ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟာရီကိန်း၊ တိုင်ဖွန်းနဲ့ ဆိုင်ကလုန်း - ဒီမုန်တိုင်းတွေ ဘယ်လိုကွာခြားလဲ
စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်ကနေ အားလျော့သွားတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာဟာ တရုတ်နိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်နေပြီပြီး အဲဒီက လူ ၂ သန်းနီးပါးဟာ မုန်တိုင်းမလာခင်မှာ ဘေးလွတ်ရာရွှေ့ပြောင်းနေကြရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းကို အင်္ဂါနေ့မှာ ဝင်ရောက်တိုက်ခတ်ချိန်တုန်းကတော့ ချောင်းကိုဆည်ထားတဲ့ရေကာတာပြိုကျလို့ လူ ၁၇ ဦးသေဆုံးခဲ့ပါတယ်။
ရာဂါဆာဟာ ဗုဒ္ဓဟူးနေ့မှာ စူပါတိုင်ဖွန်းကနေ အားပြင်းတဲ့မုန်တိုင်းအဖြစ် ဗုဒ္ဓဟူးနေ့မှာ အားလျော့သွားခဲ့ပေမဲ့ အဖျက်စွမ်းအားကတော့ ကြီးမားနေဆဲဖြစ်ပါတယ်။ မုန်တိုင်းဟာ တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ်ထဲက တိုင်ရှန်ကို ရောက်ချိန် လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၁၅၀ အထိ ရှိနေပါတယ်။
ဟာရီကိန်းမုန်တိုင်း အဆင့် ၅ နဲ့ညီမျှတဲ့ ရာဂါဆာဟာ အခုနှစ်အတွင်း အင်အားအပြင်းဆုံးမုန်တိုင်း ဖြစ်ပြီး တောင်တရုတ်ပင်လယ်ထဲ ရက်ပေါင်းများစွာကြာအောင် ပင်လယ်ပြင်မှာ ဝှေ့ပတ်နေခဲ့တာဖြစ်ပါတယ်။
မုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဗီယက်နမ်ကနေတဆင့် လာအိုနိုင်ငံထဲ ရောက်ပြီး အားပျော့သွားမယ်လို့ ခန့်မှန်းထားပြီး မုန်တိုင်းကြောင့် ဒီနိုင်ငံတွေအပြင် မြန်မာ့အိမ်နီးချင်း ထိုင်းမှာပါ မိုးများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာဟာ အစောပိုင်းမှာ စူပါမုန်တိုင်းအဖြစ်အားကောင်းခဲ့လို့ မုန်တိုင်းတို့ရဲ့ဘုရင်လို့တောင် ဘီဘီစီသတင်းထောက်က ရည်ညွှန်းပြောပါတယ်။
ဒီတော့ တိုင်ဖွန်း ဒါမှမဟုတ် စူပါတိုင်ဖွန်း ဆိုတာ ဘာလဲ ပြီးတော့ ဟာရီကိန်းဆိုတာနဲ့ ဘာကွာခြားပါသလဲ။ အဲဒီလိုတွေရှိနေသလို ဆိုင်ကလုန်းမုန်တိုင်း ဆိုတာကရော ဘာကို ဆိုလိုတာလဲ။ ဘာကိုအတိအကျဆိုလိုတာမျိုးဖြစ်ပါသလဲ။
စူပါတိုင်ဖွန်း ဆိုတာဘာလဲ
မုန်တိုင်းတွေမှာ တူညီတဲ့တစ်ချက်တော့ရှိပါတယ်။ အားလုံးဟာ အပူပိုင်းမုန်တိုင်းတွေပါ။
ဒါပေမဲ့ မုန်တိုင်းဖြစ်ပေါ်တဲ့နေရာကိုလိုက်ပြီး နာမည်တွေကွဲသွားတာဖြစ်ပါတယ်။
ဟာရီကိန်းမုန်တိုင်းတွေကတော့ အပူပိုင်းမုန်တိုင်းဖြစ်ပြီး မြောက်အတ္တလန္တိတ်သမုဒ္ဒရာနဲ့ အရှေ့မြောက်ပစိဖိတ်တို့မှာဖြစ်ပေါ်တာပါ။
