ဇန်နဝါရီ ၂၈ ရက် ထိပ်တန်းသတင်းများ- ပေါက်မြို့အနီး PDF ဂိတ်ကို ဖြတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတယ်ဆိုတဲ့ မာ့ခ်တူးအမျိုးအစားကား

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတယ်ဆိုတဲ့ တိုယိုတာ Mark II အမျိုးအစားကား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့အနီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် PDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးအပါအဝင် နောက်ထပ် ၃ ဦးလိုက်ပါလာတဲ့ အိမ်စီး တိုယိုတာ Mark II ကားဟာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တုန်းက ပေါက်မြို့၊ အုန်းတောကျေးရွာအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ PDF ဂိတ်ကို ဖြတ်သန်းချိန်မှာ စတင် ပစ်ခတ်ရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

‘’သူတို့က ပေါက်မြို့အရှေ့ဘက် ၄ မိုင်လောက်မှာရှိတဲ့ ယာကြီးပင် ပျူစောထီးရွာကနေ မတိုယိုတာ Mark II ကားနဲ့ ပေါက်မြို့ပေါ်ကို ပြန်တာ။ ကျွန်တော်တို့ ပြည်(PDF)ဂိတ်မှန်းသိတော့ သူတို့ကနေ စပစ်တယ်။ အဲဒီမှာ ဘေးမှာ ကင်းပုန်းဝတ်နေတဲ့အဖွဲ့တွေက ဝိုင်းပစ်တာ သူတို့ထဲက ဗိုလ်ကြီးနဲ့ အကြပ်တစ်ဦး သေတယ်။ ကျန်တဲ့ နှစ်ဦးကတော့ ကားထဲ ထွက်ပြေးတယ်’’ လို့ ပေါက်မြို့နယ် PDF ဘက်က ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဘက်ကနေ MA3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် ၆၈ တောင့်နဲ့ ကျည်ကာအင်္ကျီ တစ်ထည် သိမ်းမိတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မှာတော့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ကျေးရွာ အနီးတဝိုက်မှာ ကင်းပုန်းဝပ်တာ၊ ကင်းလှည့် စောင့်ကြည့်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မနေ့ တစ်နေ့တည်းမှာပဲ ပခုက္ကူ အမှတ် ၁၀၁ တပ်ကနေ ကံမမြို့မရဲစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားအချို့ကိုလည်း မြိုင်မြို့နယ်ထဲက တဲကြီး ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကတည်းက ပခုက္ကူကနေ ထွက်လာတာဖြစ်ပြီး မနေ့ အထိ လမ်းတစ်လျှောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံနေရတယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့တွေ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ပေါက်နဲ့မြိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တစ်စုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကောလင်း၊ ကျောက်ပြင်သာတိုက်နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်

ကုက္ကိုကုန်းကျေးရွာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းတုန်းက လည်း မီးရှို့ခံခဲ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, KR

ဓာတ်ပုံ ပုံစာ, ကုက္ကိုကုန်းကျေးရွာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းတုန်းက လည်း မီးရှို့ခံခဲ့ရပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကျောက်ပြင်သာတိုက်နယ်ထဲမှာ စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီလ ၂၇ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်ပြင်သာတိုက်နယ်ထဲက ကုက္ကိုကုန်းကျေးရွာကို စစ်ရဟတ်ယာဥ် ၂ စီးနဲ့ ပစ်ခတ်ခဲ့ပြီး နောက် ၂ စီးနဲ့ စစ်ကောင်စီတပ်သား ၇၀ နီးပါးကို ဖြန့်ကြက်ချထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကုက္ကိုကုန်း၊ ဝက်သည်းကုန်း၊ ညောင်ကုန်းကျေးရွာနဲ့ အနီးနားကျေးရွာတွေက ထောင်နဲ့ ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

