အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီး အကျိုးဆက်ကို တရုတ် သတိပေး

ဆမ် ကာဘရယ်လ်

ဘီဘီစီ သတင်း၊ ဝါရှင်တန်

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကို လာရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် တရုတ်ကို ဒေါသထွက်စေပြီး အမေရိကန် အစိုးရအတွက်တော့ ပထဝီနိုင်ငံရေး ခေါင်းခဲစရာ ဖြစ်ခဲ့ပါတယ်။ ဒီပြဿနာက ဘယ်လောက်ကြီးပါသလဲ။ 

မစ္စ ပလိုစီက သူ့ခရီးစဥ်ကို ဆက်လုပ်မယ်ဆိုရင် "ပြင်းထန်တဲ့ အကျိုးဆက်တွေ" ရှိလာမယ်လို့ တရုတ်က သတိပေးပါတယ်။ 

ဒုတိယ သမ္မတပြီးရင် အမေရိကန် သမ္မတရာထူးကို ဆက်ခံနိုင်တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးရယူထားသူ မစ္စ ပလိုစီဟာ ထိုင်ဝမ်ကို ၁၉၉၇ နောက်ပိုင်း ပထမဆုံးလာရောက်တဲ့ ရာထူးအမြင့်ဆုံး ပုဂ္ဂိလ် ဖြစ်လာပါလိမ့်မယ်။ 

မစ္စ ပလိုစီကို ဒီခရီးစဥ် မဖြစ်မြောက်အောင် သမ္မတ ဘိုင်ဒန်အစိုးရကိုယ်တိုင် လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဘိုင်ဒန်က သတင်းထောက်တွေကို "စစ်တပ်ကတော့ ဒါဟာ အကြံကောင်း မဟုတ်ဘူး" လို့ ယူဆကြောင်း ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အိမ်ဖြူတော်က ဒီလို ခရီးစဥ်မျိုးကို ဆန့်ကျင်တဲ့ တရုတ်ရဲ့ ပြောဆိုမှုတွေက "အထောက်အကူမဖြစ်သလို လိုလည်း မလိုအပ်တာ ထင်ရှားတယ်" လို့ ပြောပြန်ပါတယ်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မစ္စ ပလိုစီက ဘယ်ခရီးစဥ်ကိုမှ ကြေညာရခြင်း မရှိသေးသလို အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ်ထားတဲ့ ဆက်ဆံရေးမူဝါဒက မပြောင်းလဲဘူးလို့ ဆိုပါတယ်။ 

အမေရိကန်နဲ့ ထိုင်ဝမ်ကြားက ဆက်ဆံရေးက တရား၀င် ဆက်ဆံရေး မဟုတ်တဲ့ ခိုင်မာတဲ့ ဆက်ဆံရေး လို့ အမေရိကန်က ပြောပြီး တရားဝင် သံတမန် ဆက်ဆံရေးကိုတော့ ထိုင်ဝမ်နဲ့ မဟုတ်ဘဲ တရုတ်နဲ့ ထူထောင်ထားပါတယ်။ ထိုင်ဝမ်ကို တရုတ်က သူ့ရဲ့ ခွဲထွက် ပြည်နယ်လို့ ယူဆထားပြီး လိုအပ်ရင် အင်အားသုံးပြီး ပြန်ယူမယ့်နည်းလမ်းကို မပယ်ရှားထားပါဘူး။ 

မစ္စ ပလိုစီရဲ့ ခရီးစဥ်ဟာ တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်တွေ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုမှု ပြုလုပ်မယ့်အချိန် မတိုင်ခင်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို ပလိုစီ ဘာလို့ သွားမှာလဲ

ထိုင်ဝမ်ကို လူထုကြားမှာရော အမေရိကန် ကွန်ကရက်လွှတ်တော်မှာရော ခိုင်ခိုင်မာမာ ထောက်ခံကြပါတယ်။ 