ဆိုင်ကလုန်းမုန်တိုင်းတွေကတော့ တောင်ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်ကြတာပါ။
တိုင်ဖွန်းမုန်တိုင်းတွေကတော့ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ဘက်မှာဖြစ်ပေါ်တာမျိုးပါ။
စူပါတိုင်ဖွန်းတစ်ခုဟာ အများဆုံးလေတိုက်နှုန်း တစ်နာရီကို ၁၈၅ ကီလိုမီတာ ဒါမှမဟုတ် တစ်နာရီ ၁၁၅ မိုင်နှုန်းအများဆုံးတိုက်ခိုက်တယ်လို့ ဖိလစ်ပိုင်ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒနဲ့ နက္ခတဗေဒဝန်ဆောင်မှုအာဏာပိုင်အဖွဲ့ (PAGASA)ရဲ့ အဆိုအရ သိရပါတယ်။
မုန်တိုင်းတွေက ဘယ်လောက်အထိ ဆိုးရွားနိုင်ခြေရှိလဲ
အပူပိုင်းမုန်တိုင်းဆိုတဲ့စကားလုံးကိုတော့ ယေဘူယျအသုံးအနှုန်းအဖြစ် မိုးလေဝသပညာရှင်တွေက အသုံးပြုကြပါတယ်။
အဲဒီဆိုလိုရင်းကတော့ အပူပိုင်းဒေသ ဒါမှမဟုတ် အပူပိုင်းလျော့ပိုင်း ရေမျက်နှာပြင်ပေါ်မှာ လည်ပတ်နေတဲ့ တိမ်တိုက်တွေနဲ့ မိုးကြိုးတွေကို စုစည်းရည်ညွှန်းပြောဆိုတာလို့ အမေရိကန် သမုဒ္ဒရာနဲ့ လေထုပိုင်းဆိုင်ရာ နိုင်ငံအာဏာပိုင်အဖွဲ့က သတ်မှတ်ပါတယ်။
"အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုဟာ အများဆုံးလေတိုက်အား တစ်နာရီကို ၇၄ မိုင် (၁၁၉ ကီလိုမီတာ) အထိ ဒါမှမဟုတ် အဲဒီထက်ပိုတဲ့နှုန်းထိကို ရောက်အောင်အားပေးလေ့ရှိပါတယ်။ အဲဒီအရာကိုနောက်ပိုင်းမှာတော့ ဟာရီကိန်း၊ တိုင်ဖွန်း ဒါမှမဟုတ် အပူပိုင်းမုန်တိုင်းဆိုပြီး ကမ္ဘာကြီးရဲ့ဘယ်နေရာကနေ အစပြုခဲ့သလဲဆိုတဲ့အပေါ် အစွဲပြုပြီး အမျိုးအစားခွဲခြားခဲ့ ပါတယ်" လို့ အဆိုပါ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဟာရီကိန်းကိုတော့ သူ့ လေတိုက်နှုန်းပေါ်အခြေခံပြီး အဆင့် ၁ ကနေ ၅ အထိ အခြေခံအားဖြင့်သတ်မှတ်ထားပါတယ်။ အဲဒီနှုန်းကိုတော့ ဆာဖီယာ - ဆင်မ်ဆင် ဟာရီကိန်း လေတိုက်နှုန်းတိုင်းတာခြင်းနဲ့ အသုံးပြု တိုင်းတာပါတယ်။
မုန်တိုင်းတွေကို ဘယ်လိုအချိန်တွေမှာ တွေ့ရလဲ
အတ္တလန္တိတ်သမုဒ္ဒရာထဲမှာတော့ ဇွန်လ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက် အတွင်းကာလ ဟာ ဟာရီကိန်းရာသီဖြစ်ပြီး ၉၅ ရာခိုင်နှုန်းကျော်တဲ့ အပူပိုင်းမုန်တိုင်းဖြစ်စဥ်တွေကို ဒေသတွင်း အဲဒီကာလအချိန်တွေထဲမှာ ဖြစ်ပေါ်ပါတယ်။
ပစိဖိတ်တောင်ပိုင်းကတော့ နိုဝင်ဘာကနေ ဧပြီလ အထိဟာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ရာသီပါ။
