စစ်တပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ ဘာတွေဆွေးနွေးခဲ့လဲ

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ကာလ ၄၅ ရက်ဖြစ်လာချိန်မှာ တရုတ်ကမကထလုပ်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ တို့ ‌တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီတွေ့ဆုံမှုကို ဒီဇင်ဘာ ၁၁ ရက်မှာ တရုတ်နဲ့ စစ်ကောင်စီဘက်ကထုတ်ပြောပြီး ညီနောင် ၃ ဖွဲ့ဘက်ကတော့ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းအထိ ထုတ်ပြန်တာမလုပ်သေးပါဘူး။

ဒီဆွေးနွေးပွဲမှာ ဘယ်အဖွဲ့က အဓိကဆွေးနွေးတာလဲ၊ ဘယ်လိုအချက်တွေကိုဆွေးနွေးတာလဲနဲ့ ဘယ်လောက်သဘောတူနိုင်ခဲ့လဲဆိုတဲ့ စောကြောမေးခွန်းထုတ်မှုတွေရှိလာပါတယ်။

ဘယ်သူတွေပါ၊ ဘာတွေဆွေးနွေး

ဒီဆွေးနွေးပွဲအကြောင်းသိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်ပြီးမြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် - MNDAA ၊ တအာင်းတပ် - TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ တက်ရောက်တယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ မဟာမိတ် ၃ ဖွဲ့လုံးကို ဘီဘီစီကဆက်သွယ်မေးမြန်းပေးမဲ့ MNDAA နဲ့ AA ဘက်က ပြန်လည်ဖြေကြားတာမရှိသေးဘဲ TNLA ဘက် က ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ တွေ့ဆုံခဲ့တာ မရှိဘူးဆိုပြီး ဒီဇင်ဘာ ၁၁ ရက်မှာ ငြင်းဆိုထားပါတယ်။

MNDAA က လောက်ကိုင်ထဲမှာပိတ်မိနေသူတွေ လုံခြုံစွာနဲ့ အပြင်ထွက်နိုင်မယ့် (Humanitarian Passage - လူသားစာနာထွက်ခွာခွင့်ပြုရေးလမ်းကြောင်း) ကို ခွင့်ပြုပေးဖို့ အဓိကဆွေးနွေးတယ်လို့ သိရပါတယ်။

ဒါအပြင် ဒီဇင်ဘာကုန်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ကနေ စစ်တပ်ထွက်ခွာပေးဖို့ MNDAA ဘက်ကဆွေးနွေးတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က သူသိထားတဲ့အချက်အလက်ကို ပြောပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ဘက်ကနေ လောက်ကိုင်ကိုဝင်မတိုက်ဖို့ဆိုတဲ့အချက်ကိုဆွေးနွေးတယ်လို့ ဆိုပါတယ်။

‘’လောက်ကိုင်ကနေ ဒကစ ထွက်ဖို့ MNDAA ဘက်ကပြောတယ်။ အဲဒီတော့ ဒကစ က ထွက်မှာလား မထွက်ဘူးလားဆိုတာမျိုးဖြစ်လာပြီ။ လောက်ကိုင်ကို MNDAA ကိုလွှဲပေးမှာလား။ လွှဲပေးရင် အပစ်ရပ် ဆိုတဲ့ Ceasefire လာမှာလားဆိုတဲ့ အဲဒီလောက်အထိကိုတော့ သူတို့မဆွေးနွေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူတို့စကားပြောဖြစ်တယ်ပေါ့’’ လို့ ဆွေးနွေးပွဲအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ ကတော့မြောက်ပိုင်းမှာ စစ်‌ရှိန်လျှော့ရေး( De-escalation)ကို အဓိကထားဆွေးနွေးပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်စနိုင်ဖို့နဲ့ မြောက်ပိုင်းကနေ တခြားဒေသကို စစ်ဘောင်မကျယ်ရေး ဆိုတဲ့အချက်ကိုဆွေးနွေးတယ်လို့ဆိုပါတယ်။

ဒါအပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အပစ်အခတ်ရပ်စဲရေး၊ စစ်သုံ့ပန်းတွေနဲ့ သက်ဆိုင်ရာအကျဉ်းသားတွေကို အမြန်ဆုံး လဲလှယ်ဖို့၊ ထိန်းချုပ်နယ်မြေများအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) လုံးဝတားမြစ်ပပျောက်ဖို့နဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီး လွှဲပြောင်းပေးအပ်ဖို့ တို့ လည်းဆွေးနွေးကြတယ်လို့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းမှာ ထပ်ပြီးစုံစမ်းသိရှိရပါတယ်။

‘’မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဘက်ကိုကြည့်ရင် စစ်ဆင်ရေးက ရက်ပေါင်း ၅၀နီးပါး ရှိလာပြီ။ သူတို့မှာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း (Logistic) နည်းလာပြီ။ တပ်သားအင်အားလိုနေပြီဆိုတော့ တွေ့လိုက်တယ်လို့ ယူဆတယ်။ ကြားရတာကတော့ တရုတ်ဘက်ကလည်း နယ်စပ်ကိုဖြတ်ပြီး သယ်ခွင့်ပေးတာတွေ အကုန်ပိတ်ချလိုက်ပြီ’’ လို့ မြေပြင်အနေသိရှိတဲ့သတင်းရင်းမြစ်က သူသိထားတဲ့အချက်အလက်ကို ပြောပါတယ်။

ဆွေးနွေးပွဲကို ဒီဇင်ဘာလကုန်မှာထပ်တွေ့မယ်လို့ နှစ်ဖက်ကြားမှာ လျာထားသဘောတူညီချက်ရထားတာကြောင့် ဘယ်ဘက်ကဘယ်လောက်တောင်းဆိုပြီး ဘယ်လောက်ဖြစ်နိုင်မလဲဆိုတာတွေကို ထပ်ပြီးဆွေးနွေးကြမယ့်သဘောရှိနေပါတယ်။

နိုင်ငံရေးအရဖြေရှင်းဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောခဲ့ပြီး ဒါက ဘယ်လိုသဘောတူညီမှုကို ဆိုလိုတာလဲနဲ့ MNDAA ပြောထားတဲ့ ကိုးကန့်ဒေသ ပြန်လည်စိုးမိုးရေးနဲ့ ပြန်လည်အုပ်ချုပ်ခွင့်ရရေး ဆိုတဲ့အပေါ် သဘောထားကို စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်သွယ်မေးမြန်းတဲ့အခါ ထပ်ပြောစရာမရှိတော့ ကြောင်း ပြန်လည်တုံ့ပြန်ပါတယ်။

လက်ရှိမှာ ကိုးကန့်တပ် MNDAA က လောက်ကိုင်မြို့အဝင်က တုန်ချိန်ဧရိယာအထိ သိမ်းပိုက်နေရာယူထားနိုင်တယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုးကန့်မှာ ဒီဇင်ဘာလကုန်အထိ ယာယီအပစ်ရပ်လိုက်တယ်ဆိုတဲ့ သတင်းတွေ လောက်ကိုင်လူထုကြားမှာ ထွက်ပေါ်နေပါတယ်။

‘’မနေ့က (ဒီဇင်ဘာ ၁၁) ရက်နဲ့ ဒီနေ့ တော့ လောက်ကိုင်မှာ တိုက်ပွဲသံမကြားရဘူး။ ဒကစထဲက လူတွေလည်း အပြင်ထွက်စျေးဝယ်တာလုပ်ကြတယ်။ MNDAA လည်းမြို့ထဲရောက်နေပြီ။ ဘာတွေညှိထားကြလို့လဲမသိဘူး။ ဒီမှာသတင်းတွေကလည်း လကုန်အထိ အပစ်ရပ်မယ်ဆိုတာရော၊ လကုန်မှာအပြီးထွက်ပေးရမယ် ဆိုတာရောပြောနေဆိုနေကြတယ်’’ လို့ လောက်ကိုင်ဒေသခံတစ်ဦးက ဒီဇင်ဘာ ၁၂ ရက်နေ့အခြေအနေကို ပြောပြပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလကုန်မှာ ဆွေးနွေးပွဲထပ်ဖြစ်နိုင်တာ ရှိ၊မရှိဆိုတာလည်း ရှိလာနိုင်တာကြောင့် အပြီးသတ်ပြောဖို့ စောတယ်ဆိုတဲ့ယူဆချက်တွေလည်းရှိနေတာပါ။