‘‘ကုက္ကိုကုန်းရွာအနီးနားကို ပစ်ခတ်တဲ့အချိန် အရပ်သားတစ်ယောက် လက်နက်ထိတယ်လို့သိရတယ်။ ပိတ်မိနေတဲ့ရွာသားတွေလည်း စစ်ရဟတ်ယာဥ်ထွက်သွားတော့မှ ဘေးလွတ်ရာထွက်ပြေးရတယ်။ ဒီနေ့ အခြေအနေကတော့ ဝက်သည်းကုန်းဘက်မှာ သူတို့က ရမ်းသမ်းပြီးတော့ တောစပ်တွေကို ပစ်ခတ်နေတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကုက္ကိုကုန်းကျေးရွာအနီးနား ဝန်းကျင်ကို စစ်ကောင်စီတပ်က ဘာကြောင့် လေကြောင်းကနေ ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တာမျိုးမရှိဘဲ လာရောက် ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကောလင်း-ရွှေဘို လမ်းပိုင်းကြားမှာ ဖြန့်ကြက်နေပြီး လမ်းပိတ်ထားတာကြောင့် ကောလင်းမြို့မှာ ခရီးသွားတွေ ပိတ်မိနေတယ်လို့လည်း မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution-KR က ရေးသားဖော်ပြထားပါတယ်။

ကျောက်ပြင်သာတိုက်နယ်ထဲ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြိး စစ်ကောင်စီတပ်ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရနောင်းမြို့ ထိန်းသိမ်းရေးစခန်းထဲက မြန်မာတွေဆန္ဒပြ

ထိန်းသိမ်းရေးစခန်း လေးလွှာကနေ ကြွေးကြော်နေတဲ့အသံတွေကို ရိုက်ကူးထားတဲ့ရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, ထိန်းသိမ်းရေးစခန်း လေးလွှာကနေ ကြွေးကြော်နေတဲ့အသံတွေကို ရိုက်ကူးထားတဲ့ရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့က ထိန်းသိမ်းရေးစခန်းထဲမှာ လနဲ့ချီကြာအောင် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ရာချီဟာ နေရပ်ကို ပြန်ပို့ပေးဖို့ဆိုပြီး ဒီနေ့ ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းကစလို့ ကြွေးကြော်တောင်းဆိုနေကြပါတယ်။

ဒီလူတွေဟာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီး ထောင်ချခံရအပြီးမှာ ပြန်လွတ်လာသူတွေ၊ နေထိုင်ခွင့်သက်တမ်းကုန်သူတွေ၊ ပြစ်မှုကျူးလွန်လို့ ‌ထောင်ဒဏ်ကျခံရပြီးနောက်မှာ မြန်မာနိုင်ငံကို ပြန်ပို့ခံရဖို့ အဲဒီစခန်းထဲမှာ လနဲ့ချီ စောင့်ဆိုင်းနေရသူတွေ ဖြစ်ပါတယ်။

ရနောင်းထိန်းသိမ်းရေးစခန်းထဲမှာ အစားအသောက် ဝဝလင်လင်မစားရတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေကို လနဲ့ချီ ကြုံနေရတာကြောင့် မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ပို့ခံရရေး အခုလို တောင်းဆို နေတာလို့ သိရပါတယ်။

‘‘ဒီမှာက တစ်လကို ပုံမှန် ၂ ကြိမ်လောက်ထုတ်တယ်။ တခါတလေတော့ ရက် ၂၀ လောက်ကြာတယ်။ အခုက ပထမတစ်သုတ်ပို့ပြီးကတည်းက မပို့သေးတော့ အကုန်လုံးက ဆန္ဒပြကြတာ။ ထိုင်းနိုင်ငံကို ခိုးဝင်တဲ့သူတွေရော၊ သက်တမ်းကုန်တဲ့သူတွေရော၊ ဆေးမှု၊ သေနတ်မှု ကော့သောင်းကို ပြန်ပို့ဖို့ ခဏချုပ်ထားတဲ့သဘောပေါ့။ ဒီထဲမှာကတော့ တချို့ဆို လေးငါး လလောက်ကြာတယ်။ ဆေးဝါးလည်း မလုံလောက်ဘူး။ လူလည်းများတော့ ဝဲတို့ ယားနာတို့ ဖြစ်ကြတယ်။ နေမကောင်းအပြင်းအထန်ဖြစ်တယ်ဆိုရင်တောင် ဆေးဝါးလုံလုံလောက်လောက် မရဘူး’’ လို့ စခန်းတွင်းမှာ ထိန်းသိမ်းခံထားရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နေရပ်ပြန်ပို့ရေး ကြွေးကြော်တောင်းဆိုနေသူတွေဟာ ၅ ထပ်ရှိတဲ့ ထိန်းသိမ်းရေးစခန်းမှာ ဒုတိယထပ်၊ တတိတထပ်နဲ့ စတုတ္ထထပ်တွေမှာ ကျပ်ကျပ်တည်းတည်းနေထိုင်နေရတာလို့လည်း သူက ဆက်ပြောပြပါတယ်။

