ကေပေး ဝေ့ပေးတို့နဲ့ အလိမ်အညာ ဇာတ်လမ်းများ

Kpay နဲ့ ငွေပေးငွေယူ လုပ်ကြသူတွေ မြန်မာပြည်မှာ သန်းချီပြီးရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Kpay နဲ့ ငွေပေးငွေယူ လုပ်ကြသူတွေ မြန်မာပြည်မှာ သန်းချီပြီးရှိ

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်က ‌ငွေ ၁၀ သိန်းကျော်ကို ငွေနှစ်ခါခွဲပြီး လွှဲထားတဲ့ မှတ်တမ်းလေးတွေ သူ့ဖုန်းထဲမှာ သိမ်းထားဆဲဖြစ်ပါတယ်။

ဒါပေမဲ့ သူမှာတဲ့ ကုန်ပစ္စည်းတွေက အောက်တိုဘာလ ၁၄ ရက်နေ့ အထိ သူ့ဆိုင်ကို ရောက်မလာသလို သူ့ဆီက ငွေကိုယူသွားသူရဲ့ ဖုန်းကို ခေါ်လို့လည်းမရတော့ပါဘူး။

“ကျွန်မတို့ ပိုလိုက်တဲ့ငွေကိုတော့ ထုတ်သွားပြီလို့ သိရတယ်၊ရန်ကုန် မရမ်းကုန်းက လို့ ပြောတယ်၊ သူပြောတဲ့ ဆိုင်လိပ်စာကို သွားကြည့်ခိုင်းတော့လည်း အဲဒီနေရာမှာ ဆိုင်မရှိဘူး အဲ့ဒီတော့မှ လိမ်သွားပြီလို့သိရတာ”လို့ တပ်ကုန်းမြို့က ‌ဝေ့မန်းနီး နဲ့ ငွေပို့ပြီး အလိမ်ခံရသူ ဒေါ်ချယ်ရီ (အမည်လွှဲ)က ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်းမှာအခုရက်ပိုင်း ကေပေး ဝေ့မန်းနီး စတဲ့ မိုဘိုင်းငွေပေးချေမှုတွေကို သုံးပြီး အလိမ်ခံရသူတွေအများအပြားရှိပြီးတော့ တပ်ကုန်းမြို့က ကုန်မျိုးစုံရောင်းတဲ့ ဒေါ်ချယ်ရီဟာ အဲဒီလို အလိမ်ခံရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

အချို့ကတော့ အလိမ်ခံရတာကို ရှက်လို့ ထုတ်မပြောကြပါဘူး။ ဒါကြောင့် လူဘယ်လောက်များများ အလိမ်ခံရတယ်ဆိုတာ အတိအကျမသိရပေမယ့် အရေအတွက်အတော်များများရှိနေတယ်ဆိုတာကိုတော့ ဆိုရှယ်မီဒီယာတွေမှာရော ဘီဘီစီက စုံစမ်းမေးမြန်းမှုတွေအရပါ သိရပါတယ်။

တပ်ကုန်းမြို့က ကုန်ပစ္စည်းမျိုးစုံလက်လီဆိုင်ဖွင့်ပြီးရောင်းချသူ ဒေါ်ချယ်ရီကတော့ နှစ်၂၀ ကျော်စျေးရောင်းသက်တမ်းအတွင်း ပထမဆုံး အလိမ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

“အရင်ကတော့ ဘဏ်အကောင့်တွေသုံးပြီး စျေးမှာတယ်၊ ဒီမှာ ပြန်ရောင်းဖို့နောက်တော့ ငွေထုတ်တာတွေ သွင်းတာတွေ အဆင်မပြေလို့ ဝေ့မန်းနီးနဲ့ မှာရာကနေ အခုလို အလိမ်ခံရတာလို့” သူကပြောပါတယ်။

“ဖေ့စ်ဘွတ်ခ် စျေးရောင်းဂရုတွေထဲက ကြော်ငြာတဲ့ ယိုးဒယားထုတ်မုန့်တွေ အပြင်ရောင်းစျေးထက် စျေးချိုတာနဲ့ မှာလိုက်တာ သူက ဖုန်းနံပတ်ပေးပြီးငွေကြိုလွှဲခိုင်းတာနဲ့စက်တင်ဘာလ ၂၁ ရက်နေ့က ငွေ ၆ သိန်းကျော်တစ်ခါ စက်တင်ဘာလ ၂၂ ရက်နေ့ က ငွေ ၃ သိန်းကျော် တစ်ခါ ဝေ့မန်းနီးနဲ့ လွှဲလိုက်တာ“လို့ ဒေါ်ချယ်ရီက ပြောပြပါတယ်။

