ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးက အနားယူ- ဇူလိုင် ၁၁ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုင်ငံရေးက အနားယူပြီလို့ ကြေညာပါတယ်။
စစ်အာဏာသိမ်းပြီး ၉ နှစ်ကြာ အာဏာရယူခဲ့ပြီးတဲ့နောက် အခုလို ကြေညာလာတာ ဖြစ်ပါတယ်။
ထိုင်းညီညွတ်ရေးပါတီကနေ နုတ်ထွက်လိုက်ပြီး အစိုးရသစ် မဖွဲ့ခင် အချိန်ထိ ကြားကာလဝန်ကြီးချုပ် အဖြစ် ဆက်ရှိနေမယ်လို့ မစ္စတာ ပရာယွတ်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ထိုင်းပါလီမန်မှာ စစ်တပ်က ကျောနောက်ခံပေးထားတဲ့ ပါတီက ထိုင်းလွှတ်တော်မှာ အမတ် နေရာ ၁ဝ ပုံတပုံအောက်သာ ရရှိခဲ့ပြီးနောက် ၂ လအကြာမှာ သူက အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ ထိုင်းလွှတ်တော်ကို ကျင်းပပြီး ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မှာ ဖြစ်ပါတယ်။
ကျင်းပဆဲ ထိပ်သီးဆွေးနွေးပွဲကနေ ယူကရိန်းအဖွဲ့ဝင်ဖြစ်ဖို့ သတင်းကောင်းပေးနိုင်မယ်လို့ နေတိုးအကြီးအကဲပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
လစ်သူယေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ နေတိုးခေါ် မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကနေ ယူကရိန်းနိုင်ငံ အဖွဲ့ဝင်ဖြစ်ဖို့ ရှင်းလင်းတဲ့ သတင်းကောင်းတခု ယူဆောင်ပေးနိုင်မယ်လို့ ဒီအဖွဲ့အကြီးအကဲက ပြောပါတယ်။
နေတိုးအကြီးအကဲ ယန်းစတိုတန်ဘတ်က ၂ ရက်ကြာ ကျင်းပတဲ့ ဒီနေတိုး ဆွေးနွေးပွဲကနေ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းကို နေတိုးရဲ့ ထောက်ခံမှုကို ပိုမို အားဖြည့်ပေးရာရောက်မယ်လို့ ပြောပါတယ်။
ယူကရိန်းကို အဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့အပေါ် နေတိုးနိုင်ငံတွေ အကြားမှာ အငြင်းပွားနေပါတယ်။ ယူကရိန်းကလည်း နေတိုးအဖွဲ့ဝင်ကို အမြန်ဆုံး ဖြစ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်း အဖွဲ့ဝင်ဖြစ်ဖို့နဲ့ ပတ်သက်ပြီး နေတိုး အကြီးအကဲ ယန်းစတိုတန်ဘတ် က "နောက်တဆင့်က အဖွဲ့ဝင်ဖြစ်ရေး အရေးယူလုပ်ဆောင်မယ့်အစီအစဉ်လို့ ၂ဝဝ၈ ကတည်းက ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပြီးယူကရိန်းက အတော်ကြာအောင် စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။နေတိုးနဲ့ ယူကရိန်းက ပိုပို နီးလာပါတယ်၊ နေတိုးရဲ့ ဆုံးဖြတ်ချက်မှာ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ အချိန်ကြပါပြီ" လို့သူက ပြောပါတယ်။
ယူကရိန်းက အဖွဲ့ဝင်ဖြစ်ဖို့ ရှင်းလင်းအောင် လုပ်ပြီးရင် အဖွဲ့ဝင် ဖြစ်ရေး အရေးယူလုပ်ဆောင်မယ့် အစီအစဉ်ကို အဆုံးသတ်လိုက်ပြီး သူတို့နဲ့ နေတိုးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် နေတိုး ယူကရိန်းကောင်စီကို တည်ထောင်သွားမှာ ဖြစ်ပြီး ဒါက ယူကရိန်းအတွက် နေတိုးရဲ့ ခိုင်မာ အပြုသဘော ဆောင်တဲ့ သတင်းစကားလို့ သူက ပြောပါတယ်။
အမေရိကန်က အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် ကလည်း ဆွီဒင် အဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့ ဆက်မကန့်ကွက်တော့ဘူးဆိုတဲ့ တူရကီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါတယ်။
တူရကီ သမ္မတရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အက်ဖ် ၁၆ လေယာဉ်တွေ တူရကီကို ရောင်းချပေးမယ့် အစီအစဉ်ကိုလည်း သူက ထောက်ခံတယ်လို့ဆိုပါတယ်။
