တမြို့လုံးဝမ်းကွဲတွေတော်ပြီး မျိုးရိုးလိုက် ရှားပါးရောဂါတွေ့ရတဲ့ ဘရာဇီးက နယ်မြို့လေး

    • ရေးသားသူ, ဂူလီယာ ဂရန်ချီ နဲ့ ဗစ်တာ တာဗာရက်စ်
    • ရာထူးတာဝန်, ဘီဘီစီ ဘရာဇီး သတင်းထောက်များ
    • ရေးသားပေးပို့သည့်နေရာ, Serrinha dos Pintos

လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက သူသွားလည်ပတ်ခဲ့တဲ့မြို့ငယ်လေးမှာ အိမ်နီးချင်းက ကလေးငယ်တွေဟာ လမ်းမလျှောက်နိုင်ဖြစ်နေခဲ့ကြတာကို စီဗာနာ ဆန်းတို့စ် အခုထိ အမှတ်ရနေတုန်းပါ။

မြို့အဝင်နားလေးမှာနေထိုင်တဲ့ လိုလို့စ်ရဲ့ သမီးတွေ၊ လမ်းအဆုံးက ရီဂျိန်၊ ဓါတ်ဆီဆိုင်အကျော်က မာကွင်းဟို့စ်နဲ့ ကျောင်းနားက ပေါ်လင်နာတို့ ... စသဖြင့်ပေါ့။

ဆဟင်ဒါ ဒွန် ပန်းတို့စ်မြို့ငယ်လေးဟာ ဘရာဇီးနိုင်ငံ အရှေ့မြောက်ဘက်ခြမ်းက ဝေးလံပြီး တသီးတခြားဖြစ်နေတဲ့မြို့လေးဖြစ်ပါတယ်။ လူဦးရေ ၅,၀၀၀ တောင် မပြည့်ပါဘူး။ ဇီဝဗေဒနဲ့ မျိုးရိုးဗီဇပညာရှင် ဆန်းတို့စ်ဟာ အဲဒီမြို့မှာပဲ အရင်တုန်းက အမျိုးအမည်မသိနိုင်တဲ့ Spoan ဆိုတဲ့ရောဂါကို တွေ့ခဲ့တာပါ။

မသန်စွမ်းဖြစ်စေနိုင်တဲ့ ရှားပါးမျိုးရိုးဗီဇဆိုင်ရာ ဦးနှောက်နဲ့ အာရုံကြောချို့တဲ့မှု SPOAN ရောဂါအကြောင်း သူ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီ SPOAN ရောဂါဟာ ခြေလက်အကြောသေတာ၊ မျက်လုံးအာရုံကြော ချို့ယွင်းတာ နဲ့ အာရုံကြောပျက်စီးတာတွေ ဖြစ်စေပါတယ်။ မိဘ ၂ ပါးကနေ ဗီဇပြောင်းလဲမှုအမွေရသူတွေမှာသာ ဖြစ်ပေါ်တာမျိုးပါ။

ဆန်းတို့စ်ရဲ့သုတေသနဟာ ဒီရောဂါကို ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် သတ်မှတ်မှုဖြစ်လာပါတယ်။ ဒီအတွက်ရော နောက်ပိုင်း သူ့ရဲ့သုတေသနအတွက်ပါ ဆန်းတို့စ်ဟာ ၂၀၂၄ ခုနှစ်မှာ ဘီဘီစီရဲ့ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ မှာ ထည့်သွင်း ဖော်ပြခံရပါတယ်။

ဆန်းတို့စ်တစ်ယောက် အဲဒီမြို့ကို မရောက်ခင်တုန်းကဆိုရင် မြို့ခံတွေဟာ သူတို့ရဲ့ကလေးတွေဖြစ်နေတဲ့ နာမကျန်းမှု ဘယ်ကစဖြစ်တယ်ဆိုတာကို အစရှာမရကြပါဘူး။ ဒီနေ့ကာလမှာတော့ မြို့ခံတွေဟာ Spoan နဲ့ မျိုးဗီဇကြောင့်ဖြစ်တယ်ဆိုတာကို ယုံကြည်မှုရှိရှိ ပြောနိုင်ကြပါပြီ။

