စားသုံးဆီကုမ္ပဏီတွေ ကျပ်ဘီလီယံ ၁၀၀ ကျော် ဒဏ်ကြေးပြန်သွင်းရဖို့ရှိ

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်း လက်ထက်က ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသုံးငွေ အရှုပ်အရှင်းတွေနဲ့ ဆက်နွှယ်ပြီး စားသုံးဆီ ကုမ္ပဏီ ၁၅ ခု ကျော်က စုစုပေါင်း ကျပ်ဘီလီယံ ၁၃၀ ဝန်းကျင် အထိ ဒဏ်ကြေးငွေပေးဆောင်ရဖို့ရှိနေတယ် စီးပွားရေးအသိုင်းအဝိုင်းကနေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ဆီကုမ္ပဏီတချို့က တာဝန်ရှိသူတွေကို လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ ရုံးချိန်း ချိန်းဆိုထားပြီး ဒဏ်ငွေနဲ့ ပြီးမလား တရားစွဲတင်မလားဆိုတာကို စီးပွားရေးအသိုင်းအဝိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

‘’ကုမ္ပဏီတစ်ခုဆို ဘီလီယံ နှစ်ဆယ်ကျော် အထိ ဆောင်ရမှာမျိုးရှိတယ်။ တချို့လည်း ဆယ်ဘီလီယံ ဆောင်ရတာမျိုးလည်း ရှိတယ်’’ လို့ ဒီစစ်ဆေးမှုအကြောင်း သိရှိသူတစ်ဦးက ပြောပါတယ်။

ကုမ္ပဏီနာမည်တွေကို သူကထုတ်ဖော်မပြောပေမဲ့ ဆီတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီ ၂၀ ကျော်မှာ ဒဏ်ငွေပြန်မဆောင်ရမယ့် ကုမ္ပဏီ ငါးခု ပဲ ရှိတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒဏ်ငွေကို ဘယ်လိုတွက်လဲ

စားသုံးဆီတင်သွင်းတဲ့အခါ ကုန်ကျတဲ့ နိုင်ငံခြားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း ကျပ် ၂၁၀၀ နဲ့ လဲပေးပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာတဲ့ နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ကျပ် ၂၉၂၀ နဲ့ လဲလှယ်ပေးခဲ့ပါတယ်။

၅၀ ၅၀ နှုန်းထားလို့ ခေါ်ကြတဲ့ ပြင်ပဈေးထက်သက်သာတဲ့ နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားထက် စျေးတင်ရောင်းချထဲ့တဲ့ ကွာဟချက်တွေကိုတွက်ချက်ပြီး ဒဏ်ငွေအဖြစ်ပေးဆောင်ခိုင်းမှာ လို့ ကုန်သည်စက်မှုအသင်းချုပ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကိုရှင်းပြပါတယ်။

ဒီလို ဒဏ်ကြေးတွက်ချက်ပေးဆောင်စေမှုဟာ ပို့ကုန်သွင်းငွေပြန်မအပ်တဲ့ ကုမ္ပဏီတွေကို အထူးစုံစမ်းစစ်ဆေးရေးက ကိုင်တွယ်ခဲ့တဲ့ ပုံစံအတိုင်းပဲလို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။

အခုလိုအရေးယူမှုတွေမတိုင်ခင်က စားသုံးဆီစျေးနှုန်းကို လက်ကားရည်ညွှန်းစျေးပေါ်မှာ အထွေထွေကုန်ကျစရိတ်ကိုပါထည့်ပေါင်းပြီး အမြတ်ငွေ နှစ်ရာခိုင်နှုန်းထက် ပိုမယူဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သတ်မှတ်ခဲ့ပါတယ်။

အဆင့်ဆင့်လက်လွှဲရောင်းချရင်တောင် အမြတ်ငွေ တစ်ဆယ်ရာခိုင်နှုန်းထက် ပိုမယူဖို့ သတ်မှတ်ခဲ့တာပါ။

ဒါပေမဲ့ စျေးကွက်ထဲမှာ ရည်ညွှန်းစျေးထက် စျေးအဆမတန် တင်ရောင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး စားသုံးဆီ လုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးရာကနေ နိုင်ငံခြားသုံးငွေ စိစစ်ခွင့်ပြုတာနဲ့ ပို့ကုန်သွင်းကုန်ကိစ္စမှာ တာဝန်ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့ လာဘ်စားမှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းကို ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ထားပါတယ်။

ဆီကုမ္ပဏီတွေ ဘာဆက်ဖြစ်မလဲ

ဆီကုမ္ပဏီက တာဝန်ရှိသူတချို့ကို ထိန်းသိမ်းထားပြီး တရားစွဲခံရရင်တော့ ယုံကြည်စွာအပ်နှံမှုကိုဖောက်ဖျက်မှု ပုဒ်မ ၄၀၉ အတပ်ခံရနိုင်တယ် လို့ လုပ်ငန်းရှင်တွေက သုံးသပ်နေကြတာပါ။

ပို့ကုန်ရငွေပြန်မသွင်းတဲ့ လုပ်ငန်းရှင်တချို့ ကိုလည်း စစ်ကောင်စီက အဲဒီပုဒ်မ နဲ့ တရားစွဲခဲ့ဖူးတယ် လို့ လုပ်ငန်းရှင်တချို့ကပြောပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဟာ ပြစ်မှုထင်ရှားရင် တသက်တကျွန်းဒဏ် ဖြစ်စေ၊ ထောင်ဒဏ် ဆယ်နှစ်အထိ တမျိုးမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။

‘’ဒါပေမဲ့ ကုမ္ပဏီတွေကိုတော့ ၇ နှစ်ပဲ ချတာ တွေ့ရတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။

သြဂုတ်လကုန်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို သွားတက်တဲ့ ဆီလုပ်ငန်းရှင်ကြီးတွေ အစည်းအဝေးက အပြန်မှာ ဖမ်းဆီးစစ်ဆေးလိုက်ချိန်ကစလို့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဆက်နွှယ်နေတဲ့ စစ်ဗိုလ်ချုပ်တွေပါ ဖမ်းဆီးထောင်ချခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်ဆက်တွဲအခြေအနေအဖြစ် အခုလို ကျပ်ဘီလီယံရာကျော်တဲ့ ဒဏ်ကြေးငွေ ပြန်လည်ပေးသွင်းမှုတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။