ပြည်ပကိုထွက်ပြေးနေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ အိမ်ကို ဟောင်ကောင် ရဲတပ်ဖွဲ့ ဝင်စီးနင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင်မှာ ဒီမိုကရေစီအရေး လှုပ်ရှားလို့ နိုင်ငံကနေ ထွက်ပြေးနေရတဲ့ နေသန်လောရဲ့ မိသားစုနေထိုင်တဲ့ အိမ်ကို အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဒီနောက် သူ့ရဲ့ မိဘနဲ့ အစ်ကိုကို မေးမြန်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ နိုင်ငံခြား အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သံသယနဲ့ နေသန်လောဟာ ဟောင်ကောင်က အလို ရှိနေတဲ့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၈ ဦးထဲက တဦးလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃နှစ်က ဒီမိုကရေစီ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက် နှိမ်နှင်းခဲ့ပြီး လပိုင်းမှာပဲ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေကို ပြဌာန်းပြီးကတည်းက နေသန်လောဟာ ဗြိတိန်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က တာဝန်ရှိသူတွေက တက်ကြွလှုပ်ရှားတဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်တဲ့သူတွေကို ငွေအမြောက်အများ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
အိန္ဒိယမှာ ယမုံနာမြစ်ရေ စိုးရိမ်ရေမှတ်ထိမြင့်တက်လာလို့ ဒေလီမှာ အထူးသတိပေးချက် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ ယမုံနာမြစ်ရေက အန္တရာယ်ရှိတဲ့ စိုးရိမ်ရေမှတ်ကို မြင့်တက်လာတာကြောင့် ဒေလီမြို့မှာ ရေကြီးနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
မြစ်အနီးမှာ နေထိုင်တဲ့ ထောင်ချီတဲ့ လူတွေကိုလည်း လုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်း ပေးထားပါတယ်။
လာမယ့်ရက်တွေမှာ မိုးသည်းထန်စွာရွာဦးမယ်လို့ မိုးလေဝသခန့်မှန်းချက်တွေက သတိပေးထားပါတယ်။
နိုင်ငံမြောက်ပိုင်းမှာလည်း မိုးသည်းပြီး ရေကြီးတာကြောင့် လူ ၄ဝ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဟမ်မာချယ် ပရာဒက်ရှ် ပြည်နယ်မှာ အဆုံးရွားဆုံး ထိခိုက်ခံရပြီး လမ်းတွေ၊ ဓာတ်အားပေးစက်ရုံခွဲတွေနဲ့ ရေပေးဝေတဲ့ စက်ရုံတွေ ပျက်စီးသွားပါတယ်။
နီပေါမှာ ရဟတ်ယာဉ်ပျက်လို့ လူ ၆ ဦး သေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နီပေါနိုင်ငံမှာ ခရီးသွားဧည်သည်တွေ လိုက်ပါစီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျလို့ လူ ၆ ဦး သေဆုံးသွားပါတယ်။
မက္ကဆီကို နိုင်ငံသား ၅ ဦးနဲ့ နီပေါ လေယာဉ်မှူး တဦးတို့ သေဆုံးသွားတာ ဖြစ်ပါတယ်။
Manang Airက ပြေးဆွဲနေတဲ့ ဒီရဟန်ယာဉ်က ဧဝရက်တောင် ဧရိယာကနေ ထွက်ခွာစဉ်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီရဟတ်ယာဉ်က ခတ္တမန်ဒူမြို့ကို သွားမှာ ဖြစ်ပေမဲ့ နောက်တော့ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။
ဝေးလံခေါင်သီတဲ့ တောင်တန်းတွေမှာရှိတဲ့ လေဆိပ်တွေကို ပျံသန်းလေ့ရှိတဲ့ လေကြောင်းလိုင်း တွေ နီပေါမှာ ပျက်ကျလေ့ရှိတဲ့ သမိုင်းကြောင်းတွေ ရှိထားပါတယ်။
ရာသီဥတုက အလျင်အမြန် ပြောင်းလဲနေတာကြောင့် လေယာဉ်ခရီးစဉ်တွေဟာ စိတ်မချရ ဖြစ်နေပါတယ်။