''ကျွန်တော်တို့မှာ လုံးဝမရခဲ့ဘူးတဲ့ စမ်းသပ်မှုတွေကို သူ လုပ်ပေးခဲ့တယ်။ သူ့ရဲ့သုတေသနအပြီးမှာ ကူညီတဲ့လူတွေရောက်လာပြီး ရန်ပုံငွေတွေ၊ ဘီးတပ်ကုလားထိုင် တွေရလာကြတယ်" လို့ လူနာတစ်ဦးဖြစ်တဲ့ မာကွင်းဟို့စ်က ပြောပါတယ်။

ဆဟင်ဒါ ဒွန် ပန်းတို့စ် သို့မဟုတ် သီးသန့်ကမ္ဘာတစ်ခု

ဆော်ပေါ်လိုဟာ ဘရာဇီးမှာ အကြီးဆုံးမြို့ဖြစ်သလို အချမ်းသာဆုံးမြို့လည်း ဖြစ်ပါတယ်။ ဆန်းတို့စ်ဟာ ဆော်ပိုလိုသူပါ။ ဒီမြို့မှာ သူ့ အိမ်နီးချင်းတွေဟာ ဆဟင်ဒါမြို့ဘက်က အမျိုးအဆွေတွေလည်း ပါဝင်ပါတယ်။ အိမ်နီးချင်းက လူအများစုဟာ နှစ်ဝမ်းကွဲ၊ သုံးဝမ်းကွဲ စတဲ့ ဝမ်းကွဲမောင်နှမ ဆွေမျိုးတော်ကြသူတွေဖြစ်ပြီး ဝမ်းကွဲတွေအချင်းချင်း ပြန်ယူထားကြသူတွေလည်း ရှိပါတယ်။

''လမ်းမလျှောက်နိုင်ကြတဲ့သူ အတော်များတာ။ ဒါပေမဲ့ အကြောင်းရင်းကို ဘယ်သူမှ မသိကြဘူး'' လို့ ဆန်းတို့စ်က သူ့ဇာတိမြို့အကြောင်း ပြောပြပါတယ်

အိမ်နီးချင်းသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ ဇီလန္ဒီးယားဆိုရင် နိစ္စဒူဝ အလုပ်တွေ လုပ်ဖို့ အားအင်ဆုတ်လျော့လာမှုကို ခံစားခဲ့ရပါတယ်။ သူ ကလေး ဘဝမှာ မျက်ကြောလိုက်တာ၊ ခြေလက်တွေ အင်အားယုတ်လျော့တာနဲ့ သွားသွားလာလာလုပ်ဖို့ ဘီးတပ်ကုလားထိုင် လိုတာတာတွေဖြစ်လာပါတယ်။

ဆန်းတို့စ်နဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ နှစ်နဲ့ချီကြာအောင် စုံစမ်းခဲ့ပြီးတဲ့နောက်မှာတော့ ဒါဟာ အရင်တုန်းက မှတ်တမ်းမတင်ထားသေးတဲ့ မျိုးဗီဇ မူမမှန်မှု Sopan ရောဂါကြောင့် ဆိုတာ တွေ့ခဲ့ကြပါတယ်။

ကမ္ဘာတလွှား ဒီရောဂါ ဖြစ်နေတဲ့ဖြစ်ရပ်ပေါင်း ၈၂ ခုကိုလည်း သူတို့ ဆက်တွေ့ခဲ့ကြပါတယ်။

ဆန်းတို့စ်ဟာ သူ့ အိမ်နီးချင်းတွေက ဖိတ်ခေါ်လို့ ဆဟင်ဒါမြို့ကို အားလပ်ရက် ထွက်ခဲ့ပါတယ်။ သူရောက်သွားတဲ့နေရာဟာ သူတို့ဘာသာ တစ်ကမ္ဘာဖြစ်နေတဲ့နေရာလို့ သူက ညွှန်းဆိုပြောပါတယ်။​

စိမ်းစိမ်းစိုစိုရှုမျှော်ခင်း၊ တောတောင်အထပ်ထပ်ကြောင့်တင်မဟုတ်ဘဲ ထူးထူးခြားခြား သတိထားမိစရာ လူမှုအသိုက်အဝန်းကြောင့် ဒီလိုညွှန်းရတာလို့ သူက ပြောပြပါတယ်။

လမ်းလျှောက်ချိန် လူတွေနဲ့ စကားပြောကြည့်လေလေ ဝမ်းကွဲတွေကြား လက်ဆက်မှုဟာ ဒီမှာ ဖြစ်ရိုးဖြစ်စဥ်လို ဖြစ်နေတယ်ဆိုတာကို သူ တအံ့တသြ သိလာရလေလေပဲလို့ ဆိုပါတယ်။

