ပရာဘိုဝို ဆူဘီယံတို - သွေးစွန်း အတိတ်နဲ့ ပွေ့ဖက်ချင်စရာ ဘိုးဘိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရာဘိုဝို ဆူဘီယံတိုရဲ့ နာမည်ကြားတာနဲ့တင် အင်ဒိုနီးရှားနိုင်ငံသားတွေ ကျောချမ်းခဲ့ကြတဲ့ အချိန်တစ်ခုရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ လူငယ်မဲဆန္ဒရှင်တွေဟာ ကာကွယ်ရေးဝန်ကြီးရဲ့ အသွင်ပြောင်းမှုကို နှစ်ခြိုက်နေကြပါပြီ။
ပရာဘိုဝို ဆူဘီယံတိုဟာ ရက်စက်လှပေ့ဆိုတဲ့ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု ၊ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို လူမသိသူမသိဖမ်းဆီးထိန်းသိမ်းပြီး ဖျောက်ဖျက်ခဲ့မှုတွေနဲ့ စွပ်စွဲခံခဲ့ရပေမယ့် အခုအချိန်မှာတော့ အင်တာနက်ပေါ်မှာ ဟာသရုပ်ပြောင်နဲ့ ချစ်စနိုး စချင်စရာ အဘိုးကြီးတစ်ဦးအဖြစ် ပုံဖော်ခံနေရပါပြီ။
“သူက အသက်ကြီးပေမယ့် ကျွန်တော်တို့မျိုးဆက်ကို လိုက်မီသေးတယ်ဗျ” လို့ သူ့ကိုထောက်ခံတဲ့ အသက် ၂၅ နှစ်အရွယ် အဲဘတ် ဂျိုရှုဝါက ပြောပါတယ်။
အခု အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ပရာဘိုဝိုဟာ ကမ္ဘာပေါ်က တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲမှာ သမ္မတ ဂျိုကို ဝီဒိုဒို ကို ဆက်ခံနိုင်သူ ဖြစ်လာဖို့ ပြင်ဆင်နေပါပြီ။
လက်ရှိသမ္မတရဲ့ ဆယ်စုနှစ်တစ်ခုကြာ အုပ်ချုပ်ရေးမှာ နိုင်ငံတည်ငြိမ်ပြီး စီးပွားရေးတိုးတက်ခဲ့ပေမယ့် ဂျိုကိုဝီထက် ပိုပြီး တိုးတက်စေရမယ်လို့ ပရာဘိုဝိုက ကတိပြုထားပါတယ်။
အခုထိတော့ ပရာဘိုဝိုဟာ သူ့ထက်ငယ်တဲ့ ပြိုင်ဘက် ဂန်ဂျာ ပရာနိုဝို၊ အနီးစ် ဘက်စ်ဝဲဒန်တို့ထက် လူကြိုက်ပိုများခံနေရပါတယ်။ ပြိုင်ဘက်နှစ်ဦးစလုံးဟာ အသက် ၅၀ ကျော်အရွယ်ရှိပြီဖြစ်ပြီး အင်ဒိုနီးရှားက အရေးပါတဲ့ ခရိုင်တွေမှာ အုပ်ချုပ်ရေးမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြဖူးသူတွေဖြစ်ကြပါတယ်။
သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုမှာ အလုပ်အကိုင်တည်မြဲရေး၊ အခြေခံအဆောက်အအုံတွေတိုးတက် တည်ဆောက်ပေးရေးနဲ့ အင်ဒိုနီးရှားအတွက် ကမ္ဘာမှာ ပိုမိုကြီးမားတဲ့ သံတမန်ရေးအခန်းကဏ္ဍတွေ ရှိလာဖို့အရေးတွေက လွှမ်းမိုးထားပါတယ်။
ပရာဘိုဝိုနဲ့အတူ ဒုသမ္မတလောင်းအဖြစ် တွဲဖက်ရွေးကောက်ပွဲဝင်သူကတော့ သမ္မတဝီဒိုဒိုရဲ့ သားကြီး ဂျီဘရန် ရာကာဘူမင်း ရာကာ ဖြစ်ပါတယ်။
ဒီအတွဲအဖက်ကြောင့် အခုအချိန်အထိ သူ့ပါတီက ကိုယ်စားလှယ်လောင်း ဂန်ဂျာ ပရာနိုဝိုအပါအဝင် ဘယ်သူ့ကိုမှ ထောက်ခံကြောင်း ထုတ်မပြသေးတဲ့ သမ္မတဟာ ပရာဘိုဝိုကို မသိမသာထောက်ခံနေတယ်လို့ ထင်မြင်စေလာပါတယ်။
