အပြာမယ်ကို နှုတ်ပိတ်ခပေးတာတော့ဟုတ်တယ်၊ မဲဆွယ်ရံပုံငွေထဲက သုံးတာတော့ မဟုတ်ဘူး

သမ္မတ ထရမ့်ရဲ့ ရှေ့နေ မိုက်ကယ်ကိုဟင်က အပြာမယ်ကို ပေးခဲ့တဲ့ နှုတ်ပိတ်ကြေး အတွက် နောက်ပိုင်း ထရမ့်က မစ္စတာကိုဟင်ကို အဲဒီငွေ ပမာဏအတိုင်း ပြန်ပေးခဲ့တယ် ဆိုတဲ့ အချက် ထရမ့်ဘက်က ဝန်ခံ လာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှုတ်ပိတ်ကြေးဟာ သမ္မတ မဲဆွယ်ပွဲ ရံပုံငွေထဲက သုံးတာ မဟုတ်ဘူးလို့တော့ ထရမ့်က ငြင်းဆိုပါတယ်။
ထရမ့်နဲ့ လိင်ပိုင်း ပတ်သက်ခဲ့တယ် ဆိုတဲ့ ပြောဆိုမှုမျိုး အပြာမယ် စတော်မီ ဒင်နီရယ်စ် ဘက်က လူသိရှင်ကြား ထုတ်မပြောအောင် ၂ဝ၁၆ ရွေးကောက်ပွဲကြို ကာလမှာ ထရမ့် ရှေ့နေကိုဟင်က နှုတ်ပိတ်ခ ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ငွေပေးငွေယူ ကိစ္စကို သူမသိဘူးလို့ အစောပိုင်းတုန်းက ငြင်းထားတဲ့ မစ္စတာ ထရမ့်ဟာ အခုအခါမှာတော့ ပေးခဲ့ရတဲ့ ငွေပမာဏ တစ်သိန်း သုံးသောင်း အတိုင်း မစ္စတာကိုဟင်ကို သူပြန်ရှင်း ပေးခဲ့တယ်လို့ ပြောလာတာ ဖြစ်ပြီး၊ ဒါကလည်း မစ္စ ဒင်နီရယ်စ်ဘက်က မဟုတ်မမှတ် လုပ်ကြံ စွပ်စွဲမှုတွေ ပြုလုပ် မလာအောင် ပေးတာလို့ ဆိုပါတယ်။
အခုလို ငွေပေးခဲ့တဲ့ ကိစ္စကို ထရမ့်ဘက်က ဝန်ခံ လာခဲ့အပြီးမှာတော့ သမ္မတ သက်တမ်း မစေ့ခင် ရာထူးက ဆင်းရတာမျိုး အထိ ဖြစ်လာနိုင်တယ်လို့ မစ္စ ဒင်နီရယ်စ်ရဲ့ ရှေ့နေ မိုက်ကယ် ဆာဗင်နတ်တီက ဆိုပါတယ်။
ဒါပေမယ့်လည်း ထရမ့်အပေါ် ထောက်ခံသူ အများစုကို ကြည့်ရင် စကားကို ဖြောင့်ဖြောင့်မှန်မှန် ပြောလေ့ မရှိတဲ့ ထရမ့်ရဲ့ အမူအကျင့််အပေါ် အစကတည်းက လက်ခံ ထားတဲ့သူတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။





