အောက်တိုဘာ ၁၈ ရက်နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - မြန်မာကို ခေါ်ဆောင်ခံခဲ့ရတဲ့ ထိုင်းမျိုးဆက်တွေရဲ့ အယုဒ္ဓယခရီး

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ တုန်းက အယုဒ္ဓယကို မြန်မာဘုရင်တွေ သိမ်းပိုက်ပြီးနောက် ခေါ်ဆောင်ခံရတဲ့ မျိုးဆက်တွေထဲက မိသားစုတစုကို အလည်အပတ်ပြန်ဖိတ်ခေါ်ခဲ့ကြောင်း ထိုင်းခရီးသွားဆိုင်ရာအဖွဲ့တွေ ဆီက သိရပါတယ်။

အယုဒ္ဓယကို အလည်အပတ်ရောက်လာတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆူးခါးရွာမှာနေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် အဖွား ဒေါ်တင်ထွေး၊ ဒေါ်တင်ညွန့်၊ ရွာလူကြီး ဦးဇော်ဝင်းနဲ့ ရွာက ကျောင်းထိုင်ဆရာတော် တို့ဟာ မြန်မာကိုခေါ်ဆောင်ခံရတဲ့ ထိုင်းမျိုးဆက်ရဲ့ ၇ ဆက်မြောက်မျိုးနွယ်တွေဖြစ်ပါတယ်။

၁၇၆၇ ခုနှစ် အယုဒ္ဓယသိမ်းပိုက်ခံရပြီးနောက်ပိုင်း မြန်မာရောက်မျိုးဆက်တွေ ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိတာဖြစ်ပြီး "ဆူးခါးရွာသားတွေရဲ့ အိမ်အပြန်" ဆိုတဲ့အစီအစဉ်အနေနဲ့ ရောက်ရှိလာတာပါ။

"ဒီအစီအစဉ်ကအယုဒ္ဓယမြေကိုပြန်လည်ပတ်လိုတဲ့ ဆူးခါးရွာသားတွေရဲ့အိပ်မက်ကိုဖြည့်ဆည်းပေးချင်တဲ့ ထိုင်းပြည်သူတွေကစီစဉ်ပေးတာပါ" လို့ စီစဉ်သူ မစ္စတာ Pannapat Kumnueng က ဘီဘီစီကို ပြောပါတယ်။

မြန်မာပြည်ဖွား ထိုင်းမျိုးဆက်တွေဟာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်အတွင်းအယုဒ္ဓယမြို့ကို ပြန် လည်ပတ်ခဲ့ကြပါတယ်။

"ကျွန်မတို့ကအယုဒ္ဓယမျိုးဆက်တွေဖြစ်တယ်။ ကျွန်မတို့ရိုးရာ ဆွန်ခရမ်ပွဲတော်ဆိုရင် တနှစ်ကိုတကြိမ် သဲပုံစေတီတည်လေ့ရှိတယ်။ ဒါကမြန်မာတွေမှာမရှိဘူး" လို့ ဒေါ်တင်ထွေးက ထိုင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

သမိုင်းကိုကြည့်မယ်ဆိုရင် ထိုင်းလူမျိုးတွေအတွက် သဲပုံစေတီတည်ခွင့်ကို ထိုင်းဘုရင်ဟောင်းက ဘိုးတော်ဘုရားဆီ ခွင့်တောင်းခဲ့လို့ သဲပုံစေတီပွဲကို နှစ်စဉ်ကျင်းပလာတာလည်း အနှစ် ၂ဝဝ ကျော်ခဲ့ပါလို့ သမိုင်းသုတေသီတချို့က ရေးပါတယ်။

ထိုင်းဘုရင်ကျောက်ဖွားဒေါက်ရဲ့ သမီးတော် ကျောက်ဖွားစောနဲ့ မြန်မာဘုရင်နဲ့ လက်ဆက်ပြီး ဖြစ်တည်လာတဲ့မျိုးဆက်တွေလည်း အခုနှစ် မတ်လတုန်းက အယုဒ္ဓယကိုအလည်အပတ်လာခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ရေကျော်မှာ တိုက်နှစ်လုံးကြားပြုတ်ကျခဲ့တဲ့ ၃ နှစ်အရွယ်ကလေးကို ကယ်တင်နိုင်

