ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၂၈ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- နတ်မောက်မှာ နာရီနဲ့ချီ မိုးသည်းပြီး ချောင်းရေလျှံလို့ လူ ၄ ဦးသေဆုံး
ပျောက်ဆုံးသူအချို့ရှိ
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မယ်ဇလီပင်ဆည် မနေ့ညပိုင်းနဲ့ ဒီနေ့ မနက်အစောပိုင်းမှာ နာရီနဲ့ချီအောင် မိုးရွာပြီး ချောင်းရေ ရုတ်တရက် လျှံလို့ လူ ၄ ဦး သေဆုံးပြီး ပျောက်ဆုံးသူအချို့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နတ်မောက်မြို့နယ်၊ မယ်ဇလီပင်ဆည်လက်တံ ကျိုးတာကြောင့် ရုတ်တရက်ချောင်းရေကြီးပြီး မယ်ဇလီပင်ကျေးရွာက နေအိမ်နှစ်လုံး အလုံးလိုက်မျောပါတာကြောင့် နေအိမ်ထဲက မိသားစု ၇ ယောက် ရေစီးနဲ့ မျောပါသွားခဲ့တာလို့ ကျေးရွာက ဆရာတော် ဦးဂန္ဓမာက မိန့်ပါတယ်။
"တစ်ယောက်တော့ ဆွဲမိဆွဲရာနဲ့ သစ်ကိုင်းကို ဆွဲထားလို့ အသက်လွတ်သွားတယ်။ ကျန်တဲ့ ၆ ယောက်မှာ ကလေးနှစ်ယောက်အလောင်းကတော့ ရွာအစပ်မှာတွေ့တယ်။ ကျန်တဲ့အလောင်းတွေကတော့ ရွာနဲ့ ဆယ်မိုင်လောက် ဝေးတဲ့နေရာမှာတွေ့တယ်"လို့ မိန့်ပါတယ်။
အလောင်းတွေ့တဲ့ နေရာနဲ့ မယ်ဇလီကျေးရွာဟာ အလှမ်းဝေးတာကြောင့် ရွာပြန်မသယ်ဘဲ အဆင်ပြေတဲ့နေရာမှာ သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြတယ်လို့ မိန့်ပါတယ်။
ဆရာတော်ရဲ့ သက်တော် ၅၀ ကျော်မှာ နတ်မောက်မြို့ အခုလို ရေကြီးနစ်မြုပ်တာ ပထမဆုံးအတွေ့အကြုံလို့လည်း မိန့်ပါတယ်။
မိုးရွာတာများပြီး မယ်ဇလီပင်ဆည်လက်တံ ကျိုးတာကြောင့် အဲဒီရေတွေဟာ မယ်ဇလီပင်ချောင်းကနေ နတ်မောက်မြို့နယ်မှာ အကြီးဆုံးချောင်းဖြစ်တဲ့ ယင်းချောင်းထဲ စီးဝင်ပြီး နတ်မောက်မြို့ပေါ်တွေမှာပါ ရေကြီးတာတွေ ကြုံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ရေနံချောင်းမြို့နယ်မှာလည်း မိုးများပြီး သပြေတန်းချောင်း၊ ပင်းချောင်း၊ တောင်ချောင်း၊ သစ်တခွေချောင်း စတဲ့ချောင်းရေတွေကြီးတာကြောင့် စိုက်ခင်းနဲ့ နေအိမ်တွေထဲ ရေဝင်ရောက်တာတွေ ရှိနေပါတယ်။
"တညလုံးရွာတဲ့မိုး၊ ရေနံချောင်းမှာ ဒီတစ်နှစ်လုံး အများဆုံးရွာတဲ့မိုးလို့ ပြောလို့ရတယ်။ သပြေတန်းချောင်းစပ်မှာ နေတဲ့အိမ်မျောပြီး အမေကြီးတစ်ယောက် ရေလယ်ခေါင်မှာ ရောက်နေလို့ ဝိုင်းဆယ်ကြရတယ်"လို့ ရေနံချောင်းမြို့ခံတစ်ယောက်က ပြောပါတယ်။
''တစ်ညလုံးမိုးရွာတာ။ ဒီနေ့ မနက် ၈ နာရီကျော်လောက်မှ မိုးက စဲသွားတယ်။ မိုးကြီးလို့ ချောင်းဘေး ကမ်းနားက အိမ်အချို့ ရေတိုက်စားပြီး ပျက်စီးသွားတာရှိတယ်'' လို့ ရေနံချောင်းမြို့ခံ တစ်ဦးကလည်း ပြောပါတယ်။
လက်ရှိအချိန်မှာ ချောင်းရေတွေ ကျသွားပေမဲ့ ချောင်းရေနဲ့အတူ ပါလာတဲ့ နွံတွေကျန်နေခဲ့တာကြောင့် စက်တွေနဲ့ စုပ်ထုတ်နေကြရပါတယ်။
