အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တာ ဘာတွေ ထူးခြားပါလဲ

၂၀၁၅ မှာ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားအဖွဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ဇန်နဝါရီမှာ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ချီတက် ဆန္ဒပြနေကြတဲ့ ကျောင်းသားအဖွဲ့

ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းလောက်မှာ စစ်ကောင်စီက ပြင်ဆင်တယ်ဆိုပြီး ထုတ်ပြန်လိုက်တဲ့ အမျိုးသားပညာရေး ဥပဒေက ပညာရေးစနစ်အပေါ် ကျောင်းသား အပါအဝင် မိဘတွေ၊ ဆရာတွေရဲ့ ဆန္ဒ ခံယူမှုတွေကို ပစ်ပယ်လိုက်တဲ့ အပြင် မြန်မာ (ဗမာ) မဟုတ်တဲ့ အခြား တိုင်းရင်းသား ဘာသာစကားတွေ သင်ကြားမှုတွေ၊ တိုင်းရင်းသား ဘာသာစကား ဖွံ့ဖြိုးမှုတွေ နဲ့ ပတ်သက်ပြီး အမေး ထုတ်စရာတွေ ရှိလာနေပါတယ်။

ပြုပြင်ပြောင်းလဲရေးတချို့ကို မြင်ရတယ်လို့ ဆိုကြတဲ့ အရင် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အမျိုးသား ပညာရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ မှာ ပြင်ဆင် ဖြည့်စွက်တာတွေကို တည်ဆဲ ဥပဒေတွေနဲ့ အညီ ပြုလုပ်ခဲ့ပါတယ်။ 

နိုင်ငံမှာ လွှတ်တော်ဆိုတာ မရှိတော့တဲ့ အခု ၂၀၂၂ ခုနှစ် မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လက်မှတ်နဲ့ပဲ ထွက်လာတဲ့ ပြင်ဆင်မှုတွေထဲ အမျိုးသား ပညာရေး ဆိုင်ရာအခြေခံမူတွေထဲက ပြုတ်သွား၊ ‌ပြောင်းသွားတဲ့ အချက်တွေ ရှိလာပါတယ်။

ပြောင်းသွားတဲ့ မူ၊ ဖြုတ်လိုက်တဲ့ မူ

အရင်က အစိုးရအနေနဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေ ဥပဒေတွေကို ရေးဆွဲမယ် ဆိုရင် ကျွမ်းကျင် ပညာရှင်များနဲ့ အတူ “ပညာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၊ မိဘများ ဆရာများက ‌ရွေးချယ်သော ကိုယ်စားလှယ်များ၊ ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်များရဲ့ အကြံပြုချက်ကို ရယူရေး” လို့ အများပါဝင် ပတ်သက်နိုင်တဲ့ တိကျတဲ့မူ ချမှတ်ခဲ့ပေမယ့် အခုတော့ ကျွမ်းကျင် ပညာရှင်များနဲ့ “ပြည်သူလူထု၏ အကြံဉာဏ်များ ရယူရေး” ဆိုတဲ့ စကားရပ်နဲ့ ဖလှယ်ကာ ပြည်သူလူထုဆိုတဲ့ ‌ယေဘုယျ ‌ဝေါဟာရကို အဓိပ္ပာယ် တစုံတရာ မဖွင့်ထားပါဘူး။

နောက်မူ တချက်ကိုတော့ သူတို့ ဖြုတ်ပစ်လိုက်ပါတယ်။ အဲဒါကတော့ အရင် အမျိုးသား ပညာရေး ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပါ။

အရင် ၂၀၁၅ ခုနှစ် ပြင်ဆင်ဖြည့်စွက်တဲ့ အမျိုးသား ပညာရေး ဥပဒေမှာ “အဆင့်မြင့် ပညာကျောင်းများတွင် ဆရာ သမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ ကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ရေး” ဆိုတာ ပါဝင်ခဲ့ပေမယ့် အခု အဲဒါကို ပယ်ဖျက်လိုက်ပါပြီ။ ကျောင်းသားများ သမဂ္ဂ၊ ဆရာများ သမဂ္ဂ စတာတွေ ရှိလို့ မရတော့ ပါဘူး။