ဒါ့အပြင် လွှတ်တော် ရာထူး သက်တမ်း ၃၅ နှစ်အတွင်း မစ္စ ပလိုစီဟာ တရုတ်ကို ကျယ်ကျယ်လောင်လောင် ဝေဖန်လေ့ရှိသူလည်း ဖြစ်ပါတယ်။ 

တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတာ၊ ဒီမိုကရေစီ ထောက်ခံသူ အတိုက်အခံတွေနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့တဲ့အပြင် ၁၉၈၉ လူအစုလိုက် သတ်ဖြတ်ခံရသူတွေကို အောက်မေ့အမှတ်ရ အထိမ်းအမှတ်အနေနဲ့ တီယန်နန်မန် ရင်ပြင်ကို သွားရောက်ခဲ့ပါတယ်။

မစ္စပလိုစီရဲ့ ထိုင်ဝမ်ခရီးစဥ်ကို မူလက ဧပြီလထဲမှာ စီစဥ်ခဲ့တာပါ။ ဒါပေမဲ့ သူ့မှာ ကိုဗစ် ကူးစက်ခံခဲ့ရပြီးနောက် ရွှေ့ဆိုင်းခဲ့ပါတယ်။

သူက ခရီးစဥ်နဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးဖို့ ငြင်းဆန်ခဲ့ပေမဲ့ ပြီးခဲ့သီတင်းပတ်မှာတော့ ဒီခရီးစဥ်က "အမေရိကန်က ထိုင်ဝမ်ကို ထောက်ခံကြောင်းပြဖို့ အရေးကြီးတယ်"လို့ ပြောပါတယ်။

တရုတ်က ဘာလို့ ဒီခရီးစဥ်ကို ဆန့်ကျင်တာလဲ

တရုတ်က ထိုင်ဝမ်ကို သူ့ရဲ့ ပိုင်နက်နယ်မြေလို့ သဘောထားပါတယ်။ လိုအပ်ရင် အင်အားသုံးပြီး ပြန်ယူမယ့် စိုးရိမ်ဖွယ်ရာတွေလည်း ထပ်တလဲလဲ ပြုလုပ်ထားပါတယ်။ 

အမေရိကန်နဲ့ ထိုင်ဝမ်ကြား သံတမန်ရေး ဆက်သွယ်မှုတွေ တိုးမြင့်လာတယ်လို့ တရုတ် အာဏာပိုင်တွေက ယူဆပြီး သူတို့ရဲ့ အမြင်မကြည်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီလို ဖြစ်ပေါ်လာစေတာတွေထဲမှာ ဧပြီလမှာ အမေရိကန် လွှတ်တော်အမတ် ခြောက်ဦး ထိုင်ဝမ်ကို မမျှော်လင့်ဘဲ ရောက်လာတာလည်း ပါပါတယ်။ 

တနင်္လာနေ့မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်းက မစ္စ ပလိုစီသာ လာရောက်ခဲ့မယ်ဆိုရင် သူ့နိုင်ငံအနေနဲ့ "ခိုင်မာပြတ်သားတဲ့ တုံ့ပြန် အရေးယူမှုတွေ" လုပ်မှာ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

"ပြီးတော့ ပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအတွက် အမေရိကန်က တာဝန်ယူရလိမ့်မယ်" လို့ သူက ပြောပါတယ်။ 

စစ်ရေးအရ တုံ့ပြန်မှုမျိုးတောင် ရှိလာနိုင်တယ်ဆိုတာကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ပြောပါတယ်။ 

"အမေရိကန်ဘက်က ဒီခရီးစဥ်ကို ခေါင်းမာမာနဲ့ ဆက်လုပ်မယ်ဆိုရင် တရုတ် စစ်တပ်က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ ဘယ်လို ပြင်ပ စွက်ဖက်မှုမျိုးကိုမဆိုနဲ့ ထိုင်ဝမ်လွတ်လပ်ရေး အတွက် ခွဲထွက်ရေး ကြိုးပမ်းမှုတွေကို တားဆီးဖို့ ပြတ်ပြတ်သားသား တုံ့ပြန်အရေးယူမှာ ဖြစ်တယ်"လို့ ပြောပါတယ်။