ရေနံချောင်းမြို့ရဲ့ ရေပေးဝေရေး ရေစစ်ကန်လည်း ပျက်စီးသွားတာကြောင့် ရေပြတ်နေသလို သစ်ပင်တွေလဲလို့ ဓာတ်ကြိုးတွေပြတ်တာကြောင့် တချို့ရပ်ကွက်တွေမှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
စီးပွားရေးပူးပေါင်းရင် ရုရှားလည်း အကျိုးရှိမယ်လို့ စစ်ခေါင်းဆောင်ကို ကာဇက်စတန် သမ္မတပြော
မြန်မာ - ကာဇက်စတန် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရင် အရှေ့တောင်အာရှတင်မက ရုရှားအတွက်ပါ အကျိုးရှိစေလိမ့်မယ်လို့ မြန်မာစစ်ခေါင်းဆောင်ကို ကာဇက်စတန်သမ္မတ က ပြောလိုက်ပါတယ်။
စက်တင်ဘာ ၂၇ ရက်တုန်းက ကာဇက်စတန် သမ္မတ နန်းတော်မှာ တွေ့ဆုံချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကာဇက်စတန်သမ္မတ ခါဆမ် ဂျိုမာ့ တိုကာယက်က ပြောလိုက်တာဖြစ်ပါတယ်။
ရုရှားဘက်က ကြည့်မယ်ဆိုရင် ကာဇက်စတန်ဟာ သယ်ယူထောက်ပို့မှုလုပ်ငန်းဆိုင်ရာတွေ အကောင်းဆုံးဆောင်ရွက်နိုင်တဲ့ နိုင်ငံဖြစ်သလို မြန်မာဟာလည်း အရှေ့တောင်အာရှမှာ တောင်ဘက်မှာရှိတဲ့နိုင်ငံဖြစ်လို့ မြန်မာနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှားနဲ့တင်သာကမ အာဆီယံနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကာဇက်စတန် သမ္မတ က ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ မြန်မာနဲ့ ကာဇက်စတန်ဟာ အလှမ်းဝေးပေမဲ့ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ရည်ရွယ်တယ်လို့ အဲဒီတွေ့ဆုံပွဲမှာ ပြောခဲ့တဲ့အကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။
ကုန်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်သေတ္တာဖြတ်သန်းမှု၊ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ မိုင်းတွင်းလုပ်ငန်း စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၆ လအတွင်း ၃ ကြိမ်မြောက်သွားတဲ့ ရုရှားခရီးစဉ်အတွင်း ကာဇက်စတန်နိုင်ငံကိုလည်း ရောက်နေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်စကိုမြို့မှာပြုလုပ်တဲ့ အဏုမြူဖိုရမ်ကို တက်ရောက်ပြီး ရုရှားသမ္မတ ပူတင်နဲ့လည်း တွေ့ဆုံထားပါတယ်။
တန့်ဆည်မြို့နယ်က ကံထူးမရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၁ ဦးအထိမြင့်တက်လာ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကံထူးမရွာကို စစ်တပ်က စက်တင်ဘာ ၂၆ ရက်မှာ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ မြင့်တက်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
စက်တင်ဘာ ၂၆ ရက် လေကြောင်းတိုက်ခိုက်မှုမှာ နေရာမှာတင်သေဆုံးသူ ၈ ဦး ရှိခဲ့ပါတယ်။
ဗုံးကြဲမှုကြောင့် ဒဏ်ရာရသူ ၁၂ ဦး နီးပါး ရှိခဲ့ပြီး အဲဒီထဲက ဒဏ်ရာပြင်းထန်သူ ၃ ဦး မနေ့က ထပ်သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၁ ဦး အထိ မြင့်တက်လာတာပါ။