အခုတော့ ထိုင်းအာဏာပိုင်တွေ စခန်းကို ရောက်နေပြီဖြစ်ပေမဲ့ ထိန်းသိမ်းခံထားရသူတွေကတော့ မြန်မာသံရုံးကနေ တဆင့် စကားပြောနိုင်ဖို့ သံရုံးဘက်က လာရောက်တာကို စောင့်ဆိုင်းနေသလို စခန်းအတွင်း ထိန်းသိမ်းထားသူတွေအများစု ထားရာ အဲဒီအဆောက်အအုံအပေါ် တက်နိုင်တဲ့ ဒုတိယ ထပ်မှာ တံခါးကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားသံအရာရှိ တချို့ကတော့ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးသူတွေ နေရပ်ပြန်ပို့ရေးအစီအစဥ်ဟာ ထိုင်းအာဏာပိုင်တွေက ပေးပို့လာတဲ့ စာရင်းအတိုင်းကိုသာ မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းတာဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီကို သတ်မှတ်ရွေးချယ်တာမဟုတ်ဘူးလို့ ဘီဘီစီကို အစောပိုင်းက ပြောထားပါတယ်။

သတင်းလုံခြုံရေးလိုအပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

သတင်းလုံခြုံရေးလိုအပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

စစ်ကောင်စီ ဝန်ကြီးဌာနတွေမှာ သတင်းလုံခြုံရေး လိုအပ်နေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၂၇ ရက်တုန်းက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အခုနှစ်အတွင်း ပထမဆုံးပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က အခုလိုပြောလာတာဖြစ်ပြီး သတင်းလုံခြုံရေးကို စနစ်တကျနဲ့ ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း မှာကြားခဲ့တာလို့ သိရပါတယ်။

 စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်အဆင့်စာရွက်တွေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့အပြီးမှာ စစ်ခေါင်းဆောင်ရဲ့ အခုလို ညွှန်ကြား ချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

 ဒါ့အပြင် စစ်ကောင်စီ သက်တမ်း ၂ နှစ်ပြည့်ခါနီးမှာ နိုင်ငံတကာဆက်ဆံရေးမှာ အကျပ်အတည်းတွေရှိခဲ့တာကိုလည်း စစ်ခေါင်းဆောင်က အဲဒီအစည်းအဝေးအတွင်းမှာ ဝန်ခံပြောကြားသွား တာတွေ့ရပါတယ်။

 ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတယ်လို့လည်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီအစည်းအဝေးမှာ ပြောခဲ့တဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပလက်ဝမှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်း စစ်ဆေးနေ

ပလက်ဝမှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်း စစ်ဆေးနေ

ဓာတ်ပုံ ရင်းမြစ်, CJ

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေကနေ အိမ်ထောင်စုစာရင်းတွေ ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၇ ရက် ည ၉ နာရီလောက်ကစလို့ စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စတဲ့ဌာနပေါင်းစုံပါဝင်တဲ့အဖွဲ့တွေက လူအင်အားအများအပြားနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အခုလို ဝင်ရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား အပစ်ခတ်ရပ်စဲထားကြသလို ဒေသအခြေအနေလည်း တည်ငြိမ်နေချိန်မှာ အခုလို အိမ်ထောင်စုစာရင်းစစ်ဆေးတာတွေ လုပ်လာတဲ့အပေါ် စိုးရိမ်မှုရှိကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနေ့ညကတည်းက အင်အားအများအပြားနဲ့ ပလက်ဝမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းတွေလာစစ်တယ်။ မြို့ခံတွေကတော့ စိုးရိမ်မှုတွေရှိကြတာပေါ့။ ဖမ်းမလား၊ ဆီးမလားဆိုပြီးတော့။ လောလောဆယ်မှာတော့ ဖမ်းဆီးခံရတာမရှိသေးဘူး။ အပစ်ရပ်ကာလမှာ အခုလိုလုပ်လာတဲ့အပေါ်မှာလည်း သံသယဖြစ်တယ် ပေါ့နော်”လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အေအေရဲ့ အခြေစိုက်စခန်းတွေရှိတယ်ဆိုပြီး စစ်ကောင်စီဘက်က ကန့်သတ်ပိတ်ဆို့မှုတွေပြလုပ်ထားတဲ့ဒေသဖြစ်ပါတယ်။

