မလေးရှားမှာ ညအချိန်စီးနင်းရှာဖွေမှု မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

သြဂုတ်လဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို လဝကက ဖမ်းဆီး စစ်ဆေးမှုကြမ်းတဲ့ ကာလလို့ မလေးရှားရောက် မြန်မာတွေကြား မှတ်ယူထားကြပါတယ်။

ဒီအတောအတွင်းမှာပဲ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော် အနီးနားက ချဲရက်မြို့နယ်ထဲမှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ညအချိန်ပြုလုပ်တဲ့ စီးနင်းရှာဖွေမှုတွေအတွင်း တရားမဝင်နေထိုင်သူ အယောက် ၄၀၀ ကျော်ဖမ်းမိခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာ အယောက် ၁၀၀ ကျော်အထိပါဝင် တယ်လို့သိရပါတယ်။ ဖမ်းမိသူတွေထဲက ၂၅၀ ကျော်ကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံသားတွေဖြစ်တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ကွာလာလမ်ပူမြို့ အရှေ့တောင်ပိုင်းက ချဲရက်မြို့နယ်ထဲမှာ အထပ်မြင့်ကွန်ဒိုတိုက်ခန်းတွဲမှာ နိုင်ငံခြားသားတွေ အများအပြားရောက်နေတယ်ဆိုတဲ့သတင်းကြောင့် မလေးရှားလဝက ဝင်ရောက်ဖမ်းဆီးရာကနေ အခုလိုဖမ်းမိတာလို့လည်းဆိုပါတယ်။

‘‘သြဂုတ်လ ၅ ရက် မနက် ၁ နာရီကနေ ၄ နာရီအတွင်းပြုလုပ်တဲ့ စစ်ဆေးမှုမှာ စာရွက်စာတမ်းအထောက်အထားမဲ့တာ၊ ယာယီအလုပ်လုပ်ခွင့် ခွင့်ပြုချက်ကာလကျော်နေထိုင်တာနဲ့ နေထိုင်ခွင့်သက်တမ်းကျော်နေတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ဖမ်းမိခဲ့တာ’’ လို့ မလေးရှားလဝက ဘက်ကပြောပါတယ်။

ဖမ်းမိသူတွေဟာ ဆောက်လုပ်ရေးလုပ်ငန်း၊ သန့်ရှင်းရေးစတဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားပြည့်ပြည့်စုံစုံမပြနိုင်သူတွေ ပါဝင်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ပြောပေမဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ကတ် ကိုင်ဆောင်ထားသူတွေ၊ အဲဒီကတ်ရဖို့ စာရင်းတင်ထားသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘာကြောင့် စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခဲ့တာလဲ

နိုင်ငံခြားသားတွေ ဝင်ရောက်နေထိုင်မှု များလာတာတွေ့ရတယ်ဆိုတဲ့ သတင်းပေးမှုကြောင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာကနေ ဖမ်းဆီးမှုစတင်တယ်ဆိုပေမဲ့ တဖက်မှာလည်း ဒါဟာ မလေးရှားအစိုးရက လုပ်နေတဲ့ အလုပ်သမားတွေအရေး စီမံချက်ကြောင့် ဖြစ်တယ်လို့ မလေးရှားရောက် မြန်မာတွေအရေးအကူအညီပေးနေသူတွေက ပြောကြပါတယ်။

‘‘အခု မလေးရှားမှာ တရားဝင်အထောက်အထားစာရွက်စာတမ်း တခုခုကိုင်ထားတယ်ဆိုရင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် သွားလျှောက်နိုင်တဲ့ စီမံချက်ကို ဒီဇင်ဘာလ အထိ ဖွင့်ထားပေးတယ်။ အခုလို ဖွင့်ထားချိန်မှာပဲ ဒီလိုရှာဖွေတာတွေလည်း တိုးလုပ်လေ့ရှိတယ်’’ လို့ နှလုံးလှအလှူရှင်များ ပရဟိအသင်းခေါင်းဆောင် ကိုသက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ အခု သြဂုတ်လဆန်းပိုင်းမှာ မလေးရှားနိုင်ငံထဲ နေ့စဥ်နီးပါး ဖမ်းဆီးမှုတွေရှိနေပြီး မြန်မာတွေပါဝင်တဲ့ ခိုက်ရန်ဖြစ်ပွားမှု၊ ပတ်ဝန်းကျင်စိတ်အနှောက်အယှက်ဖြစ်စေအောင် ဆူညံမှုတွေ ကြောင့်လည်း တိုင်တန်းခံရတာကလည်း အခုလိုဖမ်းဆီးမှု ပေါ်လာစေတဲ့အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

