ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက ခွင့်ပြုထားတဲ့ ကောက်ပဲသီးနှံတင်ပို့ခွင့် သက်တမ်းတိုးဖို့ ကုလနဲ့ ယူကရိန်း သမ္မတ ဆွေးနွေး- မတ် ၈ ရက် ညနေခင်း နိုင်ငံတကာသတင်းများ
ယူကရိန်းက ကောက်ပဲသီးနှံတွေ တင်ပို့နိုင်ဖို့ သဘောတူညီချက်ကို ရုရှားနဲ့ ဘယ်လို သက်တမ်းတိုးမလဲဆိုတာ ကိယက်မြို့မှာ ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ဆွေးနွေးနေပါတယ်။
ရုရှားကပိတ်ဆို့ထားတဲ့ အပေါ် ဒီကောက်ပဲသီးနှံတွေ တင်ပို့နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က တူရကီနဲ့ ကုလသမဂ္ဂတို့ ကြားဝင် စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်က လာမယ့် ၁ဝ ရက်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရုရှားရဲ့ ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စျေးကွက်မှာ ကောက်ပဲသီးနှံတွေ စျေးတက်ခဲ့ပါတယ်။
ယူကရိန်း လွှတ်တော်အမတ် ကီရာ ရုဒ်ဒစ်က ရုရှားနဲ့ သဘောတူညီချက်ရဖို့ လိုအပ်ပေမဲ့ ဒါက ခက်ခဲတယ်လို့ အခုလို ပြောပါတယ်။
"ဒီနှစ်မှာ သဘောတူညီချက်ရဖို့ ဒါမှမဟုတ် တခြားသဘော တူညီချက် ရဖို့ ဖိအားပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါက ယူကရိန်းအတွက်သာမက အစား အသောက် လုံလောက်ဖို့အတွက် ကျွန်မတို့ကို မှီခိုနေတဲ့ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတွေ အတွက်ပါ အရေးကြီးတယ်ပါတယ်"လို့ ပြောပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်ကို ရုရှားက ဘယ်လို အသိအမှတ်ပြုလက်ခံမလဲဆိုတာက အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ရဲ့ သဘောတူညီချက်အရ ပင်လယ်နက်ကနေ ယူကရိန်း ကောက်ပဲသီး နှံတွေကို သယ်ယူပို့ဆောင်ခွင့် ပြုထားတာ ဖြစ်ပါတယ်။
ဒုတိယအကြိမ် သဘောတူညီမှုတွေ မလုပ်ဆောင်ခင် ရုရှားကလည်း သူနိုင်ငံထွက် ကောက်ပဲ သီးနှံတွေ ပိုမိုတင်ပို့နိုင်ဖို့ ထောက်ပံ့မှုတွေ ပိုလုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ ကမ္ဘာပေါ်မှာ ကောက်ပဲသီးနှံတွေကို အများဆုံး တင်ပို့တဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။
ပါကစ္စတန်မှာ စီတန်းလှည့်လည်ဖို့ ကြိုးစားသူတွေကို ရဲက ဖြိုခွဲ
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ စီတန်းလှည့်လည်ဖို့ ကြိုးစားနေတဲ့ ပါတီ တက်ကြွ လှုပ်ရှား သူတွေကို ရေပိုက်တွေ လက်ကိုင်တုတ်တွေကို အသုံးပြုပြီး ရဲတွေက လူစုခွဲဖို့ ကြိုးစားတယ်လို့ အတိုက်အခံခေါင်းဆောင် အီမရန်ခမ်း ထောက်ခံသူတွေက ပြောပါတယ်။
လူမှုကွန်ရက် မီဒီယာပေါ်မှာ တက်လာတဲ့ ရုပ်ပုံတွေမှာ မြို့ထဲမှာ စုရုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေကို တားမြစ်တာကို ချိုးဖောက်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။
လက်ရှိ လုံခြုံရေးအခြေအနေအရ လာဟိုးမှာ လူတွေ စုရုံးတာကို ခရိုင် အစိုးရအဖွဲ့က တားမြစ်ထားပါတယ်။ ဆန္ဒပြတာ၊ စီတန်းလှည့်လည်တာ၊ ထိုင်လျက် ဆန္ဒပြတာတွေကို ခွင့်မပြုထားပါဘူး။
လာမယ့်လမှာ ကျင်းပဖို့ ရှိတဲ့ ခရိုင် ရွေးကောက်ပွဲအတွက် နိုင်ငံရေး လှုပ်ရှားမှုတွေကို တားမြစ် ပိတ်ပင်တာဖြစ်တယ်ဆိုပြီး အတိုက်အခံပြောခွင့်ရက ဒီလုပ်ရပ်ကို ဝေဖန်ပါတယ်။
ထိုင်ဝမ်သမ္မတ အမေရိကန် ခရီးစဉ် တရုတ်စိုးရိမ်
ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က လာမယ့်လမှာ အမေရိကန်ကို သွားရောက်ပြီး ရီပတ်ဘလစ်ကန် လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီနဲ့ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့အပေါ် တရုတ်က တုံ့ပြန်လိုက်ပါတယ်။