လတ်တလော အပစ်ခတ်ရပ်စဲထားတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း သံသယနဲ့ဖမ်းဆီးခံလိုက်ရပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့ ပလဝမြို့ခံ ၁၀ ဦးခန့်ရှိနေပြီး နောက်ထပ်လည်း အလားတူ ဖမ်းဆီးမှုတွေ ရှိလာမှာကို ဒေသခံတွေစိုးရိမ်နေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်နဲ့ အေအေတို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာကစလို့ ပထမအကြိမ်အပစ်ခတ်ရပ်စဲခဲ့ကြပြီးနောက်ပိုင်း စစ်ကောင်စီဟာ အခု ၂၀၂၃ ခု နှစ်စပိုင်းလောက်ကစလို့ ဒေသခံတွေကို အေအေတပ်ဖွဲ့ကို အကူအညီပေးနေသူတွေဆိုပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

စိန်ဂေဟာ(လှိုင်သာယာ)မီးလောင်မှု ဆိုင်ခန်းတွဲ ၅ တွဲထက်မနည်း မီးသင့်

လှိုင်သာယာ စိန်ဂေဟာ မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, အားမာန်လူငယ်ပရဟိတအသင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ထဲက စိန်ဂေဟာ စျေးဝယ်စင်တာမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက် ညပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ နှစ်ထပ် ဆိုင်ခန်းတွဲ ၅ တွဲထက်မနည်း မီးသင့်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

 မီးလောင်မှုဟာ ရန်ကုန်-ပုသိမ်သွား လမ်းမကြီးပေါ်က မဟာမင်းခေါင်လမ်းမှာရှိတဲ့ စိန်ဂေဟာစျေးဝယ် စင်တာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 လှိုင်သာယာမြို့နယ်မီးသတ်တပ်ဖွဲ့က ကနဦး မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မီးဆက်လောင်နေခဲ့တာကြောင့် ရန်ကုန်မြို့နယ်တွေက မီးသတ်တပ်ဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေကပါ ၂ နာရီကျော် ကြာအောင် ဝိုင်းဝန်း မီးငြှိမ်းခဲ့ရတာဖြစ်ပါတယ်။

၂ နာရီကျော်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, အားမာန် လူငယ်ပရဟိတအသင်း

 ‘‘မီးလောင်တဲ့ နှစ်ထပ်တိုက်ခန်းတွဲ ၅ တွဲ၊ ၆ တွဲလောက်ရှိမယ်။ မီးညွန့်က အပြင်ကို မထွက်ဘဲ အထဲမှာ လှိုက်ပြီးလောင်နေခဲ့တာ။ မှန်တွေ၊ တံခါးတွေကို ရိုက်ခွဲပြီး ဝင် ငြိမ်းခဲ့ရတယ်။ အထဲမှာရှိတဲ့ ပစ္စည်းတွေကတော့ အပျက်အစီး တော်တော်များများတယ်။ မီးခိုးမွှန်တာမျိုးလို ထိခိုက်သူတွေတော့ရှိပေမဲ့ ကြီးကြီးမားမားထိခိုက်သူ တော့မရှိဘူးလို့ ကျွန်တော်တို့ ကြားပါတယ်’’ လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

 စိန်ဂေဟာ ဘက်ကတော့ မီးလောင်မှုမှာ ထိခိုက်ပျက်စီးမှု နည်းပါးအောင် ကူညီပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့နဲ့ ကူညီရေးအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြောထားပြီး စျေးဝယ်စင်တာကိုတော့ ပိတ်ထားဦးမယ်လို့ ပြောပါတယ်။