ဝေ့မန်းနီးကို ဒီကိစ္စ အလိမ်ခံရကြောင်း စာတင်ထားပေမယ့် ဒီက‌နေ့ အထိတော့ အကြောင်းမထူးသလို ဒါဟာ ငွေလိမ်မှု မမြောက်ဘဲ သူရဲ့အကောင့်ကိုလည်း ပိတ်လို့မရဘူးဆိုတဲ့ တုံ့ပြန်မှုကိုသာ ရတယ်လို့ သူက ပြောပါတယ်။

ဒီအကောင့်ဟာ ဒေါ်ချယ်ရီကို လိမ်သွားပေမဲ့ ဖေ့ဘွတ်ခ်မှာ အကောင့်ကစျေးဆက်ရောင်းနေဆဲ ဖြစ်ပါတယ်။

အွန်လိုင်းငွေပေးချေမှု တစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အွန်လိုင်းငွေပေးချေမှု တစ်ခု

သူ ဒီအကြောင်းကို အလိမ်ခံရတဲ့ စျေးရောင်းဂရုမှာ ပြန်ပြီးတင်တဲ့အခါမှာတော့ သူ့လိုပဲ အလိမ်ခံရသူတွေ အများအပြားရှိကြောင်း မှတ်ချက်တွေမှာ တွေ့ရတယ်လို့ သူကပြောပါတယ်။

ရန်ကုန်က သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်း ၊ လိပ်စာပေးပြီး အဲဒီဆိုင်ကို ပစ္စည်း ပို့ခိုင်းဖို့ သူကြိုးစားပါသေးတယ်။

“ဒီ အကောင့်က အတော်ကို ပါးပါးနပ်နပ်နဲ့ လိမ်တာ ငွေကြိုပဲလွှဲခိုင်းတယ်၊ ပစ္စည်းရောက်‌ငွေချေ မရဘူးလို့ လည်းပြောတယ်”လို့ ဒေါ်ချယ်ရီက ပြန်ပြောပြပါတယ်။

ရန်ကုန်က ကုန်မျိုးစုံလက်လီရောင်းတဲ့ ဆိုင်ရှင်ကိုအောင်စိုးကတော့“ ပေါက်စျေးထက်စျေးချိုနေတယ် ငွေကြိုလွှဲဆိုရင်တော့ သတိထားတော့၊ ကေပေး တို့ ဝေ့မန်းနီးတို့ ဆိုတာ ဖုန်းနံပတ်တစ်ခုပဲရှိတာ။ အခုမှ မှတ်ပုံတင်တွေ မျက်နှာပြရတာတွေ လိပ်စာပြရတဲ့ level 2 ဆိုပြီးဖြစ်လာတာ။ ပစ္စည်းရောက်‌ ငွေချေတာကတော့ ကုန်မျိုးစုံရောင်းတဲ့ ဆိုင်တွေအတွက် ပိုအဆင်ပြေတယ် ”လို့ သူကပြောပါတယ်။

 စျေးရောင်းတဲ့အကောင့်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စျေးရောင်းတဲ့အကောင့်တစ်ခု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‌ကေပေး ဝေ့မန်းနီး တွေဆိုတာက ဖုန်းပါရုံနဲ့ ဆိုင်တွေမှာ ငွေပေးချေတာ ငွေလွှဲတာ ဖုန်းဘေဖြည့်တာ အသေးသုံးတွေအတွက် အဆင်ပြေ၊အသုံးတည့်တဲ့ မိုဘိုင်းငွေပေးချေမှုစနစ်တွေ ဖြစ်ပါတယ်။

 Mobile banking နဲ့ကွာတာက ပေးချေမှု (Pay) က အသေးသုံးပုံစံ ဖြစ်လို့ Mobile banking လို သိန်း ရာချီ လွှဲပြောင်းလို့မရပါဘူး။ ဒါပေမဲ့ ကေပေးဆိုရင် တစ်ရက် သိန်း၅၀ အထိသာ သူများကို လွှဲပေးလို့ရတာ ဖြစ်ပါတယ်။

