မော်ရိုကိုငလျင် - ပျောက်နေသူတွေကို စက်မပါဘဲရှာဖွေနေရ

သေဆုံးသူ လူပေါင်း ၂၀၀၀ ကျော်အထိရှိနေတဲ့ မော်ရိုကိုနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၄၈ နာရီကျော်ကြာလာချိန်မှာပဲ ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်သူကျန်ရစ်မယ့်သူတွေကိုအပျက်အစီးပုံတွေ‌အောက် စက်မပါ လက်ဗလာနဲ့ တူးဆွ ရှာဖွေနေရပါတယ်။

ငလျင်ဗဟိုချက်ရှိရာ တောင်တန်းဒေသက ရွာတွေမှာတော့ အပျက်အစီးတွေ ဒီအတိုင်းရှိနေသလို ဒေသခံတွေဟာ အကူအညီကို အရေးတကြီးမျှော်လင့်နေကြပါတယ်။

မော်ရိုကိုအစိုးရကတော့ ဗြိတိန်၊ စပိန်၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ဆီကနေ အကူအညီတွေ လက်ခံရထားပြီလို့ ပြောပါတယ်။

သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးဖြစ်ပြီး မာရာကတ်ရှ်ဒေသ တောင်ပိုင်းက အတ်ကလပ်စ်တောင်တန်းတွေက ကျေးရွာတွေအောက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက်ရောက်နေတဲ့ Tafeghaghte ဆိုရင် ရွာရှိလူကုန် အယောက် ၂၀၀ မှာ အယောက် ၉၀ သေဆုံးပြီလို့ အတည်ပြုထားနိုင်ပြီး နောက်ထပ် လူအတော်များများလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

သေဆုံးသူတိုးလာ

သောကြောနေ့က ငလျင်ကြောင့်သေဆုံးသူအရေအတွက် အခုဆို ၂၄၉၇ ဦးအထိမြင့်တက်လာတယ်လို့ မော်ရိုကိုပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ အရင်တုန်းက ကြေညာထားတဲ့ပမာဏထက်စာရင် သေဆုံးသူအရေအတွက် ၃၀၀ နီးပါး တိုးလာတာဖြစ်ပါတယ်။

ဒဏ်ရာရသူ ၂၄၀၀ ကျော်လည်းရှိနေတယ်လို့ ဝန်ကြီးဌာနက ပြောထားပါတယ်။

‘‘မိဘတွေနဲ့ သား ဘယ်သူ့ကို ရွေးကယ်ရမလဲ’’

တာယစ် အစ် အစ်ခန်ဘက်ဇ် က မော်ရိုကိုငလျင်မှာ အပျက်အစီးအောက် ပိတ်မိနေတဲ့ မိဘတွေနဲ့ အသက် ၁၁ အရွယ် သားဖြစ်သူတို့ကို ဘယ်သူ့ကိုအရင်ကယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြုံခဲ့ရသူပါ။

အက်တလပ်စ်တောင်တန်းတွေပေါ်မှာ ဆိတ်မွေးသူ သူ့အတွက် ဒီဆုံးဖြတ်ချက်ဟာ ခြောက်လှန့်နေဆဲပဲလို့ ပြောပါတယ်။

ငလျင်အပြီး ပြိုကျသွားတဲ့အိမ်ကို သူပြန်ရောက်လာတဲ့အခါ အပျက်အစီးတွေအောက်မှာ သားဖြစ်သူရော မိဘတွေပါ ပိတ်မိနေတာကို သူတွေ့ခဲ့ရပြီး သားငယ်ရဲ့လက်ကလေးကတော့ အပျက်အစီးတွေကြားမှာ တလှုပ်လှုပ် လှုပ်လို့ပါ။

ဒါကို မြင်တဲ့သူ့အတွက် သားဖြစ်သူ အာဒမ်ဆီကို အပြေးသွားခဲ့ပြီး အပျက်အစီးတွေကြားကနေ သားဖြစ်သူ သူ တူးထုတ်ခဲ့ပါတယ်။