‘’တကယ်ဘယ်သူကဘာယူမယ်ဆိုတဲ့ အခြေအနေက လကုန်မှာနောက်တစ်ခါထပ်ပြောမယ်ကြားရတယ်’’ လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကလည်း အတည်ပြုပါတယ်။

ဒါအပြင် မဟာမိတ် ၃ ဖွဲ့နဲ့ ဆွေးနွေးလာတဲ့ ရလဒ်နဲ့ပတ်သက်ပြီး နေပြည်တော်မှာ အစည်းအဝေးတွေ လုပ်ဖို့ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဘေဂျင်း - ယူနန် - ရှမ်းမြောက် - နေပြည်တော်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာကျင်းပတဲ့ (၈) ကြိမ်မြောက် မဲခေါင်-လန်းချန်း အစည်းအဝေးကာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဒီဇင်ဘာ ၈ ရက်မှာ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်တိုက်ဖျက်ရေးနဲ့ ပိုးလမ်းမစီမံကိန်းကို အဓိကထားဆွေးနွေးကြတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဘီဘီစီသတင်းရင်းမြစ်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီဝန်ကြီးကို တစ်နာရီထက် မနည်းတွေ့ခွင့်ပေးခဲ့ပြီး မြန်မာမြောက်ပိုင်းက တိုက်ပွဲတွေအရေး ဆွေးနွေးချက်တွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီနောက်မှာတော့ ယူနန်ပြည်နယ်ဘက်မှာ တရုတ် ကမကထပြုမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြားတွေ့ဆုံမှု ဖြစ်လာတယ်လို့ နားလည်ရပါတယ်။

တချိန်တည်းမှာပဲ ကိုးကန့်ဒေသက ကိုးကန့် မိသားစု ၃ စု က လူ ဆယ်ယောက်ကို တရုတ်က ဝရမ်းထပ်ထုတ်ပါတယ်။ တရုတ်အစိုးရလိုချင်နေတဲ့ ပယ်၊ လျို၊ ဝေ ဆိုတဲ့ မိသားစုတွေဟာ ကျားဖြန့် ( အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်တယ်ဆိုပြီး စွပ်စွဲခံထားရသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ “မြီရှောက်ချန်း”မိသားစုဝင်တွေကို တရုတ်က ဖမ်းဆီးပြီးနောက်မှာ လောက်ကိုင်က ကျန်နေတဲ့ ကိုးကန့်သူ‌ဌေးမိသားစုတွေကို တရုတ်ဘက်က ဝရမ်းထုတ်လာတာဖြစ်ပါတယ်။

တရုတ်- မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် တိုက်ပွဲတွေလျော့ကျစေရေးဆိုတဲ့တရုတ်ရဲ့ သဘောထားဟာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေးမိသားစု ၃ ခုက လူ ၁၀ ဦးကို ဖမ်းဆီးဖို့အတွက် ကိုးကန့်ဒေသမှာ စစ်ရေးတင်းမာမှုယာယီသဘော လျှော့ချဖို့သာ ဖြစ်တယ်လို့ သိရတဲ့အကြောင်း သံတမန်သတင်းရင်းမြစ်တချို့ကလည်း ဘီဘီစီကိုပြောပါတယ်။

‘’ တရုတ်ဘက်ကတော့ ဒါကိုရပ်ဖို့တိုက်တွန်းမယ်။ ဒါမှမဟုတ် သူလိုချင်တာ ရရင်ရပ်သွားလိမ့်မယ်’’ လို့ တရုတ် - မြန်မာဆက်ဆံရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ နောက်ကွယ်ကအခြေအနေတွေကို လေ့လာသုတေသနပြုနေသူ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။