 ကေပေးဆိုတာကတော့ ကမ္ဘောဇ ဘဏ်က ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။ ဝေ့မန်းနီးကတော့ ရိုးမဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းငွေပေးချေမှု ဖြစ်ပါတယ်။ ကေပေးက ကေပေးချင်းပဲ လွှဲလို့ရသလို ဝေမန်းနီးကလည်း သူ့အချင်းချင်းပဲလွှဲလို့ရပါတယ်။

အခြားဘဏ်တွေက Pay ပေးတွေလည်း အများအပြားရှိပါတယ်။ (Pay) တွေက သူ့ အချင်းချင်းသာ ငွေလွှဲလို့ရပါတယ်။ ဥပမာ ကေပေးကနေ အကောင့်တစ်ခုကို မိုဘိုင်းဖုန်း ရှိရုံနဲ့ အခုလုပ် အခုရပါတယ်။ စလုပ်လုပ်ချင်း ပထမအဆင့် level 1 သာ ရပြီးတော့ ငွေအနည်းငယ်သာ လွှဲပြောင်း လက်ခံလို့ရပါတယ်။ အဲဒါကို အဆင့်မြှင့်မယ်ဆိုရင် ကိုယ့်ရဲ့ မှတ်ပုံတင်မူရင်း ပုံကို ရှေ့၊နောက် ရိုက်၊ ကိုယ့်ပုံကို ဆဲလ်ဖီရိုက်၊ လိုတဲ့ အချက်အလက်တွေဖြည့်ပြီး အဆင့်မြှင့်လို့ရပါတယ်။ ဒီလို မြှင့်ပြီးမှသာ ကိုယ့်ရဲ့ ဘဏ်အကောင့်နဲ့ ချိတ်ဆက်လို့ရတာပါ။ ချိတ်လို့ရမှ Pay မှာငွေလိုရင်ဘဏ်အကောင့်ကနေဆွဲ၊ Pay မှာ ငွေများနေရင် ဘဏ်အကောင့်ကိုရွှေ့ လို့ အဆင်ပြေမှာ ဖြစ်ပါတယ်။

 မှတ်ပုံတင်တစ်ခုကို ကေပေး အကောင့်တစ်ခုသာ ရပါတယ်။ အကောင့်ရှိပြီးသားမှတ်ပုံတင်နဲ့ အကောင့် ထပ်ဖွင့်လို့တော့မရပါဘူး။

ကေပေး ထဲကငွေထုတ်ချင်ရင် ဘဏ်အကောင့်ကိုရွှေ့ပြီး ဘဏ်ကနေ ငွေစုစာအုပ်နဲ့ထုတ်လို့ရသလို အေးဂျင့်ဆိုင်တွေနဲ့ အေတီအမ် စက်တွေမှာ ထုတ်လို့ရတယ်။

 ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ့ မိုဘိုင်းငွေ‌ပေးချေမှု အပေါ်ကန့်သတ်မှုတွေလုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက် နေ့စွဲနဲ့ မိုဘိုင်းငွေ‌ပေးချေမှု အပေါ်ကန့်သတ်မှုတွေလုပ်

 ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မိုဘိုင်းငွေ‌ပေးချေမှု အသုံးပြုသူများ အနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ် (Agent)တွေ ၊ ဘဏ်တွေကို သွားရောက်ပြီး ကိုယ်ရေးအချက်အလက်တွေကို အဆင့် ၂ (Level 2) ကို အချိန်မီ မြှင့်တင်ဖို့ လိုအပ်‌ကြောင်း အသိပေးထားပြီး မိုဘိုင်းငွေကြေးစာရင်းတွေမှာ ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေး နဲ့ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွေမှာရှိထားတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်က မိုဘိုင်းနံပါတ်ကိုပဲ သုံးနေကြတဲ့ အကောင့်ပိုင်ရှင်တွေကို အချက်အလက်တွေပိုပြီးတောင်းလာတာဖြစ်ပါတယ်။

ဒီဥပဒေကလည်း စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့တွေကို ပြည်တွင်းက ထောက်ပံ့နေတဲ့ သူတွေနဲ့ ပြည်ပက အလှူငွေတွေကို တားဆီးဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

 ဒါကို အကြောင်းပြုပြီးတော့ ကေပေးကနေ လိမ်လည်တဲ့ဇာတ်လမ်းတွေလည်းရှိပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ငွေကျပ် သိန်း ၅၀ နီးပါး ကေပေးကနေ အလိမ်ခံခဲ့ရသူတစ်ဦးကတော့ မြစ်ကြီးနားမြို့က မမေမီဖြစ်ပါတယ်။