မိခင်နဲ့ဖခင်ကို ကယ်ထုတ်ဖို့ သူ လှည့်လိုက်ချိန်မှာတော့ ကျောက်တုံးကြီး အောက်ပိတ်မိနေတဲ့ သူ့မိဘတွေက သူကယ်တဲ့အချိန်အထိ မစောင့်နိုင်ခဲ့ကြပါဘူး။

‘’သားနဲ့ မိဘတွေကြား ဘယ်သူ့ကို အရင်ကယ်မလဲဆိုတာ ရွေးခဲ့ရတယ်’’ လို့ မျက်ရည်တွေနဲ့သူက ပြောပြပါတယ်။

‘’မိဘတွေ ဆုံးပါးတာကို ကြုံခဲ့ရတယ်’’

‘‘ဒေသန္တရကယ်ဆယ်ရေးအဖွဲ့တွေ ပင်ပန်းလှပြီ’’ ICRC

မော်ရိုကိုနိုင်ငံမှာ သောကြာနေ့က လှုပ်ခတ်သွားတဲ့ငလျင်အလွန် ကူညီကယ်ဆယ်ရေးဟာ နိုင်ငံတကာရဲ့ အကူအညီတကယ်လိုအပ်တဲ့အဆင့်ကိုရောက်နေပြီလို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ပြောလိုက်ပါတယ်။

‘’အသက်ရှင်ကျန်ရစ်သူတွေ အထူးသဖြင့် သတင်းတွေမှာလည်းဖော်ပြနေတာပေါ့လေ၊ အဲဒီအသက်ရှင်သူတွေဟာ အစားအသောက်နဲ့ ရေလိုအပ်နေတယ်။ စောင်လိုတယ်။ အမိုးအောက်ရောက်ဖို့လိုတယ်။ ဆေးဝါးအချို့လည်း လိုအပ်နေတယ်’’ လို့ အဲဒီအဖွဲ့ရဲ့ဒေသတွင်းဒါရိုက်တာ ဟိုဆမ် အယ်လ် ရှာခါဝီက ပြောပါတယ်။

အဖွဲ့သက်တမ်းတလျှောက် နှစ်ပေါင်း ၂၀ ကနေ ၃၀ အတွင်း အလားတူ အတွေ့အကြုံတွေရှိထားတာကြောင့် အခုလို ငလျင်အတွက် အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ဖြန့်ကြက်ထားနိုင်ပြီလို့သူက ပြောပါတယ်။

‘’ဒီလိုဖြစ်ရင် ဒါတွေဖြစ်လာမယ်ဆိုတာ အတွေ့အကြုံအရ သိထားပြီးဖြစ်ပါတယ်။ အခု သူတို့လိုအပ်နေတာက နိုင်ငံတကာအကူအညီပါ’’

‘’အခုအထိ ဒေသန္တရကူညီကယ်ဆယ်ရေးအဖွဲ့တွေက အတော့်ကို ချီးကျူးစရာကောင်းလောက်အောင် အလုပ်လုပ်ထားနိုင်ကြပါတယ်။ ဒါပေမဲ့ ၃ ရက်မြောက်ထဲ ဝင်လာပြီဆိုတော့ သူတို့တွေ ခြေကုန်လက်ပန်း ကျကုန်ပြီ။ နိုင်ငံတကာက လာကူတဲ့သူတွေကို လိုနေပြီ’’

လက်ရှိမှာတော့ ဗြိတိန်၊ စပိန်၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတွေကနေ အကူအညီတွေရထားပြီး နောက်ထပ်အကူအညီတွေကိုလည်း လက်ခံမယ်လို့ မော်ရိုကို အစိုးရက ပြောထားပါတယ်။