မနေ့ညပိုင်းတုန်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ရေကျော်မှာရှိတဲ့ တိုက်နှစ်လုံးကြား အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦး ပြုတ်ကျခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေကအချိန်မီကယ်တင်နိုင်ခဲ့ပြီး စိုးရိမ်စရာမရှိတော့တဲ့အကြောင်း ကူညီပေးခဲ့သူတချို့ဆီက သိရပါတယ်။

မနေ့ညရန်ကုန်မှာ ငလျင်မလှုပ်ခတ်ခင်ဖြစ်ခဲ့တာပါ။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးအနီးက တိုက်တလုံးရဲ့ ၇ လွှာပြတင်းပေါက်ကနေ ကလေးငယ် ပြုတ်ကျခဲ့တာဖြစ်ပေမဲ့ တိုက်နှစ်လုံးကြားညပ်ခဲ့ပြီး ဖြည်းဖြည်းချင်းပြုတ်ကျတာဖြစ်လို့ ၃ လွှာအရောက်မှာ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

"တိုက်နှစ်လုံးကြား ခန္ဓာကိုယ်နဲ့ထိန်းပြီးညပ်နေတာက ၃ ထပ်မှာပိတ်မိနေတာပါ။ ပရဟိတအဖွဲ့တွေ ပူးပေါင်း ကယ်လိုက်နိုင်ပါတယ်။ ကလေးကခေါင်းပေါက်တယ်၊ ပွန်းပဲ့ဒဏ်ရာရပါတယ်။ ကယ်ပြီးတော့ ကလေးကို မိခင်နဲ့အတူ ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်" လို့ ဖြစ်စဉ်ကိုသိရှိသူ ကူညီကယ်ဆယ်ရေးသမားတဦးက ပြောပါတယ်။

ဒီလိုကလေးငယ်ပြုတ်ကျတာကို ရေကျော်မှာနေထိုင်တဲ့ အဆိုတော် မေချစ်သက်တို့သားအမိက ကနဦး တွေ့ရှိခဲ့ကာ နီးစပ်ရာပရဟိတဆောင်ရွက်သူကိုအကူအညီတောင်းခဲ့ရမှတဆင့် ပုဇွန်တောင်နဲ့ ကျောက်တံတားမြို့နယ်တွေက မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ပေးခဲ့ပါတယ်။

"အိမ်ရှေ့အိမ်ကနေအော်သံတွေကြားလို့ သားအမိ၂ယောက်ရပ်ပြီးစပ်စုနေတုန်း ရန်ဖြစ်နေတယ် ထင်လိုက်တာပါ။ အိမ်ပေါ်တတ်မယ်အလုပ်မှာ ကယ်ကြပါဦး ၇လွှာကနေ ကလေးပြုတ်ကြသွားလို့ပါ ကယ်ပေးကြပါဦးလုပ်ကြပါဦးဆိုတာနဲ့ အထုပ်တွေပစ်ချပြီးကူညီဖြစ်ခဲ့တယ်" လို့ အဆိုတော် မေချစ်သက် က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

ကလေးငယ်လည်းဘေးကင်းပြီး အမှတ်မထင်ကယ်ဆယ်ခွင့်ရလို့ ကြည်နူးမိကြောင်း သူကရေးသားခဲ့ ပါတယ်။ ၏မီးသတ်ဦးစီးဌာနကလည်း မနေ့ည ၉ နာရီခွဲခန့်မှာ တိုက်နှစ်လုံးကြားပြုတ်ကျတဲ့ကလေးငယ်ကို ကယ်တင်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြပါတယ်။

တိုမာဟော့ဒုံးကျည်တွေပေးဖို့ အသင့်မဖြစ်သေးဘူးလို့ ဒေါ်နယ်ထရမ့်ပြော

ယူကရိန်းကို တိုမာဟော့ခရုဇ်ဒုံးကျည်တွေပေးဖို့ အသင့်မဖြစ်သေးဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုလိုက်တာကြောင့် ယူကရိန်းသမ္မတဇလန်းစကီးက ထရမ့်နဲ့အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် လက်ဗလာနဲ့ထွက်လာရပုံရပါတယ်။