“အားလုံးအလိမ်ခံရတာ ၄၉ သိန်းပါ၊ လိမ်တဲ့သူက ဖုန်းဆက်လာပြီး K pay call Centre ကပါ ဒီ ဖုန်း ပိုင်ရှင်က အစ်မဟုတ်ပါတယ်နော် အစ်မနာမည်က မ... ဟုတ်ပါသလား စမေးပါတယ်၊အစ်မ ဘဏ်စာရင်းကို ကျွန်တော်တို့ စစ်ပြီးပြီ ၊ဒီရက်ပိုင်း အစ်မ ကေပေး အဝင်အထွက်များနေလို့ ဘဏ်စာရင်းလေးကို စစ်ပါမယ်လို့ ပြောတယ်”လို့ သူကပြောပြပါတယ်။

အဲဒီချိန်ထိ ညီမက OTP လို့ခေါ်တဲ့ One Time Password (အကောင့်ပိုင်ရှင် ဖုန်းနဲ့ချိတ်ထားပြီး အကောင့်ထဲကို ဝင်ရတဲ့ အခါမှာ သုံးတဲ့တစ်ခါသုံး စကားဝှက်) ကို မပေးရသေးပါဘူး၊ ကျွန်မက လာမလိမ်နဲ့ဆိုပြီးတောင် သူ့ကို ပြောလိုက်သေးတယ်လို့ ပြန်ပြောပြပါတယ်။အဲဒီချိန် သူကျွန်မအကောင့် ရဲ့ အောက်တိုဘာလ ၇ ရက်နေ့ တစ်နေ့တာ ကေပေးငွေအဝင်အထွက် မှတ်တမ်းကို ပြောပြလာလို့ သူ့ကို ယုံသွားမိသွားတယ် လို့ မမေမီက ပြောပြပါတယ်။

ဖုန်းနဲ့လိမ်တဲ့သူက အခု ကေပေး အကောင့်ကို စစ်ဖို့ ငြင်းဆန်မယ်ဆို ခုချက်ချင်း အစ်မ ကေပေးကို ပိတ်ချလိုက်မယ်၊ ဒါက ကျွန်တော်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ ကောင်စီရဲ့ ညွှန်ကြားချက်တိုင်း ဆောင်ရွက်ရတာပါ ၊ကျွန်တော်တို့မှာ တိုင်ခံထားရတဲ့ ဖုန်းနံပတ်ကေပေး တချို့ ရထားပါတယ်ဆိုပြီးပြောတော့ ညီမလည်း အရမ်းလန့်သွားပြီး OTP ပေးမိလိုက်ပါတယ် လို့ဆိုပါတယ်။

အဲဒီနေ့က မမေမီ ကေပေးဘဏ်စာရင်းမှာ ၈၃ သိန်းကျော်ရှိပါတယ်၊ သူကအွန်လိုင်း ကစျေးရောင်းသူဖြစ်ပါတယ်၊ သိပ်မကြာဘူး ကျပ် ၄၉သိန်း (ကေပေး ထုတ်လို့ရတဲ့ သတ်မှတ်ချက် အထိ) အကုန်ထုတ်သွားတာခံလိုက်ရပါတယ်။

ငွေလွှဲတာတောင် ကျပ် ၁၀ သိန်း လေးကြိမ် ၊ ၅ သိန်း တစ်ကြိမ် ၊ ၃ သိန်း တစ်ကြိမ်၊ တစ်သိန်း တစ်ကြိမ် လွှဲပြီးထုတ်သွားတယ်လို့ မမေမီကရှင်းပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဘဏ်ကို သူကအကြောင်းကြားထားပြီး အခုထိ သူတို့က အထက်ကို တင်ပြပေးမယ်ဆိုတာက လွဲလို့ထပ်မသိရသေးကြောင်း မမေမီကပြောပါတယ်။

ဘဏ်စာရင်း အကောင့် ၅ ခုကို လွှဲပြီးထုတ်သွားတဲ့ အတွက်လိမ်တဲ့သူဟာ လူ ၅ ဦးခန့်အနည်ဆုံး ပါဝင်ပတ်သက်နေဖို့ရှိတယ်လို့ မမေမီက ယူဆနေပါတယ်။

