အမှုတစ်ခုအတွက် အင်္ဂါနေ့မှာ အဖမ်းခံရနိုင်တယ်လို့ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လိင် အပြာမယ်ဟောင်းတစ်ဦးကို နှုတ်ပိတ်ခပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုအတွက် အင်္ဂါနေ့မှာ ဖမ်းဆီးခံရနိုင်ခြေရှိတယ်လို့ ပြောပါတယ်။
သူ့ကို မန်ဟန်တန် ခရိုင် ရှေ့နေရုံးက အမှုတစ်ခုကြောင့် အဖမ်းခံရဖွယ် ရှိနေတယ်လို့ Truth ဆိုရှယ်မီဒီယာမှာ တင်တဲ့ ပို့စ်အရ သိရတာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ခရိုင်ရှေ့နေရုံးက မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။
မစ္စတာ ထရမ့်က သူ့ကို ထောက်ခံသူတွေကို ဆန္ဒပြကြဖို့ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာကနေ တိုက်တွန်းထားပါတယ်။
ဆန္ဒထုတ်ဖော်ကြ၊ နိုင်ငံကို ပြန်ယူကြ လို့ ထရမ့်က ဆိုပါတယ်။
နောက်တစ်ပတ်မှာ စွဲချက်တင်ခံရနိုင်တယ်ဆိုတဲ့ မီဒီယာသတင်းတွေကို အခြေခံပြီး မစ္စတာ ထရမ့်က ပြောခဲ့တာလို့ သူ့ရှေ့နေတွေက ဆိုပါတယ်။
အကယ်၍ မစ္စတာထရမ့် စွဲချက်တင်ခံရမယ်ဆိုရင် အမေရိကန် သမ္မတဟောင်း တစ်ယောက်ကို ပထမဆုံးအကြိမ် ရာဇဝတ်မှုနဲ့ အရေးယူတာ ဖြစ်လာပါလိမ့်မယ်။
ဒါ့အပြင် သူ့ရဲ့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ အတွက် ရီပါလစ်ကန်သမ္မလောင်း စည်းရုံးရေး လုပ်ငန်းတွေကိုလည်း အကြီးအကျယ် ရိုက်ခတ်သွားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယူးယောက်က ရှေ့နေတွေက အပြာမယ် သရုပ်ဆောင်ဟောင်း စတော်မ်မီ ဒန်နီရယ်ကို ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်မှာ ထရမ့်ကိုယ်စား နှုတ်ပိတ်ခ ပေးခဲ့တာရှိတယ်ဆိုတဲ့ကိစ္စကို ငါးနှစ်ကြာ စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
ဒါဟာ အသက် ၇၆ နှစ်အရွယ် မစ္စတာ ထရမ့်အတွက် လတ်တလော စစ်ဆေးခံနေရတဲ့ အမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ သူဟာ အဲဒီအမှုတွေအတွက် အရေးယူ မခံရသေးသလို သူကလည်း အမှားအယွင်း လုပ်ထားတာ မရှိဘူးလို့ အမှုတိုင်းအတွက် ငြင်းထားပါတယ်။
ထရမ့်ရဲ့ ရှေ့နေဟောင်းတစ်ဦးက အပြာမယ်သရုပ်ဆောင်တစ်ဦးကို ငွေပေးခဲ့မှုနဲ့ ပတ်သက်ပြီး မန်ဟန်တန် ခရိုင် ရှေ့နေ အယ်ဗင်ဘရက်ရဲ့ ရုံးက ဂျူရီတွေဆီကို ဒီနှစ် အစပိုင်းမှာ သက်သေစပြခဲ့ဖူးပါတယ်။
အဲဒီလိင်အပြာမယ် စတောမ်မီ ဒန်နီရယ်က ထရမ့်နဲ့ ပတ်သက်ခဲ့ဖူးတယ်လို့ ပြောခဲ့ဖူးပြီး ထရမ့်က ငြင်းထားပါတယ်။








