ကာမီကာဇေဒရုန်းတွေကို ရုရှားနဲ့ယူကရိန်း ဘယ်လိုအသုံးပြုနေကြလဲ

ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး ကိယက်ဗ်မြို့က အရပ်သားတွေကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ယူကရိန်းဘက်က စွပ်စွဲနေပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ရန်သူပစ်မှတ်တွေကို သူတို့လေယာဥ်နဲ့ အသေခံတိုက်ခိုက်ခဲ့တဲ့ ဂျပန်လေယာဥ်မှူးတွေရဲ့ အသေခံတိုက်ခိုက်မှုကို အစွဲပြုပြီး ကာမီကာဇေဒရုန်းလို့ အမည်ပေးထားတာပါ။ ဒီဒရုန်းတွေကလည်း အသေခံတိုက်တဲ့ ဂျပန်လေယာဥ်တွေလို ဒရုန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာပြီး ရန်သူပစ်မှတ်တွေကို ထိုးချတိုက်ခိုက်တဲ့ တစ်ခါသုံး ဒရုန်းတွေဖြစ်ပါတယ်။

 ရုရှားအသုံးပြုနေတဲ့ ကာမီကာဇေဒရုန်းက ဘယ်လိုဒရုန်းမျိုးလဲ

အီရန်လုပ် ရှာဟက်-၁၃၆ ဒရုန်းကို စက်တင်ဘာလလယ် လောက် ကတည်းက ယူကရိန်းစစ်ပွဲမှာ ရုရှားက အသုံးပြုနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရုရှားတွေက Geranium-2 လို့ နာမည်ပြောင်းထားတဲ့ အဲဒီ ဒရုန်းတွေရဲ့ နှုတ်သီးမှာ ဒုံးကျည်ထိပ်ဖူးတပ်ထားပြီး ပစ်မှတ်ကို ထိုးချတိုက်ခိုက်ဖို့ ညွှန်ကြားချက် ရတဲ့အချိန်အထိ လေပေါ်မှာပျံဝဲနေနိုင်ပါတယ်။

ရှာဟက်-၁၃၆ ဒရုန်းရဲ့ အတောင်ပံအရှည်က ၂.၅ မီတာ (၈.၂ ပေ) ခန့် ရှိပြီး အဲဒီဒရုန်းရဲ့ လှုပ်ရှားမှုကို ရေဒါနဲ့ ထောက်လှမ်းဖို့ ခက်တယ်လို့ သိရပါတယ်။

အဲ့ဒီဒရုန်းမျိုး ဘယ်နှစ်စင်း ရုရှားမှာရှိနေလဲဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒါပေမယ့် ရုရှားကို ဒရုန်း ရာနဲ့ချီ ပို့ဖို့ အီရန်က စီစဉ်ထားတယ်လို့ အမေရိကန်က ပြောပါတယ်။ အီရန်ဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ကာမီကာဇေဒရုန်း တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ဘယ်လို ပျက်စီးမှုတွေ ဖြစ်ခဲ့ပြီလဲ

ရှာဟက်-၁၃၆ ဒရုန်းတွေ အသုံးပြုပြီး စက်တင်ဘာလ ၁၃ ရက်နေ့က ယူကရိန်းအရှေ့ပိုင်း ခါကိဗ်မြို့နားနဲ့ ကူပီရန်စ်ဒေသနား တစ်ဝိုက်ကို ရုရှားက တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေ ပထမဆုံး ထွက်လာပါတယ်။

အဲဒီ့လနှောင်းပိုင်းက နိုင်ငံတောင်ဘက်ခြမ်း တိုက်ခိုက်မှုမှာလည်း ရုရှားက ဒရုန်းတွေ အသုံးပြု ခဲ့ပါတယ်။ အိုဒက်ဆာနဲ့ မီကိုလိုက်ဗ်မြို့က အပျက်အစီးပုံတွေထဲမှာ ဒရုန်း အပိုင်းအစတွေ ရှာတွေ့ခဲ့ပါတယ်။

အောက်တိုဘာလမှာလည်း ကိယက်ဗ်မြို့တောင်ပိုင်း ဘီလာဆာခ်ဗာမြို့ က အရပ်သားတွေ ရှိနေတဲ့ နေရာတွေပေါ် ရှာဟက်-၁၃၆ ဒရုန်းတွေ ကျရောက်ခဲ့ပါတယ်။

