အင်ဒိုနီးရှားမှာ ဝက်သားစားပြတဲ့ တစ်တော့ခ်ကြောင့် အမျိုးသမီးတယောက် ထောင် ၂ နှစ်ကျ
ဒဲရစ် ကိုင်
ဘီဘီစီ သတင်းဌာန၊ စင်ကာပူ

အစ္စလာမ်ဘာသာနဲ့ ဆိုင်တဲ့ စကား ရွတ်ဆိုပြီး ဝက်သားစားတာကို ရိုက်ထားတဲ့ တစ်တော့ခ် ဗီဒီယိုကို အွန်လိုင်းမှာ တင်ခဲ့တဲ့ အင်ဒိုနီးရှား အမျိုးသမီးတယောက်ကို တရားရုံး တခုက ထောင်ဒဏ် ၂ နှစ် ပစ်ဒဏ်ချမှတ်လိုက်ပါတယ်။
လူအများအပြား ကြည့်ကြ ဖြန့်ကြတဲ့ ဒီဗီဒီယိုကို တင်ခဲ့သူ အသက် ၃၃ နှစ်အရွယ် လီနာ လုဖိဝါတီဟာ ဘာသာအယူရှိတဲ့ သူတွေ၊ အဖွဲ့တွေကို “အမုန်းပွားအောင် စေ့ဆော်” တဲ့အတွက် အပြစ်ရှိတယ်လို့ တရားရုံးက ဆိုပါတယ်။
သူဟာ အမေရိကန် ဒေါ်လာ ၁၆, ၂၄၅နဲ့ ညီမျှတဲ့ အင်ဒိုနီးရှားငွေ ပေးဖို့လည်း ဒဏ်ရိုက်ခံရပါတယ်။ သူ ဒဏ်ငွေ မပေးနိုင်ရင် ထောင်ဒဏ် နောက်ထပ် ၃ လ တိုးမြှင့်တာ ခံရမှာပါ။
မွတ်စလင် အများစုနေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ အငြင်းပွားစရာ ဘာသာရေးစော်ကား မှု ဥပဒေနဲ့ စီရင်ခံရတဲ့ အဖြစ်တွေရှိလာခဲ့ပြီး ဒီအဖြစ်က နောက်ဆုံးဖြစ်လာတာပါ။
ဘောလီးဝုဒ် ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်လို့ လီနာ မူကာဂျီလို့ အိန္ဒိယ နာမည် ယူထားတဲ့ လီနာ လုဖိဝါတီဟာ မွတ်စလင် အမျိုးသမီးတယောက်ပါ။ အစ္စလာမ် ဘာသာ အရ ဝက်သားစားတာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါ တယ်။
တစ်တော့ခ် ပရိသတ် ၂ သန်းကျော်ရှိပြီး လူအများအပြားအပေါ် လွှမ်းမိုးသြဇာရှိသူ မစ္စ လုဖိဝါတီဟာ အိန္ဒိယမှာလည်း စီးပွားရေး လုပ်ငန်းတခု ထူထောင်ထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ဘုရားရဲ့ နာမတော်အောက်မှာ” လို့ အဓိပ္ပာယ်ရတဲ့ အာရေဗီစကားကို ရွတ်ဆိုပြီး ဝက်ခေါက်ကင် ကျွတ်ကျွတ်တခုကို သူစားနေတဲ့ ဗီဒီယိုကို မတ်လတုန်းက တစ်တော့ခ်မှာ သူ တင်ခဲ့ပါတယ်။
သူ အဲဒီအချိန်က အင်ဒိုနီးရှားမှာ တိုးရစ်အကြိုက်ဒေသဖြစ်တဲ့ ဘာလီကို ခရီးသွားနေတာပါ။ အဲဒီမှာက တခြား အင်ဒိုနီးရှား ဒေသတွေနဲ့ မတူဘဲ လူ အများစုက ဟိန္ဒူ တွေပါ။ မစ္စ လုဖိဝါတီက သူ ဝက်သားကို စမ်းစားကြည့်တာပါလို့ ပြောပါ တယ်။