အနောက်မြောက်ပစိဖိတ်သမုဒ္ဒရာထဲမှာတော့ မေလကနေ အောက်တိုဘာလအတွင်း တိုင်ဖွန်းတွေကို အတွေ့များပါတယ်။ ဒါပေမဲ့ တစ်နှစ်ပတ်လုံးလည်း ဖြစ်ပေါ်နိုင်ပါတယ်။
မုန်တိုင်းတွေကို ဘယ်လို အမည်ပေးကြသလဲ
ကမ္ဘာတစ်လွှားက အပူပိုင်းဒေသမုန်တိုင်းတွေရဲ့အမည်စာရင်းတွေကို ကုလသမဂ္ဂ လက်အောက်က ကမ္ဘာ့မိုးလေဝသနဲ့ ဇလဗေဒအဖွဲ့အစည်း (WMO)က ထိန်းသိမ်းထားပါတယ်။
အမည်တွေကိုတော့ ခြောက်နှစ်ကြာတိုင်း အလှည့်ကျပြန်လည်အသုံးပြုပါတယ်။ လူအသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုများတဲ့ တိုင်ဖွန်း ဟိုင်ယမ် ဒါမှမဟုတ် ဟာရီကိန်း ကက်ထရီနာ တို့ကတော့ ခြွင်းချက်ပါ။
ဒီမုန်တိုင်းတွေကို ကျော်ဖြတ်ထိခိုက်ခဲ့တဲ့စိတ်ပင်ပန်းမှုတွေကို နောက်တကျော့ပြန်အမှတ်ရတာမျိုးမဖြစ်အောင် ဒီမုန်တိုင်းနာမည်တွေကို ထပ်မသုံးတော့ဘဲ နာမည်အသစ်နဲ့ အစားထိုးပါတယ်။
ဟာရီကိန်း၊ တိုင်ဖွန်းနဲ့ ဆိုင်ကလုန်းတွေဖြစ်တဲ့ ဒေသတွင်းနိုင်ငံတွေက အမည်စာရင်းတွေကို WMO ထံကို အကြံပြုကာ စာရင်းပေးကြပါတယ်။
"ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗီယံ ပင်လယ်တို့နဲ့ ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ဒေသတွင်းမှာတော့ နိုင်ငံ ၈ နိုင်ငံရှိပြီး အဲဒီနိုင်ငံတွေက နာမည်တွေကို WMO ကို စာရင်းပို့ပါတယ်။ ၂,၀၀၀ ခုနှစ်တွေရဲ့ အစောပိုင်းကာလကတည်းက နာမည်စာရင်းတွေကို WMO ကိုပို့ထားပြီးပါပြီ" လို့ အိန္ဒိယမိုးလေဝသနဲ့ ဇလဗေဒဌာန အကြီးတန်းသိပ္ပံပညာရှင်က ဘီဘီစီကို ပြောပါတယ်။
"အဲဒီလိုပေးလိုက်တဲ့ဆိုင်ကလုန်း မုန်တိုင်းအမည်တွေထဲက ၅၀ ရာခိုင်နှုန်းကို သုံးပြီးသား ဖြစ်နေပါပြီ။ နာမည်တွေကို ကျွန်တော်တို့နိုင်ငံတွေရဲ့ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည်မှုတွေအပေါ် မထိခိုက်စေတဲ့အမည်တွေဖြစ်အောင်လုပ်ပြီး ကျွန်တော်တို့ ဒေသတွင်းနိုင်ငံတွေအကြား သဘောတူညီချက် ရယူထားကြတာမျိုးပါ"
မုန်တိုင်းတွေ ဘယ်လိုပေါ်လာလဲ
ပင်လယ်ရေတွေဟာ ပူနွေးလာတာကြောင့် လေဟာ ကောင်းကင်ကို အလျှင်အမြန် တိုးလာပါတယ်။
လေအေးပြန်အေးလာတာနဲ့အမျှ ပိုပူလာတဲ့လေဟာလေအေးကို သူ့အောက်ကို တွန်းထုတ်လိုက်ပါတယ်။
အဲဒီလိုဖြစ်ရာကနေ အားကောင်းတဲ့လေတွေ ဖြစ်ပေါ်လာစေပါတယ်။ အပူပိုင်းမုန်တိုင်း တွေဟာ ပင်လယ်ပြင်ပေါ်မှာ ကြီးမားတဲ့လှိုင်းကြီးတွေဖြစ်ပေါ်ဖို့ လှုံ့ဆော်ပေးနိုင်ပါ တယ်။
အဲဒီလှိုင်းတွေက မြေပြင်ကို ပြိုဆင်းတဲ့အခါ မြို့တွေနဲ့ မြို့တွင်းတွေအပါအဝင် ကြီးမားတဲ့ကုန်းမြေတွေမှာ ရေကြီးနိုင်ပါတယ်။