ဒီအစီအစဉ်အပေါ် စိုးရိမ်မိတယ်လို့လည်း တရုတ်က ဆိုပါတယ်။ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပလိုစီက ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးတဲ့နောက် ထိုင်ဝမ်အနီးတဝိုက်မှာ စစ်ရေးလေ့ကျင်မှုတွေ တရုတ်က လုပ်ဆောင်ခဲ့ပါတယ်။ အခုတုံ့ပြန်မှုက အဲဒီလုပ်ဆောင်ချက်နဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ထိပ်တန်း အရာရှိတွေ တွေ့ဆုံမှုက တရုတ်နဲ့ တင်းမာနေတဲ့ ဆက်ဆံရေး အပေါ် ပိုမို ဆိုးဝါးစေမလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလိုတွေ့ဆုံဖို့ မစ္စတာ ကယ်ဗင်က တိုက်တွန်းနေတာ ဖြစ်ပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး တနေ့ ပြန်လည် ပေါင်းစည်းဖို့ လုပ်ဆောင်နေပါတယ်။
ဂရိမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပို့ဆောင်ရေးဝန်ထမ်းတွေ ဆန္ဒပြ
ဂရိနိုင်ငံမှာ ပြီးခဲ့တဲ့ တပတ်က လူ ၅၇ဦး သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် သယ်ယူ ပို့ဆောင်ရေးနဲ့ ပြည်သူ့ဝန်ထမ်းတွေ ဒေါသထွက်ပြီး သပိတ်မှောက်နေပါတယ်။
ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကားသမားတွေကလည်း ရထားဝန်ထမ်းတွေရဲ့ သပိတ်မှာ ပါဝင်လာပါတယ်။ ဂရိမှာ ရထားနှစ်စင်း တိုက်မိပြီးတဲ့နောက် ရထားဝန်ထမ်းတွေက လုံခြုံရေးစနစ် ပိုမိုကောင်းမွန်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ် ဆန္ဒပြတာတွေ လုပ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဂရိ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ရောဂေါ့စ် ယာရာ့ပထရေးတစ်က ရထားနှစ်စင်း တိုက်တာကို မတားဆီးနိုင်ခဲ့တဲ့အပေါ် ထပ်တလဲလဲ တောင်းပန်ခဲ့ပါတယ်။
လုံခြုံရေး စနစ်ကို အဆင့်မြှင့်ဖို့ သူက ကတိပေးခဲ့ပြီး ဝန်ထမ်းတွေ ပိုမိုတိုးတက်ဖို့နဲ့ သင်တန်းတွေ ပေးသွားဖို့ လုပ်ဆောင်မယ်လို့လည်း ပြောဆိုထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့ ဂျိုကိုဗစ်ကို မီယာမီအိုးပင်းမှာ ပြိုင်ခွင့်ပေးဖို့ အုပ်ချုပ်ရေးမှူးတောင်းဆို
အမေရိကန် ဖလော်ရီဒါ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးက သမ္မတ ဘိုင်ဒန်အနေနဲ့ ဆားဗီးယား တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်ကို ဒီလမှာ ကျင်းပမယ့် မီယာမီ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကစားခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဂျိုကိုဗစ်က ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် တချို့နိုင်ငံတွေက ဝင်ခွင့်ပေးမပေးအပေါ် အငြင်းပွားနေတာ ဖြစ်ပါတယ်။
ကိုဗစ်ဆေးမထိုးတာကြောင့် ပိတ်ပင်တာက သိပ္ပံနည်းမကျသလို မမျှတဘဲ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ရွန်ဒီဆန်းတစ်က ပြောပါတယ်။
အရေးပေါ် ကာလ ကြေညာချက် အဆုံးသတ်မယ့် မေမှာ ကိုဗစ်ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ရှိနေပါတယ်။
ဒီကနေ့ Indian Wellsမှာ ကျင်းပမယ့် ပြိုင်ပွဲကို ဂျိုကိုဗစ်က လွဲချော်ဖို့ ရှိနေပါတယ်။ ကာကွယ်ဆေးမထိုးချင်တာကြောင့် ပြိုင်ပွဲကို မပြိုင်ဘူးလို့ ဂျိုကိုဗစ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမထိုးရင် ကျောင်းတွေ အစိုးရဌာနနဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ခွင့်မပေးဘူးဆိုတဲ့ ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေကို မစ္စတာ ဒီဆန်းတစ်က ၂ဝ၂၁ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပါတယ်။