ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်စစ်တပ်အတွင်း ရာထူး ဖြုတ်ထုတ် ရှင်းလင်းမှုတွေ လုပ်အပြီး ရာထူးဒုတိယအမြင့်ဆုံး ဗိုလ်ချုပ်သစ် ပြောင်းလဲခန့်
- ရေးသားသူ, စတီဖင် မက်ဒေါနယ်
- ရာထူးတာဝန်, တရုတ်ရေးရာ ဘီဘီစီသတင်းထောက်
- ရေးသားသူ, ဂျိုဝဲလ် ဂွင်တို
- ရာထူးတာဝန်, ဘီဘီစီ သတင်းထောက်
တရုတ်စစ်တပ်အတွင်း ရာထူး ဖြုတ်ထုတ် သန့်စင်မှုကြီးတစ်ခုအတွင်း ဗိုလ်ချုပ်ကြီး ကိုးဦး ရာထူးကနေ အထုတ်ခံခဲ့ရအပြီး ရက်ပိုင်းအကြာမှာ ဝါရင့်စစ်ဗိုလ်ချုပ်ကြီး ကျန်း ရှန်မင်းကို ဒုတိယ ရာထူးအမြင့်ဆုံးဗိုလ်ချုပ်ကြီးအဖြစ် တရုတ်ကွန်မြူနစ်ပါတီက ရွေးချယ် ခန့်အပ်လိုက်ပါတယ်။ သူဟာ စစ်တပ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြီးကြပ်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။
ကျန်း ရှန်မင်းကို ဗဟိုစစ်ကော်မရှင်အဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ခန့်အပ် လိုက်ကြောင်း လေးရက်ကြာ ဗဟိုကော်မီတီအစည်းအဝေး နောက်ဆုံးနေ့မှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကျန်း ရှန်မင်း ဟာ အဆင့်အမြင့်ဆုံး ဒုတိယ ဥက္ကဋ္ဌ နဲ့ သမ္မတ ရှီကျင့်ဖျင် ပြီးရင် တရုတ်နိုင်ငံရဲ့ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အဖွဲ့ကြီးဖြစ်တဲ့ ဗဟိုစစ်ကော်မရှင်အဖွဲ့မှာ တတိယ ရာထူးအမြင့်ဆုံး တာဝန်ရှိပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး ကိုးဦးဟာ ဆိုးရွားတဲ့ ငွေကြေးဆိုင်ရာပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒါဟာ နိုင်ငံရေးအရ ဖြုတ်ထုတ် ရှင်းလင်းမှုတစ်ခု ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ယူဆနေကြပါတယ်။
အဲဒီစစ်ဗိုလ်ချုပ်ကြီးတွေကို ရာထူးကနေ ထုတ်ပယ်လိုက်တာဟာ နှစ်ပေါင်းများစွာအတွင်း စစ်တပ်အပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးမားဆုံး လူသိရှင်ကြား နှိမ်နင်းမှုကြီးတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီလို ခြေရာခံနှိမ်နင်းမှုတွေ လုပ်မယ်ဆိုတာကို ဗဟိုစစ်ကော်မရှင်က အရိပ်အမြွက်ပြောနေတာ လနဲ့ချီ ရှိနေခဲ့ပါပြီ။ စစ်တပ်အတွင်း အဆိပ်သင့်စေတဲ့ သြဇာလွှမ်းမိုးမှုကို သုတ်သင်ရှင်းလင်းပစ်ဖို့ ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်သစ်တွေကို ဗဟိုစစ်ကော်မရှင်က ဇူလိုင်လတုန်းက ထုတ်ပြန်ခဲ့ပြီး ကေဒါအဖွဲ့ဝင်တွေအတွက် သံမဏိစည်းမျဉ်းတွေ ချမှတ်ခဲ့ပါတယ်။
မကြာသေးခင်နှစ်ပိုင်းတွေအတွင်း ကာကွယ်ရေးဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ ဝေ ဖန်ဂီ နဲ့ လီ ဂျန်ဖူ အပါအဝင် တခြားစစ်အရာရှိတွေကို ထုတ်ပယ်ခဲ့တဲ့ လူသိရှင်ကြား ရာထူး ရှင်းလင်းဖယ်ရှားမှု အနည်းအပါး ရှိခဲ့အပြီး အခုဒီခြေရာခံနှိမ်နင်းမှုကြီးကို လုပ်ခဲ့တာ ဖြစ်ပါတယ်။
ရာထူးတိုးခံခဲ့ရအပြီး အသက် ၆၇ နှစ်အရွယ် ကျန်း ရှန်မင်း ဟာ သူ့ထက် ပိုရာထူးကြီးတဲ့ နောက် ဒုတိယ ဥက္ကဋ္ဌ ကျန်း ယူရှားနဲ့ အတူ ဗဟိုစစ်ကော်မရှင်မှာ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
သူဟာ PLARF ပြည်သူ့စစ်တပ် ရော့ကက်တပ်ဖွဲ့က ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ဗဟိုစစ်ကော်မရှင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ခွဲမှာ လက်ထောက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
သူဟာ နိုင်ငံအလယ်ပိုင်း ရှန့်ဆီ ပြည်နယ်က ဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာ စစ်တပ်ထဲ ဝင်ခဲ့ပါတယ်။
ကြာသပတေးနေ့က ပြီးဆုံးသွားတဲ့ လေးရက်ကြာ အစည်းအဝေးအတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မီတီက သူတို့ရဲ့ ဦးစားပေး အစီအစဉ်တွေကို လမ်းညွှန်ပြထားတဲ့ ၅ နှစ်စီမံကိန်းသစ် ကို အတည်ပြုခဲ့ပါတယ်။
အဲဒီစီမံကိန်းထဲမှာ သိပ္ပံနည်းကျကျ နည်းပညာအရ ကိုယ့်ကိုယ်ကို အားကိုးဖို့ အလေးထား ဖော်ပြထားပါတယ်။ တကယ်လို့ ကွန်ပျူတာ ချစ်ပြားတွေနဲ့ ခေတ်မီ ဆော့ဖ်ဝဲတွေ ရနိုင်ခွင့်ကို ထရမ့်အစိုးရက ဆက်လက် ကန့်သတ်နေမယ်ဆိုရင် တရုတ်နည်းပညာကုမ္ပဏီတွေအနေနဲ့ ကိုယ့်ကိုယ်ကို အားကိုးဖို့ လိုလာမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသွင်ပြောင်းကာလ ရောက်လာအောင် တွန်းအားပေးလုပ်ဆောင်ဖို့ တိုက်တွန်းထားသလို ပထဝီနိုင်ငံရေးအရ မရေမရာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကာကွယ်ရေးတပ်ကို ခေတ်မီတိုးတက်အောင် လုပ်ဖို့ နဲ့ ဆုံးရှုံးခဲ့ရတဲ့ ထုတ်ကုန် ဘဏ္ဍာငွေ ပြန်ရအောင် ပြည်တွင်း ဝယ်ယူစားသုံးမှု တိုးလာစေရေး လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။