အမေရိကန်ပြည်ထောင်စုက စစ်ပွဲအရှိန်မြင့်မှာကို မလိုလားတာကြောင့် တွေ့ဆုံမှုပြီးနောက် သူ့အနေနဲ့ ထုတ်ပြန်ချက်မထုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။

သမ္မတနှစ်ဦးတွေ့ဆုံပွဲမှာ ကောင်းမွန်တဲ့ပြောဆိုဆက်ဆံမှုတွေရှိခဲ့ပြီး တာဝေးပစ်ဒုံးကျည်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ဇလန်းစကီးက ပြောဆိုခဲ့ပါတယ်။

တွေ့ဆုံမှုပြီးတဲ့နောက် ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲကို အဆုံးသတ်ဖို့ ထရမ့်က လူမှုမီဒီယာမှာ တိုက်တွန်းရေးသားခဲ့ပါတယ်။

ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဖုန်းဆက်ပြောဆိုပြီး ဟန်ဂေရီမှာ မကြာခင်တွေ့ဖို့ သဘောတူညီမှုရပြီးနောက် ထရမ့်နဲ့ဇလန်းစကီး အရင်တွေ့ကြတာဖြစ်ပါတယ်။

ရုရှားရဲ့ ရေနံသန့်စင်စက်ရုံတွေနဲ့ စွမ်းအင်ဆိုင်ရာအရင်းအမြစ်တွေကို တိုမာဟော့ဒုံးကျည်တွေနဲ့ပစ်ခတ်နိုင်ရင် စစ်ကို နောက်က ထောက်ပံ့ပေးနေတဲ့ ရုရှားစီးပွားရေး အကြီးအကျယ် အားနည်းသွားနိုင်တယ်လို့ ဇလန်းစကီးက ယုံကြည်ထားပါတယ်။

ထရမ့်ဟာ ယူကရိန်းကို တိုမာဟော့ဒုံးကျည်တွေမပေးဘူးလို့ ယတိပြတ်မပြောပေမဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံမှုအတွင်းတော့ ပေးဖို့ ဆုံးဖြတ်ထားပုံမရဘူးဖြစ်နေပါတယ်။

"မျှော်လင့်ရတာကတော့ သူတို့ မလိုအပ်ပါဘူးလေ၊ တိုမာဟော့အကြောင်းမတွေးဘဲ ကျွန်တော်တို့ စစ်ပြီးအောင် လုပ်နိုင်မယ်လို့ထင်ပါတယ်" လို့ ထရမ့်က ပြောပါတယ်။ အမေရိကန်လည်း တိုမာဟော့တွေ လိုအပ်တယ်လို့ သူက ပြောထားပါတယ်။

တိုမာဟော့ကြောင့် ပူတင်ဟာ ထရမ့်နဲ့ တွေ့ဆုံဖို့ သဘောတူညီခဲ့တာလားလို့ ဘီဘီစီက မေးမြန်းတဲ့အခါ ထရမ့်က " ဒုံးကျည်ရဲ့ ခြိမ်းခြောက်မှုက ကောင်းပါတယ်၊ ဒါပေမဲ့ ဒီလိုခြိမ်းခြောက်မှုက အမြဲရှိခဲ့တာမဟုတ်လား" လို့ ဖြေဆိုခဲ့ပါတယ်။

"ပူတင်ဟာ သဘောတူညီမှုတစ်ခုခုကို လိုချင်နေတာလား၊ မဟုတ်ရင်လည်း ဘူဒါပက်မှာ ထရမ့်နဲ့တွေ့မယ်လို့ ချိန်းဆိုပြီး အချိန်ဆွဲနေတာလား လို့ အိမ်ဖြူတော် အပြင်ဘက်မှာ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့အခါ ဇလန်းစကီးက "ကျွန်တော်လည်း မသိဘူး၊ တိုမာဟော့က အင်အားကြီးတဲ့လက်နက်ဖြစ်လို့ ယူကရိန်း တိုမာဟော့တွေ ရသွားမယ့်အလားအလာကို ရုရှားက စိုးရိမ်တယ်ထင်တယ်" လို့ ဖြေခဲ့ပါတယ်။