ရောထွေးနေတဲ့ အချက်ပြမှုတွေ

ရူးပတ် ဝင်းဖီးလ်ဒ် ဟေးစ်- ဘီဘီစီ တိုင်ပေ ရဲ့ သုံးသပ်ချက်

တကယ်လို့ ကျွန်းနိုင်ငံငယ်လေး တစ်နိုင်ငံဟာ မဟာမိတ်လည်းနည်းနည်းပဲ ရှိမယ်၊ ကုလသမဂ္ဂကလည်း အသိအမှတ်ပြုမထားချိန်မှာ ဘေးနားက အင်အားနဲ့ သြဇာအများကြီး ပိုကြီး၊ပိုသာတဲ့ နိုင်ငံက ကျူးကျော်မယ့် အန္တရာယ်လည်း ရှိနေမယ်ဆိုရင် အမေရိကန်က တတိယ ရာထူးအကြီးဆုံး နိုင်ငံရေးသမားတစ်ယောက် လာမယ်ဆိုရင် ကြိုဆိုမှာ ဖြစ်ပါတယ်။ ဒါအမှန်ပဲ မဟုတ်ပါလား။

 ဒါကြောင့် ထိုင်ဝမ်အစိုးရက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ မစ္စပလိုစီကို ဝေးဝေးနေဖို့ မပြောတာ ဖြစ်ပါတယ်။ 

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ကလည်း အမေရိကန်နဲ့ အဆင့်မြင့် ဆက်ဆံရေးတွေ လုပ်ဖို့ တောက်လျှောက်ပြောနေခဲ့တာပါ။ ဒါပေမဲ့ တခြား စိုးရိမ်စရာ ရှိတာက မစ္စပလိုစီက ဘာလို့ အခုချိန်မှာ လာရတာလဲဆိုတာနဲ့ သူ့ရဲ့ ခရီးက အကောင်းထက် အဆိုးများ ဖြစ်သွားစေမလား ဆိုတာပါ။

ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရင် အမေရိကန်က ထိုင်ဝမ်ကို ကူညီဖို့ ဝင်စွက်နိုင်တယ်လို့ သုံးကြိမ်တိုင်ထုတ်ပြောခဲ့ပြီး သူ့ ပြောဆိုမှုတွေကို ဖာထေးဖို့ အမေရိကန် မူဝါဒ အပြောင်းအလဲ မရှိတဲ့အကြောင်း သူ့အစိုးရလူတွေက ပြန်ပြောခဲ့ရပါတယ်။

မစ္စပလိုစီရဲ့ ခရီးစဥ် သတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ သမ္မတ ဘိုင်ဒန်က မထောက်ခံခဲ့ဘဲ "ကာကွယ်ရေးဌာနကတော့ ဒါက အကြံကောင်းမဟုတ်ဘူးလို့ ယူဆတာပဲ" လို့ ပြောပြန်ပါတယ်။ 

ဒါတွေဟာ တရုတ်အစိုးရဘက်က ကြည့်ရင် အားနည်းချက်ပါ။ ထိုင်ဝမ်အတွက်ကတော့ နားလည်ရခက်စေပါတယ်။ ထိုင်ဝမ်ကျွန်းအပေါ် အမေရိကန်အစိုးရရဲ့ တကယ့် သဘောထား မူဝါဒက ဘယ်လိုလဲဆိုတာပေါ့။ 

မစ္စပလိုစီက အခု အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး ဆောင်းဦးရာသီမှာ အနားယူဖို့ ရှိပါတယ်။ ဒါဆိုရင် သူ့ခရီးစဥ်က တကယ်ထောက်ခံဖို့ရောက်လာတာလား နိုင်ငံရေး ဟန်ပြသက်သက်ပဲလား။ ဒါက လုံးဝ မရှင်းပါဘူး။ 