အဲ့ဒီ ဒရုန်း တစင်းရဲ့ တန်ဖိုးက ဒေါ်လာ ၂၀၀၀၀ (ပေါင် ၁၇၈၀၀) လောက်ပဲရှိပြီး အထိုက်အလျောက်စျေးသက်သာတာကြောင့် ရုရှားတွေက ခရုဇ်ဒုံးကျည်တွေထက် ဒီဒရုန်းတွေကို ပိုသုံးနေပုံရပါတယ်။

အဲဒီဒရုန်းတွေကို ယူကရိန်းက ဘယ်လို တန်ပြန်တိုက်ဖျက်နေသလဲ

ဒီဒရုန်းတွေကို ပစ်ချနိုင်ဖို့ ယူကရိန်းက ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ အီလက်ထရွန်နစ် ကြားဖြတ်ကိရိယာတွေကိုကြိုးစား အသုံးပြုနေတာတွေ့ ရပါတယ်။

အောက်တိုဘာလအစပိုင်းမှာ ယူကရိန်းစစ်တပ်က သူတို့နယ်မြေထဲဝင်လာတဲ့ ရှာဟက်-၁၃၆ ဒရုန်းအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဒရုန်းတွေ အားလုံးကို ပစ်ချနိုင်ဖို့က ခက်လှပါတယ်။

"အဲဒီဒရုန်းတွေက နိမ့်နိမ့်ပျံသန်းနိုင်ပြီး လှိုင်းလုံးတွေလို ပစ်လွှတ်နိုင်တယ်။ ဒီဒရုန်း တွေ အစုလိုက်အပြုံလိုက်ကြီးပျံလာရင် လေကြောင်းကာကွယ်ရေးစနစ်နဲ့ တန်ပြန်တိုက်ဖို့က အတော်လေးခက်ခဲပါတယ် "လို့ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဂျပ်စတင် ခရမ့်ပ်က ဘီဘီစီကို ပြောပါတယ်။

ယူကရိန်းကရော ကာမီကာဇေဒရုန်းတွေ သုံးခဲ့လား

ယူကရိန်းက ဒီလိုဒရုန်းတွေ အသုံးပြုနေလားဆိုတာကို အသေအချာ မသိရပေမယ့် မကြာသေးခင်က အနောက် ခရိုင်းမီးယားဒေသက ရုရှားစစ်အခြေစိုက်စခန်း၊ ဆီဗာစတိုပိုးလ် အနီးက လေတပ်စခန်းတစ်ခုနဲ့ ဆီဗာစတိုပိုးလ် ဆိပ်ကမ်းက သင်္ဘောတွေ တိုက်ခိုက်ခံရမှုမှာ ဒီဒရုန်းတွေ သုံးခဲ့ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေပါတယ်။

"တိုက်ခိုက်မှုတွေအတွင်း ပေါက်ကွဲခဲ့တဲ့အနေအထားတွေကို ကြည့်ရရင် ပေါက်ကွဲမှုတွေက အင်အားသေးတာကို တွေ့ရတယ်။ ဒါကိုကြည့်ရင် အဲဒါတွေက ဖောက်ခွဲရေးပစ္စည်းတွေကို ကြိုးနဲ့ပတ်ထားတဲ့ အိမ်လုပ်ဒရုန်းတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။" လို့ လန်ဒန် King's Collegeက ကာကွယ်ရေးဆိုင်ရာ သုတေသီ ဒေါက်တာ မာရီနာမီရွန် ကပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားမှာ တခြားဒရုန်းတွေ သုံးနေတာရှိလား

အခုစစ်ပွဲထဲမှာ ယူကရိန်းစစ်တပ်က အဓိကထားအသုံးပြုနေတဲ့ ဒရုန်းက တူရကီလုပ် ဘေရက်တာ TB2 ဒရုန်း ဖြစ်ပါတယ်။ အဲဒီဒရုန်းရဲ့အရွယ်အစားက လေယာဉ်ငယ်အရွယ်အစားလောက် ရှိပြီး ဒရုန်းမှာ ကင်မရာတွေပါသလို လေဆာလမ်းညွှန်ဗုံးတွေ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