ထရမ့်နဲ့တွေ့ဆုံမှုအကြောင်းကို ဥရောပခေါင်းဆောင်တွေကို ဖုန်းဆက်ပြီး ပြန်လည်ဝေမျှပေးခဲ့ကာ အသက်တွေကို ကယ်နိုင်သမျှကယ်တင်၊ ယူကရိန်းလုံခြုံရေးကို အာမခံပေးပြီး ဥရောပက အားလုံး အင်အားပိုတောင့်တင်းဖို့က ဦးစားပေးဖြစ်တယ်လို့ ဇလန်းစကီးက အိပ်စ်လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဥရောပခေါင်းဆောင်တွေနဲ့ ဖုန်းဆက်ပြောဆိုမှုဟာ အကျိုးကျေးဇူးရှိခဲ့ပြီး ဗြိတိန်ဟာ ယူကရိန်းကို လူသားချင်းစာနာထောက်ထားမှုနဲ့ စစ်ရေးအကူအညီတွေ ဆက်လက်ပေးအပ်သွားမှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာက ပြောခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ဒေါ်သူဇာမောင်ကို စစ်တပ်ဖမ်းထား

မလေးရှားနိုင်ငံမှာ မြန်မာဒုက္ခသည်အရေးအတွက်လိုက်ပါဆောင်ရွက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်အပါအဝင် မိသားစုဝင် ၄ ဦးဟာ ပြည်တွင်းကိုတရားမဝင် ပြန်ဝင်ရောက်ချိန် ဖမ်းဆီးခဲ့တယ်လို့ စစ်ကော်မရှင်က မနေ့တုန်းက ထုတ်ပြန်ပါတယ်။

ဒေါ်သူဇာမောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးစောသန်းတင်ဝင်းတို့ဟာ ၂၀၂၃ ခုနှစ်ကတည်းပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး ၂ နှစ်ကျော်ကြာချိန်မှသာ စစ်တပ်က ဖမ်းဆီးထားတဲ့အကြောင်း ထုတ်ပြောလာတာပါ။

ဒေါ်သူဇာမောင်၊ သူ့ခင်ပွန်းနဲ့ သားသမီး ၃ ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

စစ်ဆေးချက်အရ ကုလသမဂ္ဂနဲ့ NGO/ INGO အဖွဲ့အစည်းတွေဆီက အထောက်ပံ့တွေရရှိအောင် ဆောင်ရွက်ပြီး ရရှိတာတွေကို တရားမဝင်ရွှေ့ပြောင်း လုပ်သားတွေကို ထောက်ပံ့သလိုလိမ်လည်တာ၊ တရားမဝင်ရောက်လာသူတွေကို UNHCR ဒုက္ခသည်ကတ် ရအောင်လုပ်ပြီး ငွေကြေးတွေကိုမိသားစုအကျိုး သုံးတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်အောက်ခံတွေကို ငွေကြေးလှူဒါန်းရန်ပုံငွေရှာဖွေတာ တွေလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ (MMRC) ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်သူဇာမောင်ကို ၂၀၂၂ ခုနှစ်ထဲက မန္တလေးတိုင်း၊ မြစ်သားမြို့နယ် မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လကတည်းက မလေးရှားနိုင်ငံမှာနေထိုင်တဲ့ ဒေါ်သူဇာမောင်တို့ပျောက်ဆုံးခဲ့ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က "မလေးရှားအစိုးရအနေနဲ့ ဒေါ်သူဇာမောင်နဲ့ မိသားစု ပြန်ပေးဆွဲခံရတဲ့ကိစ္စကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းဖော်ထုတ်ပေးဖို့" ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