ကုန်းမြေပေါ်မှာဆိုရင်လည်း ပြင်းထန်တဲ့လေကြောင့် များစွာသော ပျက်စီးမှုတွေဖြစ် ပေါ်နိုင်သလို အိမ်တွေ ပိပြား၊ အပင်တွေ လဲကျ၊ ကားတွေတောင် တုံးလုံးပက်လက်ဖြစ်စေနိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုက အပူပိုင်းမုန်တိုင်းတွေကို ဘယ်လိုသက်ရောက်လဲ
ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်ကြောင့် အပူပိုင်းမုန်တိုင်း တစ်လုံးချင်းစီတိုင်းအပေါ် သက်ရောက်မှု အတိုင်းအဆ တိတိကျကျကို ရှင်းလင်းတိကျစွာအကဲဖြတ်ဖို့ရာ စိန်ခေါ်ချက်ရှိပါတယ်။ အကြောင်းကတော့ မုန်တိုင်းဖြစ်ပေါ်စေတဲ့စနစ်တွေ အကြောင်းရင်းခံတွေက ရှုပ်ထွေးတာကြောင့် ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုက ကမ္ဘာနဲ့အဝန်း ဟာရီကိန်း၊ တိုင်ဖွန်းနဲ့ ဆိုင်ကလုန်း အရေအတွက်တွေ တိုးလာစေတယ်လို့ တွေးဆလို့ မရနိုင်ပါဘူး။
ဒါပေမယ့်လည်း အပူချိန်မြင့်တက်လာခြင်းက အဲဒီမုန်တိုင်းတွေအပေါ် အကျိုးသက်ရောက်တယ်ဆိုတာကိုတော့ တိုင်းတာချက်တွေနဲ့ တနည်းတဖုံ ပြနိုင်ပါတယ်။
ပူနွေးတဲ့သမုဒ္ဒရာရေဟာ မုန်တိုင်းတွေ ပိုပြီးအားကောင်းအောင် လုပ်နိုင်သလို လေတိုက်နှုန်းတွေပိုပြီးမြင့်အောင် ဦးတည်စေပါတယ်။
ပူနွေးတဲ့လေထုဟာ စိုထိုင်းဆကို ပိုထိန်းထားနိုင်ပြီးတော့ ပြင်းထန်တဲ့မိုးရွာသွန်းမှုကို ဦးတည်စေပါတယ်။
ရေခဲမြစ်တွေနဲ့ ရေခဲလွှာတွေ အရည်ပျော်လာတာကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရေနွေးတွေဟာ ပိုပြီးတော့ နေရာယူလာပါတယ်။ နိုင်ငံ၊ နယ်ပယ်ဒေသက အချက်အလက်အကြောင်းအရာတွေဟာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေနိုင်ပါတယ်။ မြင့်တက်နေပြီးဖြစ်တဲ့ပင်လယ်ရေမျက်နှာပြင်အပေါ်မှာ မုန်တိုင်းတွေထိုးထွက်ဖြစ်ပေါ်လာကာ အဲဒီကနေ ကမ်းရိုးတမ်းတွေမှာ ရေမြုပ်တာ ပိုမိုဆိုးဝါးလာပါတယ်။
ခြုံငုံသုံးသပ်ကြည့်ရင်တော့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ ပတ်သက်တဲ့မိုးရွာသွန်းမှု တိုးလာခြင်းဟာ လူသားတွေရဲ့လုပ်ရပ်တွေကြောင့် ဆက်နွှယ်မှုအမြင့်ဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ လုပ်ဆောင်တဲ့အဖွဲ့၊ ရာသီ ဥတုပြောင်းလဲခြင်းအပေါ် အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့(IPCC) က ယူဆထားပါတယ်။
နောက်ပြီး အပူပိုင်းမုန်တိုင်းတစ်ခု ပိုပြီးတော့ ပြင်းထန်လာရတာဟာ လူသားတွေကြောင့်ဆိုတဲ့အချက်ကိုတော့ ထိုက်သင့်သလောက်ယုံကြည်မှုရှိတယ်လို့ ပြောထားပါတယ်။