ဒါပေမဲ့ ပရာဘိုဝိုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ပြန်ပေးဆွဲတာတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ကျောင်းသားတွေကို သတ်ဖြတ်တာတွေအတွက် တာဝန်ခံရသေးတာမရှိတဲ့အတွက် ဒီကိစ္စတွေကို အမှတ်ရနေဆဲသူတွေ ပရာဘိုဝိုသမ္မတဖြစ်လာမယ့်အရေးကို စိုးရိမ်နေကြပါတယ်။
“ပရာဘိုဝိုသာ နိုင်သွားရင်တော့ စိုးရိမ်မိတယ်”လို့ အမည်မဖော်လိုတဲ့ လူငယ်မဲဆန္ဒရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲဒီအချိန်တုန်းက သူဟာ လူတွေကို အသံတိတ်သွားအောင် လုပ်ခဲ့တဲ့အထဲ ကြံရာပါဖြစ်ခဲ့တယ်ဆိုရင် အခုရွေးကောက်ခံရပြီးရင်လည်း အဲဒီလိုအသံတွေ ပိတ်သွားအောင် လုပ်ဦးမှာပါပဲ” လို့ သူက ပြောပါတယ်။
“ချစ်စရာကောင်းတာနဲ့ အုပ်ချုပ်ဖို့ထိုက်တန်တဲ့ ခေါင်းဆောင်ဖြစ်တာက မဆိုင်ပါဘူး။ ခေါင်းဆောင်ဆိုတာ ချစ်စရာကောင်းရမယ်လို့ ထင်နေရင် ကြောင်ပေါက်စလေးတွေကိုပဲ ခေါင်းဆောင်အဖြစ် ရွေးလိုက်ကြတာပေါ့” လို့ သူက ဆက်ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ ကြောင်ချစ်တဲ့ ဂီမွိုင်တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပရာဘိုဝိုရဲ့ လူမှုမီဒီယာကတစ်ဆင့် မဲဆွယ်စည်းရုံးမှုတွေမှာ ကြောင်တွေဟာ တစ်စိတ်တစ်ပိုင်းက ပါဝင်နေပါတယ်။ သူ့ရဲ့ အညိုနဲ့ အဖြူကွက်ကြား ဘော်ဘီဆိုတဲ့ ကြောင်လေးဟာ အင်စတာဂရမ်အကောင့်ရှိပြီး သူ့ကိုယ်သူ ‘မျိုးချစ်’ လို့ နာမည်တပ်ထားပါတယ်။
ပြီးတော့ ပရာဘိုဝိုက သူလုပ်နေကျပုံအတိုင်း စင်ပေါ်မှာ ကြောင်နနနဲ့ နေရာပြောင်းပြီး ပရိသတ်ဆီကို အသည်းတွေပေးနေတဲ့ပုံတွေပါတဲ့ တစ်တော့ဗီဒီယိုတွေလည်း ရှိပါတယ်။ ပရိသတ်ကတော့ သူ့ကို ချစ်စနိုးနဲ့ ဂီမွိုင် သို့မဟုတ် ချစ်စရာကောင်းသူ၊ ဖက်ချင်စရာကောင်းသူလို့ နာမည်ပေးထားကြပါတယ်။
သူ့ကိုထောက်ခံတဲ့ လူငယ်တွေကတော့ သူတို့ကိုယ်သူတို့ ဂီမွိုင်တပ်ဖွဲ့လို့ ခေါ်ကြပါတယ်။
သူ ပြည်သူနဲ့ထိတွေ့ဖို့ရာမှာ လူမှုမီဒီယာက အုတ်မြစ်ဖြစ်နေပါတယ်။
အင်ဒိုနီးရှားမှာမဲပေးခွင့်ရှိသူ ၂၀၅ သန်းထဲက ထက်ဝက်ကျော်ဟာ ထောင်စုနှစ်မှာ မွေးဖွားသူနဲ့ Gen Z ဂျန်ဇီတွေဖြစ်ကြပါတယ်။ အင်ဒိုနီးရှားမှာ လူမှုမီဒီယာသုံးသူ ၁၆၇ သန်းအနက် သူတို့ဟာ အများစုဖြစ်ပါတယ်။
ပရာဘိုဝိုရဲ့ လူမှုမီဒီယာအကောင့်နဲ့ အခြားဆက်စပ်အကောင့်တွေဟာ လွန်ခဲ့တဲ့ သုံးလအတွင်း ကြော်ငြာအတွက် ဒေါ်လာ ၁၄၄၀၀၀ သုံးစွဲခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ရဲ့စာရင်းအင်းတွေအရသိရပါတယ်။ ဒါဟာ မစ္စတာ ပရာနိုဝိုရဲ့ သုံးစွဲမှုရဲ့ နှစ်ဆဖြစ်ပြီး ဘက်စ်ဝဲဒန် သုံးစွဲတာထက် သုံးဆရှိနေပါတယ်။