ဆဟင်ဒါမြို့ဟာ သီးခြားကမ္ဘာလိုဖြစ်နေတာ နောက်ပြီး အပြင်ကလူမရောက်လာတာကြောင့်လည်း ဒေသခံတွေကြား တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆွေမျိုးချင်း လက်ဆက်နေကြဖို့ အကြောင်းဖန်ပါတယ်။

အိမ်ထောင်ပြုခဲ့ပြီးသည့်တိုင်အောင် သူတို့တွေက ဆွေမျိုးနီးစပ် တော်စပ်ကြတယ်ဆိုတာကို စုံတွဲအများစုက တကယ်ကို မသိခဲ့ကြပါဘူး။ သိကြသူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ဆွေမျိုးအချင်းချင်းလက်ဆက်တာဟာ မင်္ဂလာသက် ရှည်ကြာပြီး မိသားစုရဲ့ထောက်ခံမှုလည်း ခိုင်ခိုင်မာမာရကြတယ်လို့ မှတ်ယူကြပါတယ်။

ဆွေမျိုးတွေအချင်းချင်းအိမ်ထောင်ပြုကြတာက ကမ္ဘာ့မှာလည်း ရှိပါတယ်။ ခန့်မှန်းချက်အရဆိုရင် ၁၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲဒီလို လက်ဆက်မှုကနေ မွေးလာတဲ့ကလေးတွေကလည်း ကျန်းမာကြပါတယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း အဲဒီလိုလက်ထပ်မှုတွေဟာ အန္တရာယ်ရှိတဲ့ မျိုးဗီဇကွဲ ပြောင်းလဲမှုကို မိသားစုမှာ ဆင်းသက်မှု အန္တရာယ်မြင့်မားပါတယ်။

"သွေးမတော် သားမစပ်နဲ့ စုံတွဲဆိုရင် ကလေးရတဲ့အခါ ရှားပါးမျိုရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါဒါမှမဟုတ် မသန်စွမ်းဖြစ်နိုင်ဖို့က ၂ ကနေ ၃ ရာခိုင်နှုန်းအထိပဲ ရှိပါတယ်။ ဆွေမျိုးချင်းအိမ်ထောင်ပြုသူတွေမှာတော့ ကိုယ်ဝန်တစ်ကြိမ်ဆောင်တိုင်း ဖြစ်နိုင်ခြေက ၅ ကနေ ၆ ရာခိုင်နှုန်းအထိရှိတယ်" လို့ ဘရာဇီးဖက်ဒရယ်တက္ကသိုလ်၊ ရီယိုဂရမ်ဒီ ဒိုဆုလ်က မျိုးရိုးဗီဇဆိုင်ရာပညာရှင် လူဇင်ဗန်ကော်စတာရိုင်စ်က ရှင်းပြ ပါတယ်။

နောက်ပိုင်း လေ့လာချက်တွေအရ ဆရင်ဟာမြို့က အိမ်ထောင် ၃၀ ရာခိုင်နှုန်းဟာ ဆွေမျိုးချင်း အိမ်ထောင်ပြုကြတာတွေဖြစ်ပြီး သူတို့ထဲက သုံးပုံတစ်ပုံမှာ သူတို့ရဲ့ကလေးတစ်ဦးတိုင်းက မသန်စွမ်းသူတွေ ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

ရောဂါ နာမည်ဖော်ဖို့ ခရီးရှည်

ဆဟင်ဒါမြို့က လူတွေအတွက် ရောဂါနာမည် ဖော်နိုင်ဖို့ ဆန်းတို့စ် တစ်ယောက် ကြိုးပမ်းပါတယ်။ မျိုးရိုးဗီဇအသေးစိတ်လေ့လာမှုအစီအစဥ်ကို စတင်ခဲ့ပါတယ်။ အကြိမ်ကြိမ် သွားချည်လာလှည့် လုပ်ခဲ့ရတာကြောင့် နောက်ဆုံးမတော့ အဲဒီမြို့ကို ပြောင်းရွှေ့နေဖို့ ဖြစ်လာပါတယ်။

