အမျိုးသမီး အလုပ်သမား အားလုံးအတွက် ရာသီပေါ်ချိန် ခွင့်ပေးတဲ့ အိန္ဒိယပြည်နယ်

 အိန္ဒိယမှာ ရာသီသွေးအကြောင်း ပြောဖို့ ခက်ခဲဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ရာသီသွေးအကြောင်း ပြောဖို့ ခက်ခဲဆဲ
    • ရေးသားသူ, အင်မရန် ကရက်ရှီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်း၊ ဘန်ဂလူးရူး

ကမ္ဘာ့အကြီးဆုံး အိုင်တီလုပ်ငန်းတွေ ရှိတဲ့ အိန္ဒိယတောင်ပိုင်းက ကန်နာတကားပြည်နယ်ဟာ ပုံမှန်လုပ်ငန်းခွင်က အမျိုးသမီးအလုပ်သမားအားလုံးကို ရာသီလာချိန်မှာ ခွင့်ပေးတဲ့ ပထမဆုံး ပြည်နယ် ဖြစ်လာပါတယ်။

မူသစ်အရ အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ လုပ်တဲ့ အသက် ၁၈ နှစ်ကနေ ၅၂ နှစ်ထိ အမျိုးသမီးတွေဟာ တလကို ရာသီလာချိန် ခွင့်တရက် ယူနိုင်ပြီး ဒီခွင့်ကို နောက်လထိ သယ်သွားလို့ မရပါဘူး။ ဒီခွင့်ယူဖို့ ဆေးလက်မှတ် ပြစရာ မလိုပါဘူး။

ပုံမှန် လုပ်ငန်းခွင်တွေမှာ ရှိတဲ့ အမျိုးသမီး သုံးသိန်းခွဲကနေ လေးသိန်းထိ ဒီမူဝါဒက အကျုံးဝင်ပေမယ့် ခြောက်သန်းလောက် ရှိတဲ့ အိမ်ဖော်အလုပ်သမတွေ၊ နေ့စားအလုပ်သမတွေနဲ့ ကျပန်း အလုပ်သမတွေအတွက် မပါသေးပါဘူး။

ဒါပေမဲ့လည်း ပုဂ္ဂလိက ကဏ္ဍထိပါ ပထမဆုံး ထည့်သွင်းဆောင်ရွက်တဲ့ ပြည်နယ်ရဲ့ ရာသီလာချိန်ခွင့် မူဝါဒကို အရေးကြီးတယ်လို့ ယူဆကြပါတယ်။

ရာသီလာချိန်ခွင့်ယူတဲ့ ကိစ္စက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ စပိန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေမှာ ဒီခွင့်က ရှိပြီးသား ဖြစ်ပါတယ်။ အိန္ဒိယ ပြည်နယ်တချို့မှာလည်း အကန့်အသတ်နဲ့ ဒီခွင့်ကို ပေးပြီး ဘီဟာနဲ့ သြရိဿက အစိုးရဝန်ထမ်း အမျိုးသမီးတွေအတွက် တလကို နှစ်ရက် ရာသီလာချိန် ခွင့်ပေးပါတယ်။ ကယ်ရာလားပြည်နယ်က တက္ကသိုလ်နဲ့ စက်မှု သင်တမ်းကျောင်း ဝန်ထမ်းတွေကိုလည်း ဒီလိုခွင့် ပေးပါတယ်။

အိန္ဒိယမှာ အမျိုးသမီးတွေအတွက် ပိတ်ရက် တရက် ပိုပေးတာက လိင်အားဖြင့် ခွဲခြားမှုတွေ ရှိလာမလား၊ တန်းတူညီမျှမှုမှာ ထိခိုက်လာမလား ဆွေးနွေးစရာတွေ ဖြစ်လာပါတယ်။

အမျိုးသမီးတွေအတွက် လုပ်ခမရတာနဲ့ ရာသီသွေးဆင်းလို့ ကိုက်ခဲနေတဲ့ကြားက အလုပ်လုပ်ရတာတွေကို ဒီလိုခွင့်ကြောင့် ရှောင်လွှဲနိုင်လို့ လိုအပ်တဲ့ အခွင့်အရေး ဖြစ်ကြောင်း တချို့က စောဒက တက်ပါတယ်။

ကယ်ရာလားပြည်နယ်က ဆပ်ဘရီမာလာ ဘုရားကျောင်းထဲ ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေ ဝင်ခွင့်ပြုတဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကယ်ရာလားပြည်နယ်က ဆပ်ဘရီမာလာ ဘုရားကျောင်းထဲ ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေ ဝင်ခွင့်ပြုတဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ဆန္ဒပြ