စစ်ပွဲအစပိုင်းတုန်းက ယူကရိန်းမှာ အဲဒီဒရုန်းအမျိုးအစား ၅၀ နီးပါးလောက်ပဲ ရှိတယ်လို့ Royal United Services Institute (Rusi) အဖွဲ့က ဒေါက်တာ Jack Watling က ပြောပါတယ်။

အမေရိကန်က ကာမီကာဇေ Switchblade ဒရုန်း ၇၀၀ ယူကရိန်းကို ပို့ပေးမယ်လို့ ထုတ်ပြောထားပါတယ်။

ကင်မရာတပ်ထားပြီး ဗုံးအသေးစားတွေ သယ်ဆောင်နိုင်တဲ့ Orlan-10 အမျိုး အစား ဒရုန်းတွေကိုလည်း ရုရှားက အသုံးပြုနေပါတယ်။

စစ်ပွဲသုံးဒရုန်းတွေကို ဘယ်လို အသုံးပြုနေကြလဲ

ရန်သူပစ်မှတ်တွေ ရှာဖွေတာနဲ့ ရန်သူပစ်မှတ်တွေကို အမြောက်တွေနဲ့ ပစ်ဖို့ လမ်းညွှန်တဲ့ကိစ္စတွေမှာ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက ဒရုန်းတွေကို ထိထိရောက်ရောက် အသုံးပြုနေကြပါတယ်။

" ရန်သူ့ ပစ်မှတ်ကို Orlan-10 ဒရုန်းက ရှာတွေ့ အပြီး ၃ မိနစ်ကနေ ၅ မိနစ် အတွင်းမှာတင် ရုရှားတပ်ဖွဲ့တွေက ရန်သူကို ချက်ချင်း ပစ်ခတ်တိုက်ခိုက်နိုင်တယ်"လို့ ဒေါက်တာ Watling ကဆိုပါတယ်။

မဟုတ်ရင်တော့ တိုက်ခိုက်မှုတစ်ခု လုပ်ဖို့ မိနစ် ၂၀ ကနေ မိနစ် ၃၀ အထိ အချိန်ကြာနိုင်ပါတယ်။

ဒရုန်းတွေကြောင့် ယူကရိန်းတွေအနေနဲ့ အကန့်အသတ်ရှိတဲ့ သူတို့ တပ်ဖွဲ့တွေကို ပိုတပ်ဖြန့် အသုံးပြုနိုင်ခွင့် ရနေတယ်လို့ ဒေါက်တာ မာရီနာ မီရွန်ကပြောပါတယ်။

“အရင်ကဆို ရန်သူတပ်တွေရှိတဲ့ နေရာတွေကို လိုက်ရှာချင်ရင် အထူးတပ်ဖွဲ့တွေ စေလွှတ်ရမယ်။ အဲ့ဒါကြောင့် တပ်ဖွဲ့ဝင်တချို့ ဆုံးရှုံးနိုင်တယ် .... အခုတော့ ဆုံးမယ့်ဆုံး၊ ဒရုန်းတစင်းပဲ ဆုံးစရာ ရှိတယ်။”လို့ သူက ပြောပါတယ်။

စစ်ပွဲစဖြစ်ပြီး ပထမရက်သတ္တပတ်အနည်းငယ်မှာ ယူကရိန်းရဲ့ ဘေရက်တာဒရုန်းတွေကို အကြီးအကျယ် ချီးကျူးခဲ့ကြပါတယ်။

“သူတို့က ခဲယမ်းမီးကျောက်တွေ သိုလှောင်တဲ့ နေရာလို ပစ်မှတ်မျိုးတွေကို တိုက်ခိုက်ခဲ့ပြီး ရုရှား စစ်သင်္ဘော မော့စ်ခ်ဗာ နစ်မြုပ်သွားတဲ့ တိုက်ခိုက်မှုမှာလည်း ပါဝင်ခဲ့တယ်”လို့ ဒေါက်တာ မီရွန်က ပြောပါတယ်။

ဒါပေမယ့် ဘေရက်တာဒရုန်းက အရွယ်အစား ကြီးမားပြီး ရွေ့လျားမှု နှေးကွေးတာကြောင့် ရုရှားက သူတို့ရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အသုံးချပြီး ထိထိရောက်ရောက် တန်ပြန်တိုက်ခိုက်နိုင်ပါတယ်။