သူ သုတေသန စလုပ်ခါစတုန်းကဆိုရင် ဆော်ပေါ်လိုနဲ့ သူ့ သုတေသနယ်ကြား အသွားအပြန် ကီလိုမီတာ ၂,၀၀၀ အထိကို အကြိမ်ကြိမ် ကားမောင်း ခရီးနှင်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ DNA နမူနာတွေကို တစ်အိမ် တစ်အိမ်ဆင်း စုဆောင်းပါတယ်။ ရောဂါဖြစ်ပွားစေတဲ့ ဗီဇပြောင်းလဲမှုကို ရှာဖွေဖို့ကြိုးစားနေချိန်အတွင်း မိသားစု စုရုံးပြီး သူတို့အကြောင်းတွေကို နားထောင်ရတာ၊ ကော်ဖီသောက်ရင်းစကားတွေပြောတာတွေလုပ်ခဲ့ရပါတယ်။

မြေပြင်မှာ သုံးလလောက်ပဲ အလုပ်ရမယ်လို့ မှန်းဆခဲ့ပေမဲ့ လက်တွေ့မှာတော့ နှစ်ချို့အောင် ကြာခဲ့ပါတယ်။

အဖွဲ့ရဲ့ ဒီလိုကာလရှည်လေ့လာမှုကြောင့်ပဲ ဘရာဇီးနိုင်ငံထဲမှာ Spoan ရောဂါ တည်ရှိနေတယ်ဆိုတာကို ၂၀၀၅ ခုနှစ်မှာ အများပြည်သူသိနိုင်အောင် သုတေသန အစီရင်ခံစာထုတ်နိုင်ခဲ့ပါတယ်။

ခရိုမိုဇုန်းရဲ့ သေးငယ်တဲ့အပိုင်းအစတွေက လျော့ကျမှုပါဝင်တဲ့ သန္ဓေပြောင်းလဲမှုကို ဆန်းတို့စ်ရဲ့အဖွဲ့တွေ့ရှိခဲ့ပါတယ်။ အဲဒီအရာဟာ ဦးနှောက်ဆဲလ်တွေထဲမှာ အဓိကကျတဲ့ပရိုတိန်းဓါတ်ကို ပိုမိုထုတ်လုပ်တဲ့ မျိုးရိုးဗီဇကို ဖြစ်ပေါ်စေတာပါ။

"သူတို့ပြောတာတော့ ကျွန်တော်တို့ မိသားစုထဲမှာ မြာပွေတဲ့ မက်ဆီမီယာနိုဆီကနေ ပါလာတာလို့တော့ ပြောကြတာပါပဲ'' လို့ လယ်သမားဖြစ်သူ လိုလ်အိုက ပြန်ပြောပြပါတယ်။ သူ့သမီး ရီဂျန်က Spoan ရောဂါသည်ပါ။

လိုလ်အိုဟာ ဆဟင်ဒါမြို့ကနေ ဘယ်မှမသွားခဲ့ဖူးသူဖြစ်သလို သူရဲ့ဝမ်းကွဲ နှမနဲ့ လက်ထပ်ခဲ့သူဖြစ်ပြီး အခုတော့ အသက် ၈၃ နှစ်ရှိနေပါပြီ။ အခုအသက်အရွယ်အထိ ကျွဲနွားတွေ ကျောင်းနေရဆဲဖြစ်သလို နိစ္စဒူဝကိစ္စတွေကို ကိုယ့်ဘာသာမလုပ်နိုင်တဲ့ သမီးဖြစ်သူ ရီဂျိန်အတွက် မိသားစုကို အားကိုးနေရသူပါ။

ဒါပေမယ့်လည်း Spoan ရဲ့ နောက်ကွယ်က မျိုးရိုဗီဇဆိုင်ရာသန္ဓေပြောင်းလဲမှုဟာ မိသားစု အစဥ်အဆက် ပြောခဲ့ကြတဲ့ မက်ဆီမီယာနို ပါးစပ်ရာဇဝင်ထက် ပိုပြီးတော့ အိုဟောင်းကြာရှည် ပါတယ်။

ဒီရောဂါဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ကျော်မှာ အစောပိုင်းဥရောပသားတွေ အရှေ့မြောက်ဘရာဇီးကို အခြေချခဲ့တဲ့အချိန်လောက်ကတည်းက ဖြစ်နေတာမျိုးပါ။

