သိန်းနဲ့ချီတဲ့ လမ်းဘေးခွေးတွေကို ဖမ်းဖို့ ဒေလီမှာ ရှစ်ပတ်အချိန်ပေး

 ဒေလီမှာ ခွေးလေခွေးလွင့် တသန်းလောက် ရှိမယ် ခန့်မှန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေလီမှာ ခွေးလေခွေးလွင့် တသန်းလောက် ရှိမယ် ခန့်မှန်း
    • ရေးသားသူ, အဘိရှက် ဒေး
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဒေလီ

လမ်းဘေးခွေးတွေကို လမ်းပေါ်ကနေ ခွေးဘေးမဲ့ခြံတွေကို ပို့ဖို့ အိန္ဒိယ ထိပ်တန်းတရားရုံးက ဒေလီနဲ့ ဆင်ခြေဖုံးက အာဏာပိုင်တွေကို အမိန့်ချခဲ့ပါတယ်။

ခွေးကိုက်လို့ ခွေးရူးရောဂါ ဖြစ်ပွားတာတွေ မြင့်တက်လာမှာစိုးလို့ ရှစ်ပတ်အတွင်း ခွေးတွေကို အပြီး ရွှေ့ဖို့ အချိန်ပေးထားကြောင်း တရားရုံးက ဖော်ပြပါတယ်။

ဒေလီရဲ့ ခွေးလေခွေးလွင့် ကောင်ရေက တသန်းရှိမယ်လို့ ခန့်မှန်းပြီး ဆင်ခြေဖုံးမြို့တွေမှာလည်း တိုးပွားလာတာတွေ့ရကြောင်း စည်ပင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

အိန္ဒိယမှာ လမ်းဘေးခွေးကောင်ရေ သန်းချီ ရှိပြီး ကမ္ဘာပေါ်မှာ ခွေးရူးပြန်လို့ သေသူ စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းကို အိန္ဒိယမှာ တွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကလေးနဲ့ မွေးကင်းစတွေ ခွေးရူးပြန် ရောဂါ မရသင့်ကြောင်း တရားရုံးက ထုတ်ပြန်တယ်လို့လည်း Live Law ဥပဒေသတင်းဝက်ဆိုက်မှာ ဖော်ပြပါတယ်။ လမ်းဘေးခွေးကိုက်မှာကို မကြောက်ရတဲ့ဘဝ ကလေးတွေ ရသင့်တယ်လို့လည်း ပြောပါတယ်။

ဒေလီနဲ့ တခြားမြို့ကြီးတွေမှာ ခွေးကိုက်တာတွေ များလာတဲ့ သတင်းတွေ ထွက်လာပြီးနောက် တရားရုံးက ဒီလို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ဒေလီမြို့တော်တလွှားနဲ့ ဆင်ခြေဖုံးမှာ ခွေးဂေဟာတွေ အများအပြား ဆောက်ဖို့လည်း တရားရုံးက ညွှန်ကြားပါတယ်။ ဂေဟာတခုမှာ အနည်းဆုံး ခွေးကောင်ရေ ငါးထောင် ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီဂေဟာတွေမှာ ခွေးတွေကို သင်းကွပ်တာနဲ့ ကာကွယ်ဆေးထိုးတာတွေ လုပ်ပေးဖို့နဲ့ စီစီတီဗီ ကင်မရာတွေ တပ်ဖို့လည်း ပါရှိပါတယ်။

သင်းထားတဲ့ ခွေးတွေကို မူလဖမ်းမိတဲ့ နေရာ ပြန်ပို့ဖို့ လက်ရှိ ဥပဒေက ဆုံးဖြတ်ထားပေမယ့် လူကြားထဲ ပြန်မလွှတ်ရဘူးလို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ခွေးကိုက်တာနဲ့ ခွေးရူးပြန်တာတွေ ဖြစ်ရင် သတင်းပို့နိုင်ဖို့ တပတ်အတွင်း ဖုန်းလိုင်း စီစဉ်ပေးသင့်ကြောင်းလည်း အမိန့်ချခဲ့ပါတယ်။

လမ်းဘေးခွေးတွေ အစာကျွေးခွင့်ရဖို့ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လမ်းဘေးခွေးတွေ အစာကျွေးခွင့်ရဖို့ ဆန္ဒပြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိရစ္ဆာန် စောင့်ရှောက်ရေး အုပ်စုတွေကတော့ ဒီဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ တရားရုံးက ပေးတဲ့ ရက်ချိန်းက လက်တွေ့မကျဘူးလို့လည်း ဆိုပါတယ်။

လက်ရှိ အိန္ဒိယမြို့ကြီး အများစုမှာ လမ်းဘေးခွေးကောင်ရေရဲ့ တစ်ရာခိုင်နှုန်းကိုတောင် ဂေဟာမှာ ထားနိုင်တဲ့ အခြေအနေ မရှိကြောင်း ထင်ရှားတဲ့ PAWS တိရစ္ဆာန် အခွင့်အရေး အုပ်စု တည်ထောင်သူ နီလက်ရှ် ဘာနေ့ဂျ်က ပြောပါတယ်။

တရားရုံးနဲ့ အာဏာပိုင်တွေက ခွေးကောင်ရေနဲ့ ခွေးရူးပြန် ရောဂါကို ထိန်းချုပ်တဲ့ လက်ရှိ ဥပဒေစည်းမျဉ်းတွေကို ခိုင်မာအောင် ဖော်ဆောင်ဖို့ပဲ အာရုံစိုက်သင့်ကြောင်းလည်း သူက ပြောပါတယ်။ ဒီထဲမှာ ကာကွယ်ဆေးထိုးတာ၊ သင်းကွပ်တာနဲ့ အမှိုက်ပစ်စနစ်ကို ထိရောက်အောင် စီမံတာတွေ ပါပါတယ်။

အိန္ဒိယနိုင်ငံတလွှား ၂၀၂၄ မှာ ခွေးကိုက်မှု ၃.၇ သန်း သတင်းပို့နိုင်ခဲ့ကြောင်းလည်း အစိုးရ စာရင်းဇယားတွေက ပြနေပါတယ်။

ခွေးရူးပြန်နဲ့ သေဆုံးသူ အရေအတွက် အမှန်အကန်ကို အပြည့်အစုံ မသိရကြောင်းလည်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အိန္ဒိယမှာ ဖြစ်နေတဲ့ ခွေးရူးရောဂါ အခြေအနေကို တိတိကျကျ မသိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ရရှိတဲ့ သတင်းအချက်အလက်တွေအရ တနှစ်ကို ခွေးရူးကြောင့် သေသူ ၁၈,၀၀၀ ကနေ နှစ်သောင်းကြား ရှိတယ်လို့လည်း ဆိုပါတယ်။

တခြားဘက်မှာတော့ အိန္ဒိယလွှတ်တော်ကို တင်သွင်းတဲ့ အချက်အလက်တွေအရ ၂၀၂၄ မှာ လူ ၅၄ ယောက် ခွေးရူးပြန်နဲ့ သေဆုံးပြီး ၂၀၂၃ က လူ ၅၀ သေဆုံးတယ်လို့ သိရပါတယ်။

လမ်းဘေးခွေးပေါတဲ့ အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လမ်းဘေးခွေးပေါတဲ့ အိန္ဒိယ