ပေါက်ကွဲတဲ့ဗုံးဟာ ပြင်းထန်လို့ ဗုံးပေါက်တဲ့နေ့မှာ အခင်းဖြစ်တဲ့နေရာကနေ လူလေးဦးရဲ့ အလောင်းသာ ကောင်းကောင်းမွန်မွန် ကောက်ယူနိုင်ကြပြီး ကျန်အလောင်းတွေဟာ ဘယ်သူ ဘယ်ဝါလို့ နာမည်မဖော်နိုင်တဲ့အထိ ပျက်စီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဗုံးကြဲခံရတဲ့ နေရာဟာ နိုဘယ်ဝမ်း စက်သုံးဆီဆိုင်နဲ့ ဇွဲထက်အအေးဆိုင်နေရာတွေဖြစ်ပြီး နေအိမ်၊ ဈေးဆိုင်၊ အိမ်စီးကား၊ သုံးဘီး၊ ဆိုင်ကယ်တွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
"အဲဒီနေရာတွေက ဘယ်လက်နက်ကိုင်မှ ရှိတဲ့နေရာမဟုတ်ဘူး။ ဒီအတိုင်း ရောင်းဝယ်ဖောက်ကားတဲ့ နေရာဆိုတော့ လူစည်တဲ့ အရပ်သားနေရာပဲ"လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီကျေးရွာဟာ ရေဦး- တန့်ဆည်- ကလေးဝဘက်ကိုသွားတဲ့ လမ်းမကြီးဘေးမှာရှိတာကြောင့် ဆက်သွယ်သွားလာရေး ကောင်းမွန်ပြီး အများကြီးစည်ကားခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နဲ့ မတ် ၁ ရက်အတွင်း တန့်ဆည်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန်က အမျိုးသား ၁၁ ယောက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြတ်တောက်ခံရတဲ့အထိ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
အဲဒီတုန်းက ကံထူးမရွာက စစ်တပ်လက်အောက်ခံ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နောက်ဆက်တွဲ စစ်ကြောင်းထိုးချိန် အခုဖြစ်စဉ် ဖြစ်ခဲ့တာဖြစ်ပြီး ကံထူးမရွာ အနီးနားက ကျေးရွာအချို့က နေအိမ်ဆယ်ချီလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောခဲ့ဖူးပါတယ်။
BGF ဗိုလ်မှူးကြီး စောချစ်သူက မြေးမွေးနေ့ ဘောလုံးပွဲအနိုင်ရအသင်းကို ကျပ်သိန်း နှစ်ထောင်ဆုချ
ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက သူ့ရဲ့မြေး ၁ နှစ်ပြည့်မွေးနေ့ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွေကို ကျင်းပခဲ့ပြီး အကြီးတန်း အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ဆုကြေးငွေ သိန်း ၂,၀၀၀ အထိ ချီးမြှင့်လိုက်ပါတယ်။
ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို BFG ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုမှာ စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မွေးနေ့ရှင်က အသက် ၁ နှစ်အရွယ် စောမင်းတည်သစ် (ခ) ကဆာ့ဖိုး ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး စောချစ်သူရဲ့ သား စောထူးအယ်မှူးရဲ့သားငယ်လည်းဖြစ်ပါတယ်။
အဲဒီပွဲမှာ ArKu's အသင်းက B.S.O FC အသင်းကို ၁ ဂိုးပြတ်နဲ့နိုင်ခဲ့လို့ ဆုကြေးငွေ ကျပ် သိန်း ၂,၀၀၀ ရသွားပါတယ်။
အခုဆုကြေးဟာ ပြည်တွင်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲမှာ အမြင့်ဆုံးဆုလို့ အနိုင်ရတဲ့ ArKu's အသင်းက သူတို့အသင်း အောင်ပွဲရ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ရင်း ရေးသား ဖော်ပြပါတယ်။