"မျိုးဗီဇ ကွင်းဆက်လိုက်လေ့လာမှုတွေအရဆိုရင် လူနာတွေမှာ ဥရောပအနွယ် ဘိုးဘွားတွေရှိတယ်ဆိုတာကို ပြတယ်။ နောက်ပြီး ‌ဒေသတွင်းမှာ ပေါ်တူဂီ၊ ဒတ်ချ်နဲ့ ဂျူးတွေနေခဲ့ကြတယ်ဆိုတာကိုလည်း ပြသတယ်'' လို့ ဆန်းတို့စ်က ပြောပါတယ်။

အီဂျစ်မှာ Spoan ရောဂါ ၂ ခုကို တွေ့ရှိခဲ့ပြီးနောက်တော့ အဲဒီအယူအဆ ခိုင်မာဖို့ ဖြစ်လာပါတယ်။ နောက်ထပ်လေ့လာမှုတွေကလည်း အဲဒီအီဂျစ်ရဲ့ဖြစ်စဥ်မှာလည်း ဥရောပ ဘိုးဘွားတွေကနေ ဆင်းသက်ဆက်နွှယ်တယ်ဆိုတာကို ပြသပါတယ်။

"ဖိနှိပ်ခံရမှုကနေ ထွက်ပြေးလာကြတဲ့ ဆပ်ဖားတစ် ဂျူးတွေ ဒါမှမဟုတ် အာဖရိက အနောက်မြောက်စွန်းမှာ နေထိုင်ကြတဲ့မွတ်ဆလင်ဘာသာဝင် - မူးစ်တွေက ပါလာနိုင်ဖွယ်ရှိခဲ့တယ်" လို့ ဆန်းတို့စ်ကပြောပါတယ်။ ကမ္ဘာအနှံ့မှာ အထူးသဖြင့် ပေါ်တူဂီမှာ ဒီလိုအလားတူ ရောဂါလက္ခဏာမျိုးတွေရှိနေနိုင်မယ်လို့လည်း သူက မှတ်ယူထားပါတယ်။

ဘေးအန္တရာယ်တွေကို သိမြင်ခြင်း

ကုထုံးတစ်ခုပေါ်လာတဲ့အထိ တဟုန်တိုး အောင်မြင်ဖြစ်ထွန်း တိုးတက်တာမျိုးမဟုတ်ပေမဲ့လည်း လူနာတွေရှိနေပါတယ်လို့ စာရင်းပြုစုနိုင်တာနဲ့တင် အပြောင်းအလဲကောင်းလို့ မှတ်ယူရမလိုပါ။

အရင်က လူတွေဟာ သူ့ကို "မသန်မစွမ်း" ဆိုပြီး ခေါ် ခဲ့ကြတယ်လို့ ရီဂျိန်က ပြန်ပြောပြပါတယ်။ ''အခုတော့ သူတို့က ကျွန်မမှာ Spoan ဖြစ်နေတာလို့ပဲ သဘောရိုးနဲ့ ခေါ်နေကြပါပြီ။

ဘီးတပ်ကုလားထိုင်တွေဟာ ဒီလိုရောဂါသည်တွေအတွက် ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ဖြစ်လာစေရုံတင်မက ကိုယ်အင်္ဂါချို့ယွင်းမှု၊ ပုံပန်းမကျမှုကိုတော့ ကူညီကာကွယ်ပေးပါတယ်။ အတိတ်မှာတုန်း ကတော့ အခုလိုရောဂါသည်တွေဟာ ကုတင် ဒါမှာမဟုတ် ကြမ်းပြင်ပေါ်မှာဘဲ ဒီအတိုင်း လှဲနေခဲ့ကြရတာပါ။

Spoan ရောဂါတိုးလာတာနဲ့အမျှ အသက်အပိုင်းအခြားနဲ့အတူ ရုပ်ပိုင်းဆိုင်ရာမှာ ကန့်သတ်ချက်တွေလည်း ဆိုးလာပါတယ်။ အသက် ၅၀ အရွယ် ရောက်တဲ့အခါမှာ လူနာအားလုံးဟာ တစ်ပါးသူကို မှီခိုရတဲ့ဘဝရောက်ရပါတယ်။

