး'' ပန်ဒီက ပြောပါတယ်။

မြို့တော်သစ်နဲ့ပတ်သက်ပြီး တခြားထောက်ပြချက်တွေလည်း ရှိနေပါသေးတယ်။ မြို့ပြပညာရှင် အီကကဆိုရင် မြို့ရဲ့ပုံစံဟာ ဒေသခံတွေကို လျစ်လျူရှုပြီး အထက်တန်းလွှာတွေအတွက် ဖန်တီးလိုက်တဲ့ ဇိမ်ခံမြို့ဖြစ်နေတယ်လို့ ထောက်ပြပါတယ်။

“သူ့တို့ဟာ မြို့ကို လှမ်းကြည့်ကြရုံသက်သက်ဖြစ်လာလိမ့်မယ်။ ဒီအဆောက်အအုံနဲ့ လူတွေဆိုတာ ထုတ်ကုန်ပစ္စည်းတွေလိုမျိုး ပြည်ပကနေ တင်သွင်းလာတာတွေလို့ သူတို့ မြင်ကြမယ်။ ဒီလောက်ကွဲပြားတဲ့မြို့တော်တစ် ခုကို တည်ဆောက်တာဆိုရင် ဂျာကာတာမှာလိုမျိုးပဲ လူမှုစီးပွားမညီမျှမှုတွေဖြစ်အောင် ဖန်တီးရာရောက်မယ်”သူကပြောပါတယ်။