မကြာသေးမီက လုပ်တဲ့ မြန်မာနေရှင်နယ်လိဂ် (MNL) ချန်ပီယံ ဆုကြေးဟာ မြန်မာကျပ်ငွေ သိန်း ၇၅၀ သာ ရှိခဲ့ပြီး အခု အကြီးတန်းပြိုင်ပွဲဆုကြေးနဲ့ ယှဉ်ရင် ၃ ဆနီးပါးကွာပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ချင်းအမျိုးသား ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အဖမ်းခံရ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ ဆီယာဟာခရိုင်ထဲမှာ မြန်မာအမျိုးသား ၃ ဦးဆီကနေ လက်နက်ခဲယမ်းတွေကို အိန္ဒိယနယ်စပ်အရေးတာဝန်ယူတဲ့ အာသံ ရိုင်ဖယ်ထပ်က ဖမ်းမိခဲ့တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ချင်းသတင်းဌာနတွေမှာတော့ အဖမ်းခံလိုက်ရတဲ မြန်မာ ၃ ဦးဟာ ချင်းအမျိုးသားတွေလို့ သတင်းဖော်ပြပါတယ်။
အာသံရိုင်ဖယ်တပ်က သူတို့ကို သွီဲပန်းနဲ့ ဇောင်းလိင်ရွာကြားမှာ စက်တင်ဘာလ ၂၆ ရက်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့က အဲဒီကျေးရွာ နှစ်ရွာကြားမှာ ဆိုင်ကယ် ၃ စီးကို ရပ်တန့်စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံသား ၃ ယောက်ဆီက Precision Air Rifle ရိုင်ဖယ်သေနတ် ၆ လက်၊ ကျည်ဆံတချို့နဲ့ မြန်မာငွေတချို့ကို ဖမ်းမိတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေက ချင်းပြည်နယ်ကဖြစ်ပြီး အသက် ၂၈၊ အသက် ၃၃ နဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
သံတွဲမြို့ပေါ် ကို စစ်တပ်ဗုံးကြဲလို့ တစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ငါး ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ သံတွဲမြို့၊ အမှတ် ၄ ညောင်ပင်ဈေးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူ တစ်ဦး သေဆုံးပြီး နောက်ထပ် ငါးဦး ဒဏ်ရာရှိခဲ့တယ်လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲက အများစုဟာ စစ်တပ်ရေတပ်စခန်းရှိတဲ့ မောင်ရွှေလေးရွာကနေ သံတွဲကို စစ်ဘေးရှာင်လာကြသူတွေဖြစ်ပါတယ်။
စစ်တပ်က ညောင်ပင်ဈေး ရပ်ကွက်ထဲကို စက်တင်ဘာ ၂၇ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲခဲ့တာလို့သိရပါတယ်။
သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင် ဦးညီညီဖြစ်ပြီး အသက် ၆ နှစ်အရွယ်နဲ့ အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက် တုန်းကလည်း အေအေ ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ပေါ် ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် တပ်ဦးကျောင်း ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာအချို့ နဲ့ ပြည်သူအချို့ ပြင်းထန်ဒဏ်ရာ ရခဲ့ကြပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်အထိ အကြိမ်ပေါင်း ၄၉၃ ကြိမ်ရှိပြီး သေဆုံးသူ ၁,၄၈၇ ယောက် ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နယ်စပ်အရေး ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်ကို အေအေ တောင်းဆို