ဒေါ်သူဇာမောင်၊ ခင်ပွန်း စောသန်းတင်ဝင်း၊ သမီး ပိုးခင်မောင်၊ သား အောင်မြင့်မောင်နဲ့ သုခမောင်တို့ ၅ ဦးဟာ ကွာလာလမ်ပူမြို့၊ အမ်ပန်ဂျာယာအရပ်က သူတို့နေအိမ်မှာ အမည်မသိအမျိုးသားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရတယ်ဆိုပြီး HRW က ၂၀၂၃ ခုနှစ်ထဲက ထုတ်ပြန်ခဲ့ပါတယ်။

လာရောက်ဖမ်းဆီးသွားသူတွေက ရဲတပ်ဖွဲ့နံပါတ်ပြားတပ်ထားတဲ့ကားနဲ့ရောက်လာပြီး ဂိတ်လုံခြုံရေးကို ရဲတပ်ဖွဲ့ကလာတယ်လို့ပြောကာ ဒေါ်သူဇာမောင်နဲ့ မိသားစုကို ဖမ်းဆီးသွားပေမဲ့ နောက်ပိုင်းစစ်ဆေးတဲ့အခါ ရဲကားနံပါတ်ပြားမဟုတ်တာကို သိခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးကင်မရာကနေရိုက်ကူး ထားတဲ့ရုပ်သံတွေကို အခြေခံပြီး HRW က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းမှာကျန်ရှိတဲ့နေရာတချို့ကို ထိုးစစ်ဆင်နေတယ်လို့ အေအေပြော

ရခိုင် - မကွေးအစပ်မှာရှိတဲ့ စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းမှာ သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ နေရာတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး ထွက်ပြေးနေကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေတချို့နဲ့လည်း တိုက်ပွဲ တွေဆက်ဖြစ်နေတယ်လို့ အာရက္ခတပ်တော် (အေအေ) ဒီနေ့မနက်အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း - ပဒါန်းလမ်းဟောင်းပေါ်မှာတည်ရှိတဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာကုန်းကို အေအေနဲ့ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်ပိုင်းမှာ တကျော့ပြန် ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီး အခုချိန်အထိ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အခြေအနေပါ။

"ဒီဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူ၊ စစ်ကူတွေအဆက်မပြတ်ပေးနေတဲ့ကြားက အာရက္ခ စစ်သည်တော်တွေ အကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်" လို့ အေအေရဲ့ အောက်တိုဘာ ၁၈ ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဘီဘီစီသတင်းရင်းမြစ်တွေရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပြောကြားချက်တွေအရ နတ်ရေကန်ဗျူဟာကုန်းရဲ့ နေရာအများစုကို အေအေနဲ့မဟာမိတ်တပ်တွေက သိမ်းပိုက်ထားပြီဖြစ်ပြီး ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင် တပ်တွေဟာ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံတဝိုက်မှာ ခံစစ်ပြင်နေတယ်လို့ သိထားရပါတယ်။

အေအေရဲ့ ထုတ်ပြန်ချက်အရ မနေ့တုန်းကဆိုရင် တချို့နေရာတွေက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ အလံဖြူလက်နက်ချကာ အလင်းဝင် တာတွေရှိနေပြီး တချို့ကို တိုက်ပွဲထဲလက်ရဖမ်းဆီးရမိခဲ့တယ်လို့ ဓာတ်ပုံနဲ့ တကွဖော်ပြပါတယ်။

ဒါအပြင် စစ်ကော်မရှင်ရဲ့ မတရားစစ်မှုထမ်းစုဆောင်းခံခဲ့ရသူတွေအနေနဲ့လည်း အေအေနဲ့ အနီးဆုံးနေရာ တွေဆီ ဆက်သွယ်ပြီး အချိန်မရွေးလက်နက်ချအလင်းဝင်နိုင်ကြောင်းပါ အသိပေးချက်ထည့်ပြောသွားခဲ့ ပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ အေအေနဲ့တိုက်ပွဲတွေအကြောင်း ဒီနေ့ မနက်ပိုင်းအထိ တစုံတရာထုတ်ပြန် တာမတွေ့ရသလို စစ်တပ်သတင်းတွေဖော်ပြတဲ့တယ်လီဂရန်ချန်နယ်တွေမှာ တိုက်ပွဲအကြောင်း ရေးသားတာမျိုး မတွေ့ရပါဘူး။