 ဒါပေမဲ့ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ အဲဒီထုတ်ပြန်ချက်ထဲမှာ စိန်ဂေဟာဘက်က ထည့်ပြောထားတာ မတွေ့ရပါဘူး။

သံဖြူဇရပ်-ရေး လမ်းပေါ် ယာဥ်တိုက်မှု လူ ၅ ဦး သေဆုံး

သံဖြူဇရပ်- ရေး လမ်းပေါ် ယာဥ်တိုက်မှု လူ ၅ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ရွှေဟင်္သာလူမှုကူညီရေးအသင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးသွား ကားလမ်းမပေါ်မှာ ခရီးသည်တင် အဝေးပြေးကားတစ်စီးနဲ့ ပရိုဘောက်စ် အမျိုးအစား အိမ်စီးကားတစ်စီးတို့ တိုက်မိခဲ့တာကြောင့် ပရိုဘောက်စ်ကားပေါ်မှာ ပါလာသူ ၅ ဦး သေဆုံးမှုဖြစ်ခဲ့ပါတယ်။

ယာဥ်တိုက်မှုဟာ သံဖြူဇရပ်-ရေး လမ်းမကြီးပေါ်က ကနင်ကမော့ကျေးရွာနဲ့ အောင်သာယာကျေးရွာကြားမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက် ညပိုင်းတုန်းက ဖြစ်ပွားခဲ့တာပါ။

တိုက်မိတဲ့အရှိန်ပြင်းတာကြောင့် ပရိုဘောက်စ် ကားပေါ်မှာ ပါတဲ့ ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ယာဥ်မောင်းအမျိုးသားနဲ့ နောက်တစ်ဦး စုစုပေါင်း လူ ၅ ဦးစလုံးဟာ ကားထဲမှာပဲ ညပ်ပြီးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူရုပ်အလောင်းတွေကိုတော့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံမှာရှိတဲ့ ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေဘို၊ မြင်းစီးရွာက ပျူစောထီး ၂၀ နီးပါးကို PDF ဖမ်းဆီး

 နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုအတွင်း နေအိမ်အချို့လည်း မီးလောင်

ဓာတ်ပုံ ရင်းမြစ်, screengrab

ဓာတ်ပုံ ပုံစာ, နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုအတွင်း နေအိမ်အချို့လည်း မီးလောင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာက ပျူစောထီး စခန်းကို ရွှေဘိုနဲ့ ခင်ဦးတိုက်နယ်တို့က ဒေသကာကွယ်‌ရေးတပ်ဖွဲ့တွေက စီးနင်းမှုအတွင်း ပျူစောထီး အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးမိထားတယ်လို့ တိုက်ခိုက်မှု ပြုလုပ်တဲ့အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မြင်းစီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ဒီနေ့ ဇန်နဝါရီလ ၂၈ ရက်မှာ မြင်းစီးကျေးရွာအနီးက စစ်တပ်ထောက်ခံတဲ့ပျူစောထီး လက်နက်ကိုင်တွေလည်း လှုပ်လှုပ်ရှားရှားရှိနေတယ်လို့ ရွှေဘိုတိုက်နယ် ဒေသကာကွယ်ရေးအဖွဲ့ဘက်က နေ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်က စစ်ကြောင်းထိုးတာတွေ စလုပ်နေတယ်လို့လည်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြင်းစီးကျေးရွာဟာ ပျူစောထီးခေါင်းဆောင် ဦးဌေးအောင်ဆိုသူ ဦးဆောင်တဲ့ ပျူစောထီး လက်နက်ကိုင် အဖွဲ့ရှိတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံ ရပြီး သေနတ် ၂ လက်ကို သိမ်းမိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေ ဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ စစ်တပ်ထောက်ခံသူ ပျူစောထီး မရှိဘူးလို့ ပြီးခဲ့တဲ့နှစ် သတင်းစာရှင်းလင်းပွဲမှာ ပြောထားဖူးသလို လုံခြုံရေးလိုအပ်ချက်အရ သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးတဲ့ ပြည်သူ့စစ်အဖွဲ့ပဲ ရှိ တယ်လို့လည်း ပြောထားပါတယ်။