ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိကျောင်းအိုင်ထဲကျခဲ့တဲ့ လေယာဉ်ပျက်ပေါ် ၃၆ နာရီ နေခဲ့ကြရတဲ့ လူ ၅ ယောက်ကို ကယ်ဆယ်နိုင်
အမေဇုံ တောကြီးထဲ မိကျောင်းတွေ ကျက်စားနေတဲ့ ရေအိုင်ထဲ လေယာဉ် တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရပြီးတဲ့နောက်၊ အိုင်ထဲ ရေမျက်နှာပြင်အထက် ပေါ်နေတဲ့ လေယာဉ်ငယ်ပေါ် ၃၆ နာရီ ထက်မနည်း နေခဲ့ရသူ ၅ ယောက်ကို တွေ့ရှိ ကယ်ဆယ် နိုင်ခဲ့ပါတယ်။
ဘိုလီဗီးယား နိုင်ငံထဲက အမေဇုံတောကြီး ရဲ့ အစိတ်အပိုင်းမှာ အဲဒီလို ဖြစ်ပျက် ခဲ့တာပါ။ အိုင်ထဲကျနေတဲ့ လေယာဉ်ငယ်နဲ့ အဲဒီပေါ်က သူတွေကို ဒေသခံ ငါးဖမ်းသမားတွေ တွေ့ရှိခဲ့ကြပါတယ်။
လေယာဉ်ပေါ်က လူ ၅ ယောက်ဟာ အမျိုးသမီး ၃ ယောက်၊ ကလေး ၁ ယောက်နဲ့ အသက် ၂၉ နှစ် အရွယ် အဲန်ဒရက်စ် ဗီလာဒီ ဆိုတဲ့ လေယာဉ်မှူး ဖြစ်ပါတယ်။ သူတို့အားလုံး ကျန်းမာရေး အခြေအနေ ကောင်းတယ်လို့ ဘဲန်နီ အရေးပေါ် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ဝီလ်ဆင် အဗီလာက ဆိုပါတယ်။
ဘိုလီဗီးယား နိုင်ငံ အလယ်ပိုင်း ဘဲန်နီ အရေးပေါ် ကယ်ဆယ်ရေး ဌာနဟာ အဲဒီ လေယာဉ် ရေဒါထက်က ပျောက်သွားတဲ့ ကြာသပတေးနေ့ကစလို့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း စခဲ့ပါတယ်။
လေယာဉ်ဟာ ဘိုလီဗီးယား မြောက်ပိုင်းက ဘောရက်စ် ဆိုတဲ့ မြို့ကတေ ထရီနီဒတ် မြို့ ရှိရာဆီ ဦးတည် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
စက်ချို့ယွင်းမှုကြောင့် အီတာနိုမတ်စ် မြစ် အနီး အရေးပေါ် ထိုးစင်းဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ လေယာဉ်မှူးက ဒေသတွင်း မီဒီယာတွေကို ပြောပါတယ်။
"ရုတ်တရက် ဆိုသလို လေယာဉ် အမြင့်ပေကို ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး။ အဲ့ဒါကြောင့် နွံအိုင်တစ်ခုထဲကို ထိုးဆင်းခဲ့တယ်" ဆိုပြီး မစ္စတာ ဗီလာဒီကို ကိုးကားလို့ ဒေသတွင်း သတင်းစာတွေက ရေးပါတယ်။
အိုင်ထဲက လေယာဉ်ကိုယ်ထည် ပေါ်ကို ၅ ယောက် လုံး တက်ပြီး နေခဲ့ကြရတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ လေယာဉ်ပတ်ချာလည် မိကျောင်းတွေ ရောက်လာလို့ ဖြစ်ပါတယ်။
"ကျွန်တော်တို့နဲ့ ဆို ၁၀ ပေတောင် မကွာဘူးဗျ" ဆိုပြီး မိကျောင်းတွေဟာ တော်တော်နီးနီးထိ ရောက်လာခဲ့တယ်လို့ လေယာဉ်မှူးက ပြန်ပြောင်း ပြောပါတယ်။
လေယာဉ်က ဆီယို နေလို့သာ လေယာဉ်ဘေးအထိ ကပ်မလာကြတာ ဖြစ်နိုင်တယ်လို့ လေယာဉ်မှူး အဲန်ဒရက်စ် ဗီလာဒီက တွက်ဆပါတယ်။
သူတို့အားလုံး အိုင်ထဲက ရေထဲမှာ အဲန်နာကွန်ဒါ ဧရာမ မြွေကြီး တစ်ကောင် ရှိနေတာကိုလည်း လှမ်းမြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အိုင်ထဲ မိကျောင်းပတ်ချာလည် ဝိုင်းထားတဲ့ လေယာဉ်ကိုယ်ထည် အထက် နာရီပေါင်းများစွာ သောင်တင် နေရချိန်မှာ အစားဆိုလို့ သူတို့ထဲက တစ်ယောက် ယူလာတဲ့ ပီလောပီနံ အမှုန့် တွေ စားခဲ့ရတယ်လို့လည်း ပြောပါတယ်။
"ရေတော့ သောက်လို့မရဘူး။ နေရာလည်း မရွှေ့ရဲဘူး။ မိကျောင်းတွေက ပတ်ချာလည်မှာ ရှိနေတာကိုး" ဆိုပြီး လေယာဉ်မှူးက ဆိုပါတယ်။
ဒေသခံ ငါးဖမ်းသမားတွေက သူတို့ကို မြင်သွားပြီးတဲ့ နောက်မှာတော့၊ သူတို့ရှိတဲ့ နေရာ အတိအကျကို ကယ်ဆယ်ရေး သမားတွေ သိသွားကြပါတယ်။ အဲဒီနောက် ကယ်ဆယ်ရေး ရဟတ်ယာဉ် တစ်စင်းရောက်လာပြီး သူတို့ကို မတင် ကယ်ဆယ်လို့ ဆေးရုံဆီ ပို့ဆောင်ပေးပါတယ်။
အဲဒီလေယာဉ် ရေဒါထက်က ပျောက်ပြီး အဆက်အသွယ် ပြတ်သွားတဲ့နောက် ထင်မြင်ချက် အမျိုးမျိုး၊ မှန်းဆချက် အဖုံဖုံ ထွက်လာခဲ့တယ်လို့ ဘဲန်နီဒေသ ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူး ရူဘင် တောရက်စ်က ပြောပါတယ်။
ဘာဖြစ်လို့ ဖြစ်မှန်းမသိ အမျိုးမျိုး ထင်မြင် နေကြရာကနေ အခုလို လူ အားလုံးကို ဘေးမသီ ရန်မခ ပြန်ပြီး ကယ်နိုင်ခဲ့ပြီး၊ ဌာနအားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပျော်ရွှင်စရာနဲ့ အဆုံးသတ်နိုင်ခဲ့လို့ ဝမ်းမြောက်ရတယ်လို့လည်း ဒါရိုက်တာ တောရက်စ်က ဆိုပါတယ်။