နွေဦးတော်လှန်ရေးအတွက် သပိတ်တွေဆက်လိုနေဆဲလို့ ဒေါက်တာတေဇာဆန်းပြော

စစ်တပ်က ဘုံတိုရွာဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြေပြင်သပိတ်တွေဆက်လက်လုပ်ဖို့လိုအပ်သေးလားဆိုတဲ့မေးခွန်းတွေထွက်လာပေမဲ့ နွေဦးတော်လှန်ရေးအတွက် လူထုလှုပ်ရှားမှုတွေဆက်လိုနေဆဲလို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်မှာပြုလုပ်တဲ့ ဘုံတိုရွာတိုက်ခိုက်ခံရမှုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာရဲ့မေးမြန်းချက်ကို ဒေါက်တာတေဇာဆန်းက ဖြေကြားခဲ့တာပါ။

၂၀၂၂ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်ခုခံတော်လှန်ရေး အားကောင်းလာခဲ့ပေမဲ့ လူထုလှုပ်ရှားမှုတွေကို ဟန်ချက်ညီဖော်ဆောင်တဲ့ မဟာဗျူဟာနဲ့လှုပ်ရှားနေတာလို့ သူက ပြောသွားပါတယ်။

"စစ်ကော်မရှင်ဘက်ကလည်း လူထုသပိတ်တွေဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်ဆိုတာ သိတဲ့အတွက် နိုင်ငံရေးနည်းလမ်းအရ ခေါင်းမထောင်နိုင်အောင် ဦးချိုးလိုက်တာဖြစ်တယ်" လို့ မုံရွာခရိုင်လူထုသပိတ်လှုပ်ရှားမှုကော်မတီဝင် ကိုခန့်ဝေဖြိုးကလည်း ပြောပါတယ်။

နောက်ထပ်လှုပ်ရှားမယ့်သပိတ်တွေမှာ လုံခြုံရေးပိုမြှင့်တင်ပြီး စနစ်တကျဆောင်ရွက်သွားမယ်လို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေညမှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာပြုလုပ်နေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီး ကလေးငယ် ၅ ဦးပါဝင်ပါတယ်။

သေဆုံးသူတွေထဲ အသက် ၁ နှစ်အရွယ်ကလေးငယ်အပါအဝင် အသက် ၆၂ နှစ်အရွယ် အသက်အရွယ်ကြီးရင့်သူတွေလည်းပါဝင်ပြီး အများစုဟာ အမျိုးသားတွေဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၆၂ ဦးရှိခဲ့ပြီး အဲဒီထဲ ကလေးသူငယ် ၂၈ ဦးအထိ ပါဝင်တယ်လို့ သပိတ်အင်အားစုတွေရဲ့ အချက်အလက်အရသိရပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကိုစစ်တပ်ကရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး တိုက်ခိုက်မှုမလုပ်ခင်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စက်တပ်လေထီး ၃ စီးထက်မနည်းအတက်ပြခဲ့တယ်လို့ ချောင်းဦးသပိတ်ကော်မတီဝင် ကိုဇွဲ က ရှင်းပြပါတယ်။

အဲဒီနောက် မုံရွာ၊ ချောင်းဦး နဲ့ ဆားလင်းကြီးတဝိုက်မှာ စက်တပ်လေထီးတွေဝဲပျံခဲ့တာကြောင့် နေရာအတိအကျခန့်မှန်းနိုင်ဖို့အတွက် လိုအပ်ချက်ဖြစ်ခဲ့တဲ့အခြေအနေလို့ သိရပါတယ်။

"ပါရာမော်တာတွေတက်တယ်သိရကတည်းက အထိုင်သပိတ်လုပ်ချိန်မှာ အသံချဲ့စက်တွေကို ပိတ်ထားခဲ့ပါတယ်။ စက်တပ်လေထီးရဲ့ အသံတောင်မကြားခဲ့ရတာပါ။ လေဟုန်စီးလာတာ ကြောင့် ပုံမှန်ထက်မြန်မြန်ရောက်လာတဲ့သဘောပါ" လို့ ကိုဇွဲက ဖြစ်စဉ်ကို ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ဆီမီးသပိတ်စီစဉ်သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ မျက်မြင်အရပ်သားပြည်သူတချို့တက်ရောက်ပြောကြားခဲ့ကြပါတယ်။