ဒီတစ်တော့ခ်ကို လူသန်းပေါင်းများစွာ ကြည့်ခဲ့ကြပြီး အကျယ်အပြန့်လည်း ဝေဖန် ခဲ့ကြ ပါတယ်၊ နောက်တော့ အင်ဒိုနီးရှားနိုင်ငံသား တယောက်က ဒါဟာ “မွတ်စလင် တယောက်က သိသိကြီးနဲ့ ဝက်ခေါက်စားတာ” လို့ ထောက်ပြကာ ရဲကို တိုင်ပါတယ်။
ရဲက ဒါဟာ လူမျိုးရေး၊ ဘာသာရေး ဆန့်ကျင်မုန်းတီးတာတွေဖြစ်လာအောင် လုပ်တာလို့ ဆိုပြီး အမုန်းတရား ဖြန့်ဝေမှုနဲ့ သူ့ကို မေလထဲမှာ တရားစွဲပါတယ်။
နိုင်ငံတဝန်းက ရှေးရိုးစွဲ အဖွဲ့တွေကလည်း ဒီဗီဒီယိုဟာ သူတို့ ဘာသာရေးကို စော်ကားတာ လို့ ဆိုပါတယ်။ အဲဒီအဖွဲ့တွေထဲမှာ အင်ဒိုနီးရှားရဲ့ ထိပ်တန်း အစ္စလာမ် ဘာသာရေးအဖွဲ့ဖြစ်တဲ့ ယူလီမာ ကောင်စီ (Ulema Council )လည်း ပါဝင်ပါတယ်။
သူ့ကို ထောင်ဒဏ်အပြစ်ပေးတာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား လူမှုမီဒီယာတွေမှာ တော့ အမြင်တွေအမျိုးမျိုးကွဲနေကြပါတယ်။ အများကတော့ တရားသူကြီးကို ချီးကျူး နေကြပြီး ဒါဟာ သာသနာကို စော်ကားတာလို့ ဆိုကြပါတယ်။ တချို့ကလည်း မစ္စ လုဖိဝါတီ ချမှတ်ခံရတဲ့ ထောင်ဒဏ်က လာဘ်စားမှုကို ချတဲ့ ထောင်ဒဏ်ထက်တောင် ပိုများနေတယ်လို့ ဝေဖန်ကြပါတယ်။
ဘာသာရေးဆိုင်ရာ လူနည်းစုတွေကို မကြာခဏ ပစ်မှတ်ထားနေတာလို့ ဆိုကြတဲ့ သာသနာ စော်ကားမှု ဥပဒေတွေကို အင်ဒိုနီးရှားမှာ ရှိတဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ လှုပ်ရှားတက်ကြွသူတွေက အရင် ကာလကြာရှည်ကတည်းက ဝေဖန်ခဲ့ကြတာပါ။
နာမည်မှာ မိုဟာမက် ပါတဲ့ ဖောက်သည်တွေကို အရက် အလကား တိုက်မယ် (အစ္စလာမ်ဘာသာမှာ အရက်သောက်တာကို ပိတ်ပင်ထား) ဆိုပြီး ဘားဆိုင် ရောင်းအားမြှင့်တင်မှုနဲ့ မနှစ်က လူ ၆ ယောက်ကို အင်ဒိုနီးရှားရဲတွေက ဖမ်းဆီးခဲ့ ပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း အစ္စလာမ်ကို စော်ကားတဲ့ မှတ်ချက်စကားတွေ ပြောတယ် လို့ စွပ်စွဲခံရသူ၊ အဟုတ်ခ်လို့ အများက ခေါ်ကြတဲ့ အရင် ဂျာကာတာ အုပ်ချုပ်ရေးမှူး ဟောင်း ဘဆူကီ ဂျဟာရာ ပါနာမာဟာ ထောင်ဒဏ် ၂ နှစ် နီးပါး ချမှတ်တာ ခံခဲ့ရ ပါတယ်။
(ဘီဘီစီ အင်ဒိုနီးရှားက ထပ်ဖြည့်ရေးသားပါသည်။)