 မက်ဆင်ဂျာ အကောင့်အတုကနေ နိုင်ငံရေး အခြေအနေ အကြောင်းပြ ကိုယ်ရေးအချက်အလက်တွေ အတောင်းခံရတာတွေရှိ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,  မက်ဆင်ဂျာ အကောင့်အတုကနေ နိုင်ငံရေး အခြေအနေ အကြောင်းပြ ကိုယ်ရေးအချက်အလက်တွေ အတောင်းခံရတာတွေရှိ

ကေပေး နောက်ထပ်လိမ်နည်း တစ်ခုကတော့ ဘဏ်ကဝန်ထမ်းလို အယောင်ဆောင်ပြီးတော့ မက်ဆင်ဂျာ ချက်ဘောက်ကပြောတာ ဖုန်းဆက်တာတို့ ဖြစ်ပါတယ်။

 အခုရက်ပိုင်း ဒီအကောင့်က ငွေ အသွင်းအထုတ်များနေလို့ နိုင်ငံတော်အဆင့် စစ်ရတာပါ ဆိုပြီး မှတ်ပုံတင်နံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေ သူကစပြီး တောင်းပါတယ်။

အကောင့်နာမည်နဲ့ မှတ်ပုံတင်နံပါတ် ရရင် သူက အခြားဖုန်းတလုံးနဲ့ အကောင့်ကိုဝင်ထားပြီး ပတ်စဝပ် စကားဝှက် မေ့နေတယ်ဆိုတဲ့ ကလစ်ကို အယောင်ဆောင်ကာ နှိပ်လိုက်ပါတယ်။ ပတ်စဝပ် စကားဝှက်က အကောင့်ပိုင်ရှင်ရဲ့ဖုန်းနဲ့ချိတ်ထားလို့ လင့်ဖြစ်ဖြစ် တစ်ခါသုံး ပတ်စဝပ်ဖြစ်ဖြစ်ရောက်လာပါတယ်။

အဲလိုရောက်လာမယ်လို့ အယောင်ဆောင်က ကြိုပြောထားပြီး ရောက်လာပြီဆိုတာနဲ့ တစ်ဖက်ကို ဘဏ်က ကုဒ်နံပတ်လေးပို့လိုက် လင့်လေးပို့လိုက်တယ်၊ အဲဒါလေးကိုနှိပ်လိုက်ပါ တစ်ခါသုံးစကားဝှက် One Time Passwords ပေးပါဆိုပြီး တောင်းတာ လုပ်ပါတယ်။

အဲဒါဟာ ကိုယ့်အကောင့်ကို သူကဖွင့်သွားပြီးတော့ ရှိသမျှငွေကို ထုတ်သွားတာ အကောင့်လွှဲပြီး ယူတာတွေ လုပ်ပါတယ်။

မြန်မာနိုင်ငံမှာ ကေပေးက လူသုံးအများဆုံး မိုဘိုင်းငွေပေးချမှု ကွန်ရက်ကြီးဖြစ်ပြီးတော့ ကမ္ဘောဇဘဏ်ရဲ့ ထုတ်ပြန်ချက်အရ လူ လေးသန်းခွဲခန့် အသုံးပြုနေတယ်လို့ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, no tag

နောက် လိမ်နည်းတစ်ခုကတော့ အကောင့်ပေးပါ အလှူခံထည့်မယ် ဆိုတာဖြစ်ပါတယ်။

အဲဒီနည်းနဲ့ ရခိုင်ပြည်နယ်တစ်ဝန်း ပရဟိတလုပ်ငန်းများ လုပ်နေတဲ့ စာရေးဆရာဝေဟင်အောင်နဲ့ သံတွဲမြို့ သိမ်ကုန်းဆရာတော်တို့ရဲ့ KBZ Pay အကောင့်ကနေ့ သြဂုတ် ၂၁ ရက်နေ့နှင့် ၂၂ရက်တို့မှာ အသီးသီး စုစုပေါင်း ငွေသိန်း ၆၀ နီးပါးခန့် လိမ်လည်ထုတ်ယူခံခဲ့ရတယ်လို့ ကာယကံရှင်တွေပြောတာကို ကိုးကားပြီး ရခိုင် အခြေစိုက်သတင်းဌာန Westren New က ရေးပါတယ်။