စစ်တပ်ကတော့ ဘုံတိုရွာဖြစ်စဉ်ဟာ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနည်းဆုံးဖြစ်အောင် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ယူကေနဲ့ ဩစတြေးလျသံရုံးတွေကတော့ ဒီဗုံးကြဲမှုကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဟိန္ဒူပွဲတော်မှာ ရွေးကောက်ပွဲအတွက် စစ်ခေါင်းဆောင်စည်းရုံး

လာမယ့် ဒီဇင်ဘာ ၂၈ ရက်ကစပြီးကျင်းပမယ့် ရွေးကောက်ပွဲရလဒ်အရထွက်လာမယ့် အစိုးရကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်လွှဲမှာဖြစ်လို့ ရွေးကောက်ပွဲအောင်မြင်အောင် အဖွဲ့အစည်းအသီးသီးက နိုင်ငံ့အကျိုးမျှော်ပြီး ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းက အမျိုးသားဇာတ်ရုံမှာ လုပ်တဲ့ ဟိန္ဒူတို့ရဲ့ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားမှာ အခုလိုပြောခဲ့တာဖြစ်ပြီး ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံအပြင် နိုင်ငံတကာသံအမတ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ကို ပြည်သူတွေလိုလားတောင်းတတဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ဖို့အတွက် ရွေးကောက်ပွဲကျင်းပပေးမှာဆိုပြီး စစ်ခေါင်းဆောင် က ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂအီးယူကတော့စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲဟာ ယုံကြည်ရလောက်တဲ့ရလဒ်ထွက်မှာမဟုတ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူလည်းစေလွှတ်မှာမဟုတ်ဘူးလို့ မနေ့တုန်းက ထုတ်ပြန်လာပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ တော်လှန်ရေးအင်အားစုနဲ့ မြန်မာ့အရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေက တိုက်တွန်းနေကြချိန်ဖြစ်ပါတယ်။

အခုပြုလုပ်တဲ့ ဒီပါဝလီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားတဲ့ ရိုးရာဆီမီးထွန်းပွဲတော်ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီပါဝလီဆီမီးထွန်းပွဲတော်ကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ကစပြီး ပိုပြီးကောင်းမွန်တိုးတက်တဲ့ အခြေအနေကောင်းတွေရရှိခံစားနိုင်မယ်လို့ ယုံကြည်ကြောင်းပါ ထည့်ပြောခဲ့ ပါသေးတယ်။

ရန်ကုန်မြို့မှာကျင်းပတဲ့ ဒီပါဝလီပွဲတော်နဲ့ပတ်သက်ပြီး အိန္ဒိယသံရုံးကလည်း သတင်းထုတ်ပြန်ခဲ့ကာ အိန္ဒိယနိုင်ငံရဲ့ ကြွယ်ဝစုံလင်တဲ့ ယဉ်ကျေးမှုတွေကို ဖော်ပြတာနဲ့အတူ စည်းလုံးညီညွတ်မှု၊ သဟဇာတ ဖြစ်မှုနဲ့ ညီရင်းအစ်ကိုသဖွယ် ရင်းနှီးချစ်ကြည်မှုတို့အတွက် သတင်းစကားကို ပြသတာဆိုပြီး ဓာတ်ပုံတွေနဲ့ တကွဖော်ပြခဲ့ပါတယ်။

ဒီပွဲကို မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းနဲ့ အိန္ဒိယနွယ်ဖွားအဖွဲ့အစည်းတွေ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး စစ်ခေါင်းဆောင်အပြင် စစ်ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအပါအဝင် ကာကွယ်ရေး ဦးစီးချုပ်ရုံးက တပ်အရာရှိကြီးတွေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးပါ တက်ရောက်ခဲ့ပါတယ်။