ဆဟင်ဒါမြို့မှာ အသက်အကြီးဆုံးကလေးတွေဖြစ်တဲ့ အင်နေးရဲ့ ကလေး ချင်ကွင်ဟို အသက် ၅၉ နှစ်ရှိသူဆိုရင် စကားမပြောနိုင်တော့သလို အသက် ၄၆ နှစ်ရှိတဲ့ မာကွင်ဟိုစ် ဆိုရင်လည်း ဆက်သွယ်ပြောဆိုနိုင်မှုစွမ်းအား အကန့်အသတ်ဖြစ်သွားခဲ့ပါပြီ။

"ဒီလို ကလေးထူးရှိတာ ခက်ခဲပါတယ်။ သူတို့ကို ကျွန်မတို့ တန်းတူချစ်ပေမဲ့ သူတို့အတွက်လည်း နာကျင်ခံစားရတာပေါ့" လို့ သူရဲ့နှစ်ဝမ်းကွဲဆွေမျိုးနဲ့ လက်ထက်ထားသူ အင်နေးက ပြောပါတယ်။

ချင်ကွင်ဟို နဲ့ မာကွင်ဟို့စ် တို့ရဲ့ တူဖြစ်သူ အသက် ၂၅ နှစ်အရွယ်၊ လာရစ်ဆာ ခီရော့ဇ်ကလည်း သွေးအနည်းငယ်လှမ်းတဲ့ဆွေမျိုးနဲ့ပဲ လက်ထပ်ခဲ့တာပါ။ သူနဲ့ သူရဲ့ခင်ပွန်းဖြစ်လာသူ ဆောလ်အိုဟာ နှစ်ယောက်သား လနဲ့ချီကြာအောင် ပိုးပန်းခဲ့ကြပြီးမှ သူတို့ ဘိုးဘွားတွေက တစ်မိသားစုတည်းဖြစ်နေတာကို သိခဲ့ကြတာပါ။

"ဆဟင်ဒါ ဒွန် ပန်းတို့စ်မှာ တကယ့်တကယ်အမျိုးဆက်ကြည့်ရင် အကုန်လုံးက ဝမ်းကွဲတွေချည်းပဲ။ တစ်ယောက်နဲ့တစ်ယောက် အမျိုးတော်နေကြသူတွေချည်းပဲ'' လို့ သူက ပြောပါတယ်။

လာရစ်ဆာနဲ့ ဆောလ်အိုတို့လို ဇနီးမောင်နှံတို့ကတော့ ဆန်းတို့စ်ပါဝင်တဲ့ သုတေသန စီမံကိန်းအသစ်ကို အာရုံစိုက်နေကြပါတယ်။ ဒီသုတေသနကို ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာနက ကျောထောက်နောက်ခံပြုပါတယ်။ စုံတွဲပေါင်း ၅,၀၀၀ ကို ဗီဇချိတ်ဆက်မှုက နေပြင်းထန်တဲ့ငုပ်လျှိုးနေတဲ့ရောဂါမျိုးကို ဆန်းစစ်ဖို့ လုပ်မှာဖြစ်ပါတယ်။

ဆွေမျိုးသားခြင်းပြန်ယူကြတာကို ရပ်တန့်ဖို့ မဟုတ်ပေမဲ့ သက်ဆိုင်ရာ အကြင်လင်မယားတွေအနေနဲ့ သူတို့မှာဖြစ်လာနိုင်ခြေရှိတဲ့ မျိုးဗီဇ ပြောင်းလဲမှု အန္တရာယ်ကို သိလာကြစေဖို့ ရည်ရွယ်တယ်လို့ ဆန်းတို့စ်က ပြောပါတယ်။

အခုတော့ တက္ကသိုလ်ပါမောက္ခဖြစ်နေသူ ဆန်းတို့စ်ဟာ သူကိုယ်တိုင် ဦး‌ဆောင်ပြီး မျိုးရိုးဗီဇပညာရေးစင်တာနဲ့ အရှေ့မြောက်ပိုင်းအတွင်း စမ်းသပ်စစ်ဆေးမှုကိုချဲ့ထွင်ပြီး အလုပ်လုပ်ကိုင်နေပါတယ်။

ဆဟင်ဒါ ဒွန် ပန်းတို့စ်မြို့မှာ သူ မနေတော့ပေမဲ့ အဲဒီကိုလာတိုင်းမှာ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်သလို ခံစားရမိတယ်လို့ သူက ပြောပါတယ်။

'' စီဗာနာက မိသားစုဝင်တစ်ဦးလိုပါပဲ'' လို့ အင်နေးက ပြောပါတယ်။