ကန်နာတကားက ကုမ္ပဏီအများအပြားမှာ ရာသီလာချိန်ခွင့်တွေ ပေးပြီးသားမို့ အစိုးရအမိန့်နဲ့ ဖော်ဆောင်ဖို့က ပြဿနာ မရှိပါဘူး ဆိုပြီး အိုင်တီနဲ့ ဘီပီအို လုပ်ငန်းတွေအတွက် အကျိုးအမြတ်မယူတဲ့ Nasscom ကုန်သွယ်မှုအသင်းက အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေသတွင်း အထည်ချုပ် အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ပရာတီဘာ အာရ်ကလည်း ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပြီး အထည်ချုပ် အလုပ်သမ အများစုဟာ တနှစ်ကို ခွင့် ၁၁ ရက်လောက်ပဲ အနိုင်နိုင် ရကြတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတချို့ကတော့ ဒီမူဝါဒကို ဖော်ဆောင်ဖို့ ခက်ခဲမယ်လို့ ယူဆကြပါတယ်။

ရာသီလာတဲ့ ကိစ္စက အိန္ဒိယနေရာအများအပြားမှာ ပြောလို့မသင့်တဲ့ ကိစ္စ ဖြစ်နေသေးပြီး ရာသီလာချိန်မှာ မသန့်ရှင်းဘူးလို့ ယူဆလို့ အမျိုးသမီးတွေ ဘုရားကျောင်းထဲ ဝင်ခွင့်မပေးတာနဲ့ အိမ်မှာပဲ နေရတာတွေ ရှိတတ်ပါတယ်။

"ရာသီလာတဲ့ကိစ္စကိုတောင် မပြောဘဲနဲ့ ဘယ်လိုခွင့်တောင်းမှာလဲ၊ ကျွန်မတို့ လူ့အဖွဲ့အစည်းက အဲဒီအဆင့် မရောက်သေးဘူး " ဆိုပြီး ဆော့ဖ်ဝဲ ကုမ္ပဏီတခုက မန်နေဂျာ အနုနီတာ ကွန်ဒူးက ဘီဘီစီကို ပြောပါတယ်။

ဒီခွင့်က မလိုအပ်သလို ရာသီကိစ္စ မပြောဘဲနဲ့ အမျိုးသမီးတွေ ထိပ်တန်းအလုပ်တွေ ရခဲ့ပြီးသား ဖြစ်ကြောင်း အရူနာ ပက်ပီရက်ဒီဆိုတဲ့ အိုင်တီ အလုပ်သမတယောက်က ပြောပါတယ်။

ရာသီလာမှုနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စွဲကျန်နေတဲ့ ထင်မြင်မှုတွေနဲ့ ရင်ဆိုင်ရတာက တကယ့်စိန်ခေါ်ချက်ဖြစ်ကြောင်း ပုရှ်ပန်ဒရာ ဆိုတဲ့ လူမှုသိပ္ပံပညာရှင်တယောက်က ပြောပါတယ်။

ဘီဟာ အပါအဝင် အိန္ဒိယနေရာအများအပြားမှာ ရာသီလာချိန်ခွင့်ကို ပေးတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပြီ ဖြစ်ပေမယ့် စျေးဆိုင်တွေမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းကို သတင်းစာဟောင်းထဲ ထည့်ထုပ်ပေးနေတုန်း ဖြစ်ကြောင်း သူက ဆိုပါတယ်။

ရာသီလာတဲ့ကိစ္စ ခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ အရင်က ကြိုးစားခဲ့ရာမှာ အိမ်နီးချင်း ကယ်ရာလား ပြည်နယ်မှာတော့ အမျိုးသားတွေ စာနာတတ်လာအောင် လေ့ကျင့်ပေးတာလည်း ပါပါတယ်။ ဒါတောင် ၂၀၁၈ တုန်းက အိန္ဒိယတောင်ပိုင်းမှာ တန်ခိုးအကြီးဆုံး ဟိန္ဒူ ဘုရားကျောင်း တဆောင် ဖြစ်တဲ့ ဆပ်ဘရီမာလာ ဘုရားကျောင်းထဲ ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေ ဝင်ခွင့်မပြုတာကို ပြန်ရုပ်သိမ်းပေးလို့ ဆန္ဒပြတာတွေ ဖြစ်ခဲ့ပါတယ်။

အစိုးရရဲ့ ရာသီလာချိန်ခွင့် မူဝါဒကြောင့် ရာသီလာတဲ့ ကိစ္စကို ဆွေးနွေးဖို့ ပိုပြီး အဆင်ပြေလာနိုင်ကြောင်း ကန်နာတကားက အမျိုးသမီးတချို့က ပြောပါတယ်။

အမျိုးသမီးတွေ ဒီမူဝါဒကို အသုံးချကြဖို့ ကန်နာတကား ရာသီလာချိန် ခွင့် ကော်မတီ ဥက္ကဋ္ဌနဲ့ ခရိုက်စ် တက္ကသိုလ်က လက်ထောက် မဟာဌာနမှူး ဆပ္ပနာ အက်စ်က တောင်းဆိုလိုက်ပါတယ်။

ရာသီလာချိန် ခွင့်ယူဖို့အတွက် အမျိုးသမီးတွေ ရှက်စရာ၊ အားနာစရာ မလိုဘူးလို့ သူက ဆိုပါတယ်။