“ဖုန်းဆက်လာတယ်။ အလှူငွေ ဆယ်သိန်းထည့်ချင်တယ်ဆိုပြီး အကောင့်နံပါတ်နဲ့ မှတ်ပုံတင်နံပါတ်တွေ တောင်းသွားတယ်။ ဦးပဥ္စင်း တို့က ဒီအကောင့်တွေ ဘာတွေနဲ့ပတ်သက်ပြီး သိပ်မသိဘူး။ ဒကာတစ်ယောက်ကိုလွှဲထားတာ။ အဲမှာ ကုဒ်နံပါတ် ခြောက်လုံးရောက်တာ ပို့လိုက်လို့ပြောတယ်။ သူပြောတာကလည်း လေသံကမာမာပဲ။ အဲတော့ ဦးပဥ္စင်းလည်း ဒကာကို ပို့လိုက်ဖို့ပြောလိုက်တယ်။ အဲ့မှာ မိနစ် ၂၀ အတွင်းပဲ သိန်း ၅၀ ပါသွားတာပါပဲ”လို့ သိမ်ကုန်းဆရာတော်ပြောတာကို ကိုးကားပြီးရေးထားပါတယ်။

လူသုံးများတဲ့ ကေပေးဟာ အကောင့်လုံခြုံရေးနဲ့ပတ်သက်ပြီး ဘာတွေ တာဝန်ယူမယ်၊ အခုလိုမျိုး‌ငွေကြေးလိမ်လည်မှုတွေဖြစ်ရင် ဘာတွေလုပ်ပေးမယ်ဆိုတာကို သုံးစွဲသူတွေ အများစုက မသိကြပါဘူး။

ဒါပေမဲ့ KBZPay Customer များနှင့် KBZPay တို့အကြား ပေါ်ပေါက်တဲ့ မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏ အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာတော့ တွေ့ရပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း ဒီလို ငွေကြေးလိမ်လည်တာတွေရှိပြီး အဲလို အလိမ်ခံရရင်ဘဏ်တွေက ချက်ချင်းအကောင့်ပိတ် အကောင့်ပြန်စစ်ပြီး လိမ်ခံရတဲ့ငွေကို ပြန်ထုတ်ပေးတာရှိတယ်လို့ ယူကေ ရောက်နေတဲ့ မြန်မာကျောင်းသူတစ်ဦးက ပြောပါတယ်။

ပုံမှန်မဟုတ်တဲ့ ငွေထုတ်တာတွေရှိရင်လည်း ဖုန်း အပလီကေးရှင်းကတစ်ဆင့် သတိပေးလေ့ရှိပြီး ၂၄ နာရီအချိန်မရွေး ဘဏ်ကို ဆက်သွယ်နိုင်တယ်လို့ ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, YEMYO

ကေပေး လိမ်နည်းတွေက အများအပြားရှိနိုင်ပြီးတော့ လက်ဆောင်ပေးတာ၊ ကံစမ်းမဲပေါက်တာ၊ အကောင့်လုံခြုံရေးအရ ပိတ်တော့မယ့်အကြောင်း ပြောလာတာ၊ ဖုန်းလက်ဆောင်ရတာ၊ အပြင်မှာရာခိုင်နှုန်းမပေးရဘဲ တိုက်ရိုက် သိန်း ၅၀ အထိ ထုတ်လို့ရတာ စသဖြင့် လိမ်နည်းမျိုးစုံနဲ့ လိမ်ကြတာဖြစ်ပါတယ်။

အခုရက်ပိုင်း ဖေ့ဘွတ်ခ်ကနေ သိန်း ၅၀ အထိ ဘယ်ဘဏ်ကမဆို တိုကင်မလိုဘဲ ထုတ်နိုင်တယ်လို့ ကြေညာပြီး အကောင့် ကိုယ်ရေးအချက်အလက်တွေယူပြီး လိမ်နေတာတွေရှိပြီး အဲဒီလူဟာ အခုထိလိမ်နေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အခုနောက်ဆုံး အသုံးများတဲ့ လိမ်လည်မှုက "ရဲတပ်ဖွဲ့ကပါ၊ ငွေကြေးခဝါချမှုကပါ၊ အကြမ်းဖက်နှိမ်နှင်းရေးကပါ ၊အထူးစုံစမ်းစစ်ဆေးရေးကပါ၊ လူကြီးမင်းရဲ့အကောင့်ကို အကြမ်းဖက်နဲ့ပတ်သက်ပြီး စစ်ဆေးချင်လို့ပါ၊ မပြောရင် အကောင့်ပိတ်လိုက်မယ်" ဆိုပြီး ဖုန်းဆက်လာတာဖြစ်ပါတယ်။။