စစ်တပ်သုံး မဟုတ်တဲ့ ဒရုန်းတွေကို ဘယ်လိုအသုံးပြုနေကြလဲ

စစ်ဘက်သုံး ဒရုန်းတစ်စင်း ဆုံးရှုံးသွားရင် အစားထိုးဖို့စရိတ်က တန်ဖိုးကြီး ပါတယ်။ ဘေရက်တာ ဒရုန်းတစ်စင်းရဲ့ တန်ဘိုးက ဒေါ်လာ ၂ သန်း (ပေါင် ၁.၇ သန်း) လောက်တောင်ရှိပါတယ်။

ဒါကြောင့် နှစ်ဘက်စလုံး အထူးသဖြင့် ယူကရိန်းက ‌ပေါင် ၁၇၀၀ ဒေါ်လာ ၂၀၀၀ နီးပါးလောက်ပဲ တန်ကြေးရှိတဲ့ DJI Mavic 3 ဒရုန်းလို စီးပွားရေးလုပ်ငန်းသုံး ဒရုန်းငယ်လေးတွေကို အသုံးပြုနေပါတယ်။

ဒီလုပ်ငန်းသုံး ဒရုန်းတွေမှာ ဗုံးအသေးတွေ တပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ရန်သူတပ်တွေကို ထောက်လှမ်းဖို့ နဲ့ တိုက်ခိုက်မှုတွေ ညွှန်ကြားဖို့မှာ အဓိကထား သုံးကြပါတယ်။

"ယူကရိန်းမှာ ရုရှားလောက် လက်နက်ခဲယမ်းတွေ အများကြီး မရှိပါဘူး" ဒေါက်တာမီရွန် က ပြောပါတယ်။

"ဒါပေမဲ့ ဝေဟင်မှာ ဒီလိုဒရုန်းတွေ သုံးပြီး ပစ်မှတ်တွေကို ထောက်လှမ်းတာတွေ၊ အမြောက်တိုက်ခိုက်မှုတွေကို လမ်းညွှန်တာတွေ လုပ်နိုင်တာမို့ ယူကရိန်းတွေအတွက်က ကိုယ့်ရှိတာလေးနဲ့ အကောင်းဆုံး အသုံးချနေနိုင်တာပါ"

ဒါပေမယ့် စီးပွားရေးလုပ်ငန်းသုံ းဒရုန်းတွေက စစ်ဘက်သုံးဒရုန်းတွေထက်စာရင် စွမ်းဆောင်နိုင်ရည် အများကြီး အားနည်းပါတယ်။

ဥပမာအားဖြင့် DJI Mavic ဒရုန်းရဲ့ ပျံသန်းနိုင်တဲ့ အကွာအဝေးက ၃၀ ကီလိုမီတာ (၁၈ မိုင်ကျော်) သာရှိပြီး ပျံနိုင်တဲ့ အချိန်ကလည်း ၄၆ မိနစ်သာရှိပါတယ်။

အဲဒီဒရုန်းတွေကို တန်ပြန်ဖို့ ရုရှားက အီလက်ထရွန်နစ် ကိရိယာတွေ အသုံးပြုနေတယ်လို့ ဒေါက်တာ မီရွန်က ပြောပါတယ်။

.

"ရုရှားတပ်တွေမှာ လျှပ်စစ်သံလိုက်သုံး ဒရုန်းတွေပစ်ချနိုင်တဲ့ Stupor ရိုင်ဖယ် တွေရှိတယ်" လို့ သူက ပြောပါတယ်။ ဒါ့ကြောင့် လုပ်ငန်းသုံးဒရုန်းတွေကို GPS သုံးပြီး လမ်းညွှန်နိုင်စွမ်း မရှိတော့ဘူးလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းသုံး ဒရုန်းတွေနဲ့ ဒရုန်းလွှတ်တင်သူတွေအကြား အဆက်အသွယ် ပြတ်သွားအောင် ရုရှားတပ်ဖွဲ့တွေက Aeroscope လို အွန်လိုင်းစနစ်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။

ဒီစနစ်တွေက ဒရုန်းတွေပျက်ကျအောင် ဒါမှမဟုတ် အခြေစိုက်စခန်းဆီ ပြန်သွားအောင် လုပ်နိုင်ပြီး သတင်းအချက်အလက်တွေ ပြန်မပို့အောင် တားဆီးဟန့်တားနိုင်ပါတယ်။