ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ညာမှာ ငွေစက္ကူ ပန်းစည်းလက်ဆောင် ပေးရင် ထောင်ကျနိုင်
- ရေးသားသူ, ဘေဆယ်လီယို ရူကန်ဂါ
- ရေးသားပေးပို့သည့်နေရာ, Nairobi
- ဖတ်ရန်အချိန်: မိနစ် ၂
ကင်ညာနိုင်ငံမှာ ငွေစက္ကူတွေကို ပန်းစည်းတွေ၊ အလှဆင်ပစ္စည်းတွေလို လုပ်တာမျိုးကို ရပ်တန်းက ရပ်ကြဖို့ ဗဟိုဘဏ်က သတိပေးလိုက်ပါတယ်။
ကင်ညာနိုင်ငံမှာ ငွေစက္ကူပန်းစည်း လက်ဆောင်ပေးတာက ခေတ်စားလာနေပါတယ်။ အထူးသဖြင့် ချစ်သူများနေ့ (ဗယ်လင်တိုင်းနေ့ ) မရောက်ခင် ငွေစက္ကူပန်းစည်းတွေ မှာပို့လေ့ရှိကြပါတယ်။ နာမည်ကြီးသူတွေနဲ့ အွန်လိုင်း ဆယ်လီတွေက အခမ်းအနားပွဲတွေမှာ ငွေစက္ကူပန်းစည်းတွေကိုင်ထားတဲ့ ဗီဒီယိုတွေ တင်လေ့ရှိတာကြောင့် လူတွေကြား ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
ဒီလို ငွေစက္ကူပန်းစည်းတွေ ရအောင် အရောင်အမျိုးမျိုး၊ တန်ဖိုးအမျိုးမျိုး ငွေစက္ကူတွေကို လိပ်ပြီး ပန်းစည်းကြီးတစ်ခုလို ပုံစံဖြစ်အောင် လုပ်လေ့ရှိပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်တာဟာ ကင်ညာနိုင်ငံသုံးငွေကို သိက္ခာကျဆင်း၊ တန်ဖိုးမဲ့စေပြီး မိရင် ထောင်ဒဏ် ၇ နှစ် ကျခံနိုင်တယ်လို့ ကင်ညာ ဗဟိုဘဏ်က ပြောပါတယ်။
ဒီငွေစက္ကူတွေကို ပန်းစည်းကြီး ဖြစ်အောင် ခေါက်ချိုး၊ လိပ်၊ ကော်နဲ့ ကပ်၊ ကလစ်နဲ့တွယ်ပြီး တစ်ခုနဲ့တစ်ခု ကပ်တာဟာ ငွေစက္ကူတွေရဲ့ ဂုဏ်တန်ဖိုးကို ထိခိုက်စေတယ် လို့ ကင်ညာ ဗဟိုဘဏ်က ဆိုပါတယ်။
ဒီလိုလုပ်တဲ့အတွက် ATM ငွေထုတ်စက်နဲ့ ငွေရေတွက်စက်တွေလို စက်ပစ္စည်းတွေ ပျက်စီးစေနိုင်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကင်ညာ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီငွေစက္ကူ ပန်းစည်းတွေကြောင့် ငွေစက္ကူတွေ ပိုပျက်စီးသွားပြီး နောက်ထပ် ငွေစက္ကူတွေ အစားထိုး ပြန်ထုတ်ရတဲ့အတွက် ပြည်သူလူထုနဲ့ ဘဏ်တွေအတွက် မလိုအပ်ပဲ အကုန်အကျတွေ များလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့လည်း ငွေသား လက်ဆောင်ပေးတာကို ဗဟိုဘဏ်အနေနဲ့ မကန့်ကွက်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ငွေစက္ကူတွေ မထိခိုက်စေဘဲ ငွေသားလက်ဆောင် ပေးတဲ့နည်းကို ရွေးကြဖို့ လူတွေကို တိုက်တွန်းထားပါတယ်။
ကင်ညာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပန်းအများဆုံး စိုက်ပျိုးတဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် တကယ့်ပန်းစည်း အစစ်ကသာ ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့အတွက် ပိုသင့်တော်တဲ့ ချစ်လက်ဆောင် ဖြစ်လိမ့်မယ်ဆိုပြီး တချို့က ဗဟိုဘဏ်ရဲ့ ကြေညာချက်ကို ကြိုဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဗဟိုဘဏ်ရဲ့ ကြေညာချက်ကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ရယ် တုံ့ပြန်ကြသူတွေလည်း ရှိခဲ့ပါတယ်။
"ဗဟိုဘဏ် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကြောင့် ဒီနှစ် ချစ်သူများနေ့မှာ အမျိုးသားထုကြီး ပိုက်ဆံ သက်သာသွားပါပြီ။ အရင်လို တကယ့်ပန်းစည်းပဲ ပေးကြပါစို့" ဆိုပြီး အလီနူရ် မိုဟာမက် က X ဆိုရှယ်မီဒီယာပေါ်မှာ ရယ်စရာလုပ် ရေးခဲ့ပါတယ်။
နောက်ကင်ညာလူမျိုးတစ်ဦးကလည်း "ငွေစက္ကူပန်းစည်းတွေက အဆမတန် စျေးကြီးပြီးဖြုန်းတီးရာ ကျတာမို့ ဒီဆုံးဖြတ်ချက်ကို လူထုကြီးက ကြိုဆိုပါတယ်" ဆိုပြီး ရေးထားပါတယ်။