“ပရာဘိုဝိုရဲ့ တကယ့် ရုပ်ပုံကို မတွေ့ရတော့ဘူးဗျာ” လို့ အတ္တမာဂျယတက္ကသိုလ်က သုတေသီ ယိုးစ် စီ ကဲနာဝက်စ်က ပြောပါတယ်။
အင်တာနက်၊ ပုံဆွဲခန်းတွေနဲ့ လမ်းတွေပေါ်မှာတော့ ပရာဘိုဝိုကို ဖက်ပွေ့ချင်စရာကာတွန်းဇာတ်ဆောင်အဖြစ် ပုံဖော်ထားတဲ့ ပိုစတာတွေအပြည့်ဖြစ်နေပါပြီ။
‘’ပရာဘိုဝိုကို ကိုယ်စားပြုတဲ့အရုပ်လေးဟာ အင်ဒိုနီးရှားတစ်နိုင်ငံလုံး ပျံ့နေပါပြီ’’ လို့ မစ္စတာ ကဲနာဝက်စ်က ပြောပါတယ်။ ဒီလိုနည်းနဲ့ သူ့တကယ့်သရုပ်မှန်ကို ပျော့ပြောင်းသွားအောင် လုပ်နေကြတာ၊ အခုထိတော့ အတော်ကိုအောင်မြင်နေတယ် လို့ သူက ပြောပါတယ်။
“ပျော်စရာကောင်းတဲ့ မဲဆွယ်စည်းရုံးမှုကနေ လူငယ်တွေကို စိတ်ဝင်စားအောင် လုပ်နေတာဖြစ်ပါတယ်”လို့ ပရာဘိုဝိုရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောခွင့်ရှိသူက ပြောပါတယ်။
“နိုင်ငံရေးကို နည်းလမ်းမျိုးစုံနဲ့ လူထုဆီရောက်အောင်လုပ်လို့ရပါတယ်၊ ဒါက မကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး” လို့ ဒီဒက် ပရာယူဒီက ဘီဘီစီကို ပြောပါတယ်။
ဂျန်ဇီမဲဆန္ဒရှင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
“ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နဲ့ စိုက်ပျိုးရေးကဏ္ဍတွေကို ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတဲ့ ပရာဘိုဝိုရဲ့ အစီအစဉ်တွေကို စိတ်ဝင်စားမိတယ်” လို့ ဂျန်ဇီ မဲဆန္ဒရှင် ရာဟာယု ဆာတီကာ ဒေဝီက ပြောပါတယ်။
“အခုမဲဆွယ်စည်းရုံးနေပုံက ချစ်စရာအင်မတန်ကောင်း၊ ပျော်စရာကောင်းပြီး ချဉ်းကပ်လို့လည်း လွယ်တယ်၊ အရင်နှစ်တွေလို အင်မတန်ကိုလေးနက်နေတာကြီးမဟုတ်ဘူး” လို့ သူကပြောပါတယ်။
၂၀၁၄ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ပရာဘိုဝိုဟာ ရွေးကောက်ပွဲဝင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ သူ့မဲဆွယ်စည်းရုံးတာတွေက အင်မတန်ကို ကွဲပြားလှပါတယ်။
“အရင်အကြိမ်တွေမှာ ရှုံးခဲ့ရတာရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းရင်းက သူ့ရဲ့ လူကြမ်းကြီးပုံရိပ်၊ မာကျောတဲ့ဟန်ပန်တွေကြောင့် မဲဆန္ဒရှင်တွေနဲ့ အဟပ်ကွာခဲ့တာ” လို့ ဩစတြေးလျအမျိုးသားတက္ကသိုလ် အင်ဒိုနီးရှားအင်စတီကျုက ဒေါက်တာ အိဗ် ဝေါဗာတန်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဆူဟာတို အစိုးရလက်ထက်က ပရာဘိုဝို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရာဘိုဝိုဟာ သူအာဏာအကြီးဆုံးအချိန်က အကြောင်းတွေကို မှတ်မိစရာမရှိတဲ့ မျိုးဆက်ကို ပစ်မှတ်ထားနေတာပါ။
