‘‘ငြိမ်းချမ်းရေးကို လက်နက်နဲ့ဖော်ဆောင်လို့မရပါ’’ - ပုပ်ရဟန်းမင်းကြီးရဲ့ အီစတာသတင်းစကား

ဂါဇာနဲ့ ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲတွေအဆုံးသတ်ရေးကို ပုပ်ရဟန်းမင်းကြီးက အလေးအနက် မေတ္တာရပ်ခံလာပါတယ်။

‘‘ငြိမ်းချမ်းရေးကို လက်နက်နဲ့ဖော်ဆောင်လို့မရပါ’’ လို့ ရဟန်းမင်းကြီးက ဗာတီကန်မှာပြုလုပ်တဲ့ အီစတာပွဲတော် ကာလသတင်းစကားပါးချိန်မှာထည့်ပြောပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြားက တိုက်ခိုက်မှုတွေ အပစ်ရပ်ဖို့ သူက တောင်းဆိုသလို ဟားမတ်စ်အဖွဲ့ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း သူက ပြောပါတယ်။

ဗာတီကန်နန်းတော်မှာပြုလုပ်နေတဲ့ အီစတာပွဲတော် အခမ်းအနားတွေကို ရဟန်းမင်းကြီး ဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။ ခရစ်ယာန်ပြက္ခဒိန်မှာ အရေးအပါဆုံး ပွဲတော်တစ်ခုဖြစ်တဲ့ အီစတာပွဲတော်ကို ကမ္ဘာတဝန်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

စိန့် ပီတာ ရင်ပြင်မှာတော့ ပုပ်ရဟန်းမင်းကြီးရဲ့ အီစတာ တနင်္ဂနွေနေ့ မစ္ဆားတရားကို နာယူဖို့ ထောင်သောင်းချီတဲ့ဝတ်ပြု ဆုတောင်းသူတွေ စုဝေးခဲ့ကြပါတယ်။

သမ္မာကျမ်းစာအရ ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့ Good Friday အပြီး ရက်ပိုင်းအကြာ ခရစ်တော် ရှင်ပြန်ထမြောက်တဲ့ အီစတာ တနင်္ဂနွေနေ့ကို ကျင်းပကြတာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်အများစုဟာ စနေနေ့ညနေပိုင်းမှာသာမက တနင်္ဂနွေနေ့မှာလည်း အစဥ်အလာအရ ဝတ်ပြုဆုတောင်းကြတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ သောကြာနေ့က ဘာသာရေးအခမ်းအနားတက်ရောက်ဖို့ရှိပေမဲ့ နောက်ဆုံးမိနစ်ကျမှ မတက်ရောက်ခဲ့လို့ သူ့ကျန်းမာရေးအပေါ် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ရဟန်းမင်းကြီးဟာ စနေနေ့တုန်းက ဗာတီကန်မှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို ၂ နာရီကြာမြင့်တဲ့အထိ တက်ရောက်ခဲ့ပါတယ်။

သက်တော် ၈၇ နှစ်ရှိပြီဖြစ်တဲ့ရဟန်းမင်းကြီးဟာ နာရီနဲ့ချီကြာတဲ့ ဆုတောင်းပွဲကို ဦးဆောင် ပြုလုပ်ခဲ့သလို လူအချို့ကိုလည်း နှစ်ခြင်းမင်္ဂလာပြုပေးခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာလည်း အီစတာပွဲတော်နေ့ ကျင်းပနေကြပြီး ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ခရစ်ယာန် ဘာသာဝင်တွေဟာ ရိုးရာစီတန်းလှည့်လည်ပွဲကို အုတ်အုတ်ကျက်ကျက် တိုးဝှေ့ ဆင်နွှဲခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာတော့ ကလေးငယ်တွေက နတ်သမီးလေးတွေလို ဝတ်ဆင်ပြီး ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

ကမ္ဘာ့တခြားဘက်ခြမ်းမှာတော့ အာဖရိကတိုက်က ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၊ ကီဘာရာ ခရိုင်မှာလည်း ဝတ်ပြုဆုတောင်းသူ ကြီးငယ်ဟာ ဖယောင်းတိုင်မီးညှိပြီး စုပေါင်း ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။

အီစတာ တနင်္ဂနွေနေ့ဟာ ကက်သလစ်ပြက္ခဒိန်မှာ အရေးပါဆုံးကာလတစ်ခုဖြစ်ပြီး ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင် ၁.၄ ဘီလျံဟာ အီစတာနေ့ကို ပါဝင်ဆင်နွှဲကြပါတယ်။

သီရိလင်္ကာနိုင်ငံ၊ နီဂွန်ဘိုမြို့က ကာတူဝါပီတီယအရပ်မှာရှိတဲ့ သူတော်စင် စဘက်ရှန်ဘုရားကျောင်းမှာတော့ ကက်သလစ် ဘုန်းတော်ကြီးက ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်သူတွေကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ပွဲတော် မင်္ဂလာပြုလုပ်ပေးခဲ့ပါတယ်။

အီစတာနေ့ ဝတ်ပြုဆုတောင်းပွဲတွေကို ဥရောပ နိုင်ငံအများအပြားက မြို့တော်ကြီးတွေအပါအဝင် မြို့အသီးသီးမှာလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာလည်း ခရစ်ယာန်ဘာသာဝင်တွေ အီစတာပွဲတော်ကို တိုးတိုး တိတ်တိတ် ဆင်နွှဲခဲ့ကြပါတယ်။

အထူးသဖြင့် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မှာ ၄ ကြိမ်မြောက် ကျရောက်တဲ့ ဒီနှစ် အီစတာပွဲတော်ကာလမှာတော့ ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပတာမျိုး မတွေ့ရဘဲ သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ ကိုယ့်အသိုက်အဝန်းနဲ့ကိုယ် တိုးတိုးတိတ်တိတ် ဝတ်ပြုဆုတောင်းကြတာနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။

ဒါပေမဲ့ ခရစ်ယာန်ဘာသာဝင်အချို့ကတော့ မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုပြီးဆုံးပြီး ဒီမိုကရေစီပြန်ရရှိတဲ့ ငြိမ်းချမ်းမှု ပေါ်ပေါက်လာစေဖို့ အီစတာနေ့မှာ ဝတ်ပြုဆုတောင်းကြတဲ့အကြောင်း သူတို့ဆန္ဒတွေကို လူမှုကွန်ရက်မှာ ရေးသားမျှဝေနေကြတာလည်းတွေ့ရပါတယ်။