သြဂုတ်လ ၅ ရက်နေ့မှာ ဖမ်းမိခဲ့သူတွေကိုတော့ ဘူကတ်ဂျာလီ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ပဲရပ်ပြည်နယ်၊ ဟူတာမလင်တန်မြို့မှာ မလေးရှားနိုင်ငံရဲ့နိုင်ငံခြားသားများ စစ်ဆေးဖမ်းဆီးရေး အဖွဲ့စုံရဲ့ ကုန်းပိုင်းမှာရော၊ ရေပြင်မှာပါ စစ်ဆေးမှုကြောင့် စက်လှေပိုင် ငါးဖမ်းဂိုဒေါင်မှာ အိပ်ပျော်နေတဲ့ မြန်မာငါးဖမ်းလှေလုပ်သားဆယ်ချီလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာတွေ ဘာကြောင့် မလေးရှားကို လာကြတာလဲ

ထိုင်းနိုင်ငံထဲက ခရိုင်တချို့၊ မလေးရှားနဲ့ဆက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင်အချို့မှာ မလေးရှားကို ဝင်ရောက်ဖို့ ကြိုးပမ်းရင်း လစဥ်လတိုင်းမှာ ဖမ်းဆီးခံရသူ ဆယ်ချီရှိနေတာကို ထိုင်းအခြေစိုက်သတင်းတွေအရ သိရပါတယ်။

တဖက်မှာလည်း မြန်မာပြည်တွင်း စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်အကိုင်ရှာဖွေဖို့ အဓိက ရည်ရွယ်တဲ့ မြန်မာတွေဟာ အလည်အပတ်ခရီးစဥ်နဲ့တမျိုး၊ ထိုင်း-မလေးရှားနယ်စပ်ကတဖုံ မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာနေကြတယ်လို့ မလေးရှားက မြန်မာရွှေ့ပြောင်းတွေအရေး ကူညီပေးနေသူတွေက ‌ပြောပါတယ်။

‘‘ထိုင်းမှာဆိုရင် အထောက်အထားမဲ့သူတွေက မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ တက်ဖို့တောင် အစစ်အဆေးတင်းကြပ်လို့ အတော်လေး ခက်ခဲတယ်။ မလေးရှားမှာက သက်ဆိုင်ရာ အထောက်အထားလေးတစ်ခုရှိရင်တောင် သွားလာရတာလွယ်ကူတော့ ဒီကိုရောက်အောင်လာကြတယ် ’’ မလေးရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ မလေးရှားနိုင်ငံထဲမှာလည်း တရားဝင်အလုပ်လုပ်တဲ့သူတွေတောင် အလုပ်တွေရှားပါးတာကြုံနေရတာကြောင့် အလည်အပတ်ဗီဇာနဲ့လာပြီး အလုပ်ရှာသူတွေဟာ လနဲ့ချီသောင်တင်ပြီး အလုပ်လက်မဲ့ဖြစ်လို့ ခက်ခဲနေကြတဲ့အကြောင်း မြန်မာတွေအရေး ကူညီပေးနေသူတွေက ပြောထားပါတယ်။

‘‘ခါတိုင်းနှစ်တွေတုန်းကတော့ စာရွက်စာတမ်းသက်တမ်းကုန်တဲ့သူတွေလည်း ရက်ကျော်ဒဏ်ကြေးပေးပြီးရင် သက်ဆိုင်ရာနိုင်ငံကို ပြန်လို့ လွယ်တယ်။ လွှတ်ပေးတယ်။ အခု အဲဒီလို သက်တမ်းကုန်နေသူတွေကိုလည်း မလွှတ်ပေးတော့ ကျန်းမာရေးမကောင်းတဲ့မြန်မာတစ်ဦးဦး လေယာဥ်နဲ့ အိမ်ပြန်ပို့မယ်ဆိုရင်တောင် အတော်လေး ခက်ခဲလို့ အောက်လမ်းကနေ ပြန်ပို့ရတာတွေ ဖြစ်နေတယ်။ အလုပ်ရှာဖို့ အလည်အပတ်ဗီဇာနဲ့ အဖွဲ့လိုက်ကြီးလာကြတယ်။ ဒီရောက်နေတာကြာပေမဲ့ အလုပ်က မရတော့ စားဖို့ နေဖို့ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ အသင်းကိုခေါ်ပြီး ကူညီပေးထားရတာလည်းရှိတယ်’’လို့ မလေးရှားရောက်မြန်မာတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

တချိန်တည်းမှာပဲ ခိုက်ရန်ဖြစ်မှု၊ ဆူညံမှုကြောင့်တိုင်တန်းခံရမှုအပါအဝင် မြန်မာတွေကို ဖမ်းဆီးမိတဲ့အခါ မလေးရှားရဲတပ်ဖွဲ့ဟာ အလုပ်အကိုင်ခွင့်ကတ်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ၊ UNHCR ဒုက္ခသည်ကတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချုပ်ခန်းမှာ သီတင်း ၂ ပိတ်နေထိုင်စေပြီးမှ တရားစွဲကာ အထောက်အထားခံလုံမှ ဝန်ခံကတိနဲ့ပြန်လွှတ်ပေးတာတွေရှိလာတယ်လို့လည်း မြန်မာတွေအရေး ကူညီပေးနေသူတွေက ပြောထားကြပါတယ်။