၁၉၉၈ ခုနှစ်မှာ ရာထူးကဆင်းပေးခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ဆူဟာတိုရဲ့ စစ်အာဏာရှင်အစိုးရလက်ထက်မှာ သူ ရာထူးမြင့်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆူဟာတို နိုင်ငံကို ၃၂ နှစ်ကြာ အုပ်ချုပ်စဉ်အတွင်း နိုင်ငံတိုးတက်ပေမယ့် ရက်ရက်စက်စက် နှိမ်နင်းတာတွေ၊ သတ်ဖြတ်တာတွေရှိခဲ့ပါတယ်။
အဲဒီကနေ ၂၅ နှစ်အကြာ အခုအချိန်မှာတော့ အလုပ်အကိုင်မဲ့မှုနဲ့ လူနေမှုကုန်ကျစရိတ်မြင့်မားလာတာတွေကို ပရာဘိုဝို ဘယ်လိုကိုင်တွယ်မယ်ဆိုတာကိုပဲ စောင့်ကြည့်ဝေဖန်မယ်လို့ လူငယ်မဲဆန္ဒရှင်တွေက ပြောကြပါတယ်။ လာမယ့်ငါးနှစ်အတွင်း အလုပ်အကိုင်နေရာသစ် ၁၉ သန်း ဖန်တီးပေးမယ်လို့ သူက ကတိပြုထားပါတယ်။
“ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက အခုအထိ ပြောနေဆိုနေကြတာ ရှိပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ကြရဦးမယ်လေ” လို့ ဂျိုရှုဝါက ပြောပါတယ်။
ပရာဘိုဝိုဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ပျောက်ဆုံးမှုမှာ တာဝန်ရှိတဲ့အတွက် စစ်တပ်က ထုတ်ပယ်ခံခဲ့ရပေမဲ့ ပရာဘိုဝိုရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ အဲဒီ စွပ်စွဲမှုတွေကို ငြင်းပယ်ထားပါတယ်။ ပြန်ပေးဆွဲဖို့ သူအမိန့်ပေးခဲ့ပေမဲ့ ဒါတွေကလည်း အထက်က အမိန့်ကြောင့်လုပ်ခဲ့ရတာဖြစ်ပါတယ် လို့ သူက အယ်လ်ဂျာဇီးရားသတင်းဌာနကို ၂၀၁၄ ခုနှစ်မှာ ပြောခဲ့ပါတယ်။
ပရာဘိုဝိုကို ပြိုင်ဘက်တွေက လူဆိုးစာရင်းသွင်းနေတာမို့ သူ့အပေါ် သနားမိတယ်ဆိုပြီး မျက်ရည်တွေကျနေတဲ့ လူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ပြီးခဲ့တဲ့လတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေမှာ လူငယ်တွေပါဝင်ပြီး ဒါဟာ တကယ့်ထောက်ခံသူတွေဟုတ်ပါ့မလားဆိုပြီး ရွေးကောက်ပွဲစောင့်ကြည့်သူတွေက မေးခွန်းထုတ်ထားပါတယ်။
“သူဟာ စွပ်စွဲချက်တွေကို မမှုဘူး၊ ခါချနိုင်ခဲ့ပြီုဆိုတာ သူ သမ္မတလောင်းအဖြစ် နာမည်စာရင်းတင်သွင်းခံရတာက သက်သေပြနေပါပြီ”လို့ ဒေဝီဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။
ထူးခြားတဲ့ ပြန်ပေါ်လာမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရာဘိုဝိုဟာ ချမ်းသာတဲ့ နိုင်ငံရေးမိသားစုက မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားအစိုးရအဖွဲ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကျော် ဘောဂဗေဂပညာရှင်တစ်ဦးရဲ့သားလည်း ဖြစ်ပါတယ်။