အမျိုးသားပညာ‌ရေးဥပဒေမှာ ပြင်ဆင်သင့်တာတွေကို ဦးသိန်းစိန် အစိုးရ လက်ထက် မှာသာမက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာလည်း ပညာရေး ဆိုင်ရာသမဂ္ဂ တွေက တောက်လျှောက် တောင်းဆိုခဲ့ကြတာပါ။

 တောင်းဆိုကြသူတွေထဲက ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သူ ကိုမင်းသွေးသစ်က စစ်ကောင်စီ ပြင်ဆင်လိုက်တဲ့ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ “အခုဖြစ်လာတဲ့ ပြဿနာက နဝတ၊ နအဖ စစ်အာဏာရှင် စနစ် စစ်ကျွန် ပညာရေး စနစ်ပုံစံကို ပြန်သွားနေတာ” လို့ မှတ်ချက်ချပါတယ်။

ဒီပြင်ဆင်ချက်တွေထဲ အမျိုးသား ပညာရေး မူဝါဒရေးဆွဲရေး ကော်မရှင်ဖွဲ့စည်းရေး အပိုင်းမှာလည်း သမ္မတက အဆိုပြုတဲ့ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ပညာရှင် ၂ ယောက် ကို ထည့်သွင်းဖို့၊ လွှတ်တော် ၂ ရပ်က ရွေးချယ်ပေးတဲ့ ပညာရှင် ၂ ယောက်ကို ထည့်သွင်းဖို့ ဆိုတာတွေ အခု စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့ အခါ မရှိ တော့ပါဘူး။

ကျောင်းသား

ဓာတ်ပုံ ရင်းမြစ်, Getty Images

စာသင်ခန်းသုံး ဘာသာစကားက မြန်မာဘာသာ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ၂၀၁၅အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက်အရ အခြေခံပညာအဆင့် သင်ကြားရေးမှာ “တိုင်းရင်းသား ဘာသာစကားကို မြန်မာဘာသာစကားနှင့် အတူ စာသင်ခန်းသုံး ဘာသာ စကားအဖြစ်” တွဲဖက် အသုံးပြုနိုင်ပါတယ်။ အခုတော့ မြန်မာဘာသာစကားကိုသာ “စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရ” တော့မှာပါ။

မြန်မာ (ဗမာ) မဟုတ်တဲ့ တိုင်းရင်းသားကလေးငယ်တွေ အနေနဲ့ အိမ်မှာ မိသားစုဝင် တွေနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကိုပဲ မိခင်ဘာသာစကားအဖြစ် ပြောဆိုကြတာမို့ မြန်မာ ဘာသာဟာ ဒုတိယ ဘာသာစကားအဖြစ် အခက်အခဲ ရှိပါတယ်။

ရခိုင်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ရှိသူ ကိုဦးသန်းနိုင်က “ရခိုင်ဒေသက ကလေးတွေဆိုရင် မူလတန်းအထိကို ဗမာ (မြန်မာ) စကားက မပြောတတ်ဘူး၊ ဆရာ ဆရာမတွေက ဗမာစကားနဲ့ သင်မယ်ဆိုရင် အဆင်မပြေဘူး ထင်တယ်။ နောက်ပြီး တော့ တခြားတိုင်းရင်းသားတွေရဲ့ Identity (အမှတ်အသား သရုပ်) ကိုဖျောက်ဖျက်ရာ ရောက်တယ်လို့လည်း မြင်တယ်” လို့ ဆိုပါတယ်။

ဗမာမဟုတ်တဲ့ တိုင်းရင်းဘာသာစကားတွေနဲ့ ပတ်သက်လို့ အမျိုးသား ပညာရေး ဥပဒေ ပုဒ်မ (၄၄) မှာ ပြင်ဆင်လိုက်တဲ့ အချက်ကလည်း ထောက်ပြစရာ အချက် တခုပါ။

တိုင်းရင်းသား စာပေနှင့် ဘာသာစကား သင်ကြားသင်ယူမှုနဲ့ ပတ်သက်ပြီး “အခြေခံ မူလတန်း အဆင့်မှ စတင်၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ ဆောင်ရွက်နိုင်သည်” လို့ အရင် ဥပဒေမှာ ဆိုထားပေမယ့် အခု ၂၀၂၂ စစ်ကောင်စီ ပြင်ဆင်ချက်အရ “အခြေခံမူလတန်း အဆင့်တွင် ဆောင်ရွက်နိုင်သည်” လို့ ပြောင်းလဲသွားပါတယ်။