ဒီခရီးက ဘယ်လို တင်းမာမှုတွေ ဖြစ်လာစေမလဲ

ဒီနှစ်ကုန်ပိုင်းမှာ တရုတ် ကွန်မြူနစ်ပါတီညီလာခံမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို တတိယအကြိမ် သမ္မတအဖြစ် မကြုံစဖူး ပြန်တင်မြှောက်ဖို့ ရှိနေပါတယ်။

သမ္မတ ရှီနဲ့ မတ်လတုန်းက နောက်ဆုံး စကားပြောထားတဲ့ အမေရိကန် သမ္မတ ဘိုင်ဒန်က မကြာခင်ရက်ပိုင်းမှာ သူတို့ တယ်လီဖုန်းနဲ့ နောက်ထပ်စကားပြောဖို့ ရှိတယ်လို့ ပြောပြီး ထိုင်ဝမ်အကြောင်းနဲ့ တင်းမာမှုတွေ အကြောင်းတွေကို သူတို့ဆွေးနွေးမယ့်အထဲမှာ ပါဝင်မယ်လို့ ပြောထားပါတယ်။

ဒီဆွေးနွေးမှုဟာ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်စစ်တပ် တိုးချဲ့နေရာချထားမှုနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ "ရန်လိုပြီး တာဝန်မဲ့လုပ်ရပ်တွေ" လုပ်နေတယ်ဆိုပြီး အမေရိကန်အရာရှိတွေရဲ့ သတိပေးမှုတွေကနေ ဖြစ်ပေါ်လာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ဖြစ်နိုင်တဲ့ တုံ့ပြန်မှုအနေနဲ့ မစ္စပလိုစီရဲ့ ခရီးစဥ်ကို လက်တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန် ကျန်းမာရေး ဝန်ကြီး အဲလက်စ် အဇာ ၂၀၂၀ မှာ ထိုင်ဝမ်ကို လာခဲ့တုန်းက တရုတ် လေတပ်က ဂျက်လေယာဥ်တွေ ထိုင်ဝမ်ရေလက်ကြား သတ်မှတ်စည်းကို ကျော်ပြီး ဝင်ရောက်လာခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရုတ် အစိုးရ အာဘော် ဂလိုဘယ်လ်တိုင်းမ်စ် သတင်းစာရဲ့ အယ်ဒီတာဟောင်းက မစ္စပလိုစီအတွက် "အံ့အားသင့်ဖွယ် စစ်ရေး တုံ့ပြန်မှု"က အဆင့်သင့် ဖြစ်နေနိုင်တယ်လို့ ပြောပါတယ်။ 

"မစ္စပလိုစီ ထိုင်ဝမ်ကို လာခဲ့မယ်ဆိုရင် တရုတ်ရဲ့ စစ်လေယာဥ်တွေက မစ္စပလိုစီရဲ့ လေယာဥ်နဲ့အတူ ထိုင်ဝမ်ကျွန်းပေါ် အတူလိုက်သွားကြမှာ။ ဒါဟာ ပြည်မကြီးက စစ်လေယာဥ်တွေ ထိုင်ဝမ်ကျွန်းပေါ်ကို ပထမဆုံးအကြိမ် ဖြတ်ပျံတာ ဖြစ်သွားလိမ့်မယ်"လို့ ဟူ ရှီကျင်းက ရေးပါတယ်။ 

အခုထိကတော့ အမေရိကန်ရဲ့ "ဝေဝါးနေတဲ့ မဟာဗျူဟာ" မူဝါဒကို ကြည့်ခြင်းအားဖြင့် ထိုင်ဝမ်သာ တကယ်တမ်း အကြီးအကျယ် တိုက်ခိုက်ခံရရင် အမေရိကန်က တကယ်ပဲ ကာကွယ်ပေးမှာလား၊ ဘယ်လို ကာကွယ်ပေးမှာလဲဆိုတာက လုံးဝ ရှင်းရှင်းလင်းလင်း မရှိတာကို တွေ့ရပါတယ်။