သူ့ဖခင်ဟာ ၁၉၅၇ ခုနှစ်မှာ အငြင်းပွားစရာကိစ္စနဲ့ နိုင်ငံက ထွက်ခွာသွားတဲ့အခါ သူလည်း လိုက်ပါသွားပြီး ဥရောပမှာ ဆယ်စုနှစ်တစ်ခုလောက် ပြည်ပြေးအဖြစ် နေထိုင်ခဲ့ပါတယ်။
မိခင်နိုင်ငံပြန်ရောက်ပြီးနောက် သူဟာ စစ်တပ်ထဲဝင် အမှုထမ်းပြီး ရာထူးခပ်မြန်မြန်တိုးကာ အင်ဒိုနီးရှား အထူးတပ်ဖွဲ့ ကိုပတ်ဆပ်စ်မှာ အရာရှိကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီအချိန်မှာတော့ သူဟာ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ကျဖူးတဲ့ အရှေ့တီမောမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရပါပြီ။
အရှေ့တီမောက လူ့အသက်ရာပေါင်းများစွာ သေဆုံးခဲ့တယ်ဆိုတဲ့ စစ်ဆင်ရေးတွေမှာ သူ ဘယ်အခန်းကဏ္ဍက ပါခဲ့တယ်ဆိုတာကို သက်သေမပြနိုင်ခဲ့ပါဘူး။
သူကလည်း စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။ ဒါပေမဲ့ အဲဒီအမည်းစက်ဟာ သူ့ သက်တမ်းတလျှောက် အရိပ်ထိုးနေဆဲပါပဲ။
သူဟာ ဆူဟာတိုရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အာဏာရှင်ရဲ့ အတွင်းစည်းဝင်ဖြစ်ခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေမှာ ဆူဟာတိုရဲ့ အုပ်ချုပ်မှုပြိုကျချိန်မှာ ကိုပတ်ဆပ်စ်ဟာ အစိုးရကိုဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားသူ ၂၀ ကျော်ကို ပြန်ပေးဆွဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အဲဒီထဲက တစ်ဒါဇင်ခန့်က ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသွားပြီလို့ ယူဆရပါတယ်။ အသက်ရှင်ကျန်ရစ်သူတချို့ကတော့ သူတို့ နှိပ်စက်ခံခဲ့ရတယ်လို့ ပြောကြပါတယ်။
ပရာဘိုဝိုဟာ စစ်တပ်က ထုတ်ပယ်ခံရပြီး ဂျော်ဒန်မှာ သူ့သဘောနဲ့သူသွားနေခဲ့ပါတယ်။ ပြီးတော့ ဩစတြေးလျက သူ့ကို နာမည်ပျက်စာရင်းသွင်းပြီး အမေရိကန်ပြည်ထောင်စုကို ခရီးသွားခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ သူ နိုင်ငံကို ပြန်လာခဲ့ပြီး သမ္မတဝီဒိုဒိုက သူ့ကို ကာကွယ်ရေးဝန်ကြီးခန့်အပ်ကာ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ သူရှုံးနိမ့်တာဟာ မဲလိမ်လို့ဆိုပြီး ပရာဘိုဝိုက စွပ်စွဲခဲ့ပြီးနောက် အကြမ်းဖက် ဆန္ဒပြမှုတွေဖြစ်ခဲ့တာမို့ လူရှစ်ဦးသေဆုံးခဲ့ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေရှိပြီးတဲ့နောက်မှာ သူဟာ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့တာပါ။