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်(ARSA)နဲ့ ရိုဟင်ဂျာ သွေးစည်းညွတ်ရေးအဖွဲ့(RSO)လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကို ထောက်ပြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ နှစ်ဖက်ပြေလည်စေမယ့်နည်းလမ်းတွေ အမြန်ဆုံးရှာဖွေပြီး အာရက္ခတပ်တော်(AA)က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်နယ်ခြားစောင့်တပ် လက်ထဲကနေ အေအေ သိမ်းခဲ့တဲ့ မောင်တောမြို့နယ်ထဲက စခန်းအချို့ကို ARSA နဲ့ RSO တို့က ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ခိုက်မှုတွေကို အေအေက စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ရင်း အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒီအဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က အရာရှိတချို့က အကူအညီပေးနေတယ်လို့ အေအေက စွပ်စွဲပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒါကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ အရေးမယူဘူးဆိုရင် နှစ်ဖက်နယ်စပ် တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးတို့ ထိခိုက်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် BGB စခန်းတွေနားမှာတင် ရိုဟင်ဂျာတပ်စခန်းတွေ တပ်စွဲခွင့်ရရှိထားတာကိုလည်း အေအေက ထောက်ပြ စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ ARSA တပ်ဖွဲ့ဝင်တွေက အေအေ ထိန်းချုပ်ထားတဲ့ မောင်တောက စခန်းအချို့ကို ရုတ်တရက် ဝင်တိုက်ပြီး သိမ်းယူခဲ့တယ်လို့ အာဆာသတင်းတွေကို ထုတ်ပြန်တဲ့လူမှုကွန်ရက်တွေကနေ ရေးသားဖော်ပြခဲ့ကြပါတယ်။
အေအေကတော့ တိုက်ခိုက်မှုဖြစ်တဲ့နေရာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် ၅၆ နဲ့ ၅၇ ကြားမှာရှိတဲ့ ပွိုင့် ၆၀၁ စခန်းကုန်းကို စက်တင်ဘာ ၁၆ ရက်ကစပြီး ARSA အဖွဲ့ဝင်တွေ တိုက်ခိုက်တာကြောင့် တိုက်ပွဲ ၄ ရက်ဖြစ်ပွားခဲ့ကြပေမဲ့ အဲဒီစခန်းကို အေအေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ပြောပါတယ်။
အေအေနဲ့ ARSA တပ်တွေဟာ စက်တင်ဘာ ၂၇ ရက်အထိ ပွိုင့် ၆၀၁ စခန်းပတ်လည်နေရာ ၆ ခုမှာ ထိတွေ့မှုပေါင်း ၁၂ ကြိမ်အထက် ရှိခဲ့ပြီး အာဆာအဖွဲ့ဝင်တွေရဲ့ အလောင်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ် ကားလမ်းတိုက်ပွဲမှာတော့ အာဆာအဖွဲ့တွေက စက်တင်ဘာ ၂၄ ရက်မှာ ခြုံခိုတိုက်ခိုက်တာကြောင့် အေအေတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရှိတယ်လို့ အေအေက ပြောပါတယ်။
အေအေတပ်ဖွဲ့တွေဟာ စစ်တွေမြို့၊ ကျောက်ဖြူမြို့အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ တခြားနေရာ ၃ ခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး အာဆာနဲ့ RSO အဖွဲ့တွေက စစ်တပ်နဲ့ပူးပေါင်းပြီး နယ်စပ်က အေအေစခန်းတွေကို တိုက်ခိုက်နေတယ်လို့ အေအေက စွပ်စွဲထားပါတယ်။