ပြီးရင် မှတ်ပုံတင်တွေ OTP လို့ခေါ်တဲ့ One Time Password တွေတောင်းပြီး အကောင့်ထဲကနေ ငွေတွေလိမ်ထုတ်သွားတာ လိမ်သွားတာဖြစ်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဘဏ်တွေရဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကတော့ အခုလို အလိမ်ခံရမှုတွေ မဖြစ်အောင် ကိုယ့်ဖုန်းကို အကောင့်ထဲဝင်ရင် ဝင်လာတဲ့ OTP ကို ဘယ်သူ ဘယ်အဖွဲ့စည်းကတောင်းတောင် မပေးဖို့ အထူးသတိပေးထားပါတယ်။

 ဒေါ်ချယ်ရီရဲ့ ငွေ ၁၀ သိန်းနီးပါး ဝေ့မန်းနီးက အလိမ်ခံရမှုကတော့ ဝေ့မန်းနီးငွေပေးချေမှုကနေ လိမ်တာလို့ပြောရခက်ကြောင်း လိမ်သွားတဲ့ အကောင့်ကို ရဲစခန်းတိုင်ပြီး ဘဏ်ကိုတိုင်ရင်တော့ အခြေအနေ ထူးနိုင်တယ်လို့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။။

ကေပေးပေါ်ကနေ အလိမ်ခံရမှုတွေနဲ့ ပတ်သတ်လို့တော့ ရဲစခန်းကိုတိုင်ကြားနိုင်တာရှိပေမဲ့ ခေတ်ကာလ အခြေအနေအရ အခုအချိန်မှာ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာတွေလည်းရှိနေပါတယ်။

"ဘဏ်ကို ကေပေးအလိမ်ခံရတော့ အီးမေးလ် ကလည်း တိုင်တယ်၊ဘဏ်ခွဲကနေလည်း တိုင်တယ်၊ဖုန်းဆက်ပြီလည်းတိုင်တယ်၊ အခုလိုဖြစ်သွားတာ ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လိုတာဝန်ယူပေးမလဲဆိုတော့မေးတော့ OTPကို ဘယ်သူ့ကိုမှ ပေးလို့မရပါဘူးဆိုတာ ရေးပြီးသား ဆိုပြီး ပြန်ပြောတယ်"လို့ မမေမီက ပြောပြပါတယ်။

အကောင်းဆုံးကတော့ ဘယ်ကဆက်ဆက်၊ ဘယ်သူပဲဆက်ဆက်၊ ကိုယ့်ဖုန်းကို ဝင်လာတဲ့ OTP ဘယ်သူ့ကိုမှ မပေးနဲ့ ၊မှတ်ပုံတင်နံပတ်မပေးနဲ့ ၊အကောင့် စကားဝှက် ပတ်စဝပ် မပေးနဲ့ဆိုတာပဲ ဖြစ်တယ်လို့ ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးကပြောပါတယ်။

အချို့ငွေကြေးလိမ်လည်မှုတွေက အွန်လိုင်းကနေ ကေပေး ဝေ့မန်းနီးငွေပေးချေတာတွေကို အသုံးချလိမ်တာဖြစ်လို့ စျေးရောင်းစျေးဝယ်လုပ်ရင် ပစ္စည်းရောက်ငွေချေတာတို့ ငွေကြိုမပေးတာတို့က စိတ်ချရတယ်လို့ သူကပြောပါတယ်။

‌ဒေါ်ချယ်ရီကတော့ ဝေ့မန်းနီးဘက်ကို ထပ်ပြီးတိုင်ဖို့ နောက်တစ်ဆင့် သူ့အနေနဲ့ မလုပ်တော့ဘဲ နောက်လူတွေ အလိမ်မခံရအောင် သတိထားကြဖို့သာ ပြောပါတယ်။

"ရဲကလို့ပဲပြောပြော စသုံးလုံး ၊ငွေကြေးခဝါချကလို့ပဲပြောပြော အကောင့်ပိုင်ရှင်ရဲ့ မှတ်ပုံတင်နံပါတ်တို့ OTP တို့တောင်းရင်လိမ်တာပဲ "လို့ ဘဏ် ဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။