“ကျူးလွန်သူက သမ္မတဖြစ်လာခဲ့ရင် ကျွန်မတို့ တရားမျှတမှုကို ဘယ်လိုများ မျှော်လင့်နိုင်တော့မှာလဲ” လို့ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကျော် လူ့အခွင့်အရေးလှုပ်ရှားသူရှေ့နေ မူနီး ဆာယစ် သာလစ်ရဲ့ ကျန်ရစ်သူ ဇနီး ဆူစီဝတီက ပြောဆိုခဲ့ပါတယ်။
မူနီး ဆာယစ် သာလစ်ဟာ ၁၉၉၈ ခုနှစ်မှာ ကျောင်းသားလှုပ်ရှားသူတွေ ပျောက်ဆုံးတာနဲ့ပတ်သက်လို့ တစ်ဘဝလုံး စုံစမ်းဖော်ထုတ်ဖို့ကြိုးပမ်းနေခဲ့တာပါ။ သူဟာ ၂၀၀၄ ခုနှစ်မှာ လေယာဉ်ခရီးစဉ်တစ်ခုအတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ လေယာဉ်မှူးမှာ အပြစ်ရှိကြောင်း တွေ့ခဲ့ရပေမဲ့ ဆူစီဝတီကတော့ တကဲ့ ဖြစ်စဥ်က ဒီလောက်မကဘူးလို့ ယုံကြည်ထားသူပါ။
“ပရာဘိုဝိုသာ သမ္မတဖြစ်သွားရင် ကျွန်မတို့လို အသတ်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် အရှုံးကြီးရှုံးတာပါပဲ” လို့ သူကပြောပါတယ်။
သမ္မတဝီဒိုဒို ထောက်ခံတာကြောင့် ပရာဘိုဝို လူကြိုက်များခံရတာဖြစ်တယ်လို့ တချို့ကပြောကြပါတယ်။ လူမှုမီဒီယာတစ်ခုတည်းနဲ့တော့မဟုတ်ဘူး၊ နိုင်ငံတော်ရဲ့ လက်တံတွေက သူမဲဆွယ်တာကို အားပေးတာမို့ အထင်သေးလို့တော့မရဘူး လို့ ကဲနာဝက်စ်ကပြောခဲ့ပါတယ်။
ဝီဒိုဒိုရဲ့သား သူနဲ့အတူတွဲဖက်ဖြစ်တဲ့ ဂျီဘရန်ကို တချို့က လက်ညှိုးထိုးကြပါတယ်။
ဝီဒိုဒိုရဲ့ ယောက်ဖက တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အသက် ၃၆ နှစ်အရွယ် ဂျီဘရန် ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ရှိတယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒုတိယသမ္မတလောင်းဟာ ဥပဒေအရ ဒီထက်ပိုပြီးအသက်ကြီးရမှာဖြစ်ပါတယ်။
ပရာဘိုဝိုဟာ ဒေါသကြီးပြီး စိတ်ထင်သလိုလုပ်တတ်တဲ့ အကျင့်ရှိတာမို့ အများစုကတော့ စိုးရိမ်ကြပါတယ်။
“မကြာသေးခင်တုန်းက လူထုနဲ့တွေ့ဆုံပွဲတွေမှာ အဲဒီလိုအကျင့်တွေကို တွေ့ခဲ့ရပြီးပြီ”လို့ ဒေါက်တာ ဝေါဘာတန်က ပြောပါတယ်။
“ပရာဘိုဝို ဘယ်လိုအုပ်ချုပ်မယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး၊ သူဟာ သမ္မတရဲ့ ဂုဏ်သိက္ခာနဲ့ အရှိန်အဝါတွေကိုပဲ ဂရုစိုက် အလေးအနက်ထားပြီး အုပ်ချုပ်ရေးအပိုင်းမှာ ပြေပြေပြစ်ပြစ် ရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ သဘေထားဆိုတာက ခန့်မှန်းလို့ မလွယ်ဘူးလို့ သူ့ကိုသိတဲ့သူ အများစုကပြောကြတယ်၊ အဲဒီလို ခန့်မှန်းရခက်တာမျိုးက အုပ်ချုပ်ရေးအတွက် ကောင်းတာမျိုးတော့ မဟုတ်နိုင်ဘူး” လို့ သူက ပြောပါတယ်။