ခေါင်ဖျားတဲ့အရပ်တွေမှာ ဆုံးပါးသူတွေကို ဆွဲထုတ်နေရဆဲ

မော်ရိုကို ငလျင်ဒဏ်ခံ ဝေးလံခေါင်ဖျားတဲ့အရပ်တွေမှာတော့ ဒေသခံတွေဟာ တတိယမြောက်ညကို လေဟာပြင်မှာပဲ ကုန်ဆုံးခဲ့ရပြန်ပါတယ်။

ငလျင်ဗဟိုချက် အက်တလပ်စ်တောင်တန်းက အချို့ရွာတွေမှာဆိုရင် ရွာလုံးကျွတ် အဆောက်အအုံတွေ ပြိုကျကုန်တာဖြစ်ပါတယ်။ အဲဒီထဲမှာ မူလေဘာဟင်းရွာလည်းပါဝင်ပါတယ်။

အပြင်မှာ ရွက်ဖျင်တဲထိုးပြီးနေရတဲ့ ဒေသခံ အမျိုးသားတစ်ယောက်က ဆိုရင် အခုအချိန်အထိ အပျက်အစီးတွေအောက်ကနေ အလောင်း ၄၀ ကျော်ကို ဆွဲထုတ်ထားရပြီး ဒေသခံတွေဟာ လက်ချည်းဗလာနဲ့ ပျောက်နေသူတွေကို ရှာနေရတယ်လို့ ပြောထားတယ်ဆိုပြီး ဘီဘီစီသတင်းထောက်က အက်တလပ်စ်တောင်တန်းကနေ သတင်းပေးပို့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးမှာ အကြီးမားဆုံးပြဿနာကတော့ အလှမ်းဝေးတဲ့အဲဒီဒေသကို စက်ယန္တရားကြီးတွေ ရောက်ရှိဖို့ ဖြစ်ပါတယ်။

မာရာကတ်ရှ်ကနေ ဒီရွာကိုလာတဲ့တလျှောက်မှာ လမ်းမကြီးတစ်ခုဆိုရင် အပျက်အစီးတွေကြောင့် လုံးဝ ပိတ်ဆို့နေခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီလို အရပ်တွေကို အကူအညီပေးရေးအဖွဲ့တွေ လာဖို့ ကြိုးစားနေပေမဲ့ ရောက်နိုင်ဖို့ အတော်လေး အခက်ကြုံရလိမ့်မယ်လို့လည်း သူက လမ်းအခြေအနေကို ပြောပြပါတယ်။

ဒေသခံတွေအများစုကတော့ ဒေသန္တရအဆင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေးအစီအစဥ်ဟာ ဘက်စုံထောင့်စုံဖြစ်မနေဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ဆရာ ဆရာမ ၇ ဦးသေဆုံးပြီး ကျောင်းရာချီပျက်စီး

ငလျင်ဒဏ်အဆိုးရွားဆုံးခံရတဲ့ဒေသတွေမှာ ကျောင်းသားတွေကို စာသင်ဖို့ ယာယီဆိုင်းငံ့လိုက်တယ်ဆိုပြီး မော်ရိုကို ပညာရေးဝန်ကြီးဌာနက ကြေညာလာပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်နေချိန်မှာပဲ ကလေးတွေ စာပြန်သင်နိုင်ရေး ပြန်စနိုင်ဖို့ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ကြိုးစားမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ဆရာ ဆရာမ ၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၄၀ နီးပါး ဒဏ်ရာရခဲ့ကြတယ်လို့လည်း ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ငလျင်ကြောင့် ကျောင်းပေါင်း ၅၈၀ ကျော် ပျက်စီးပြီး အချို့ကျောင်းသားတွေကိုတော့ ကျောင်းပြောင်းရွှေ့ သင်ယူစေတာတွေလုပ်ထားတယ်လို့ ဆိုပါတယ်။

(မော်ရိုကိုငလျင်ကြီးနဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ်မှာ စုစည်းဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်)