ဘူရ်ခါဝတ်ရင်း တာလီဘန်ကိုဆန့်ကျင်သီချင်းဆိုတဲ့ ညီအစ်မ

ဓာတ်ပုံ ရင်းမြစ်, ကာဝန်ခါမွတ်ချ်
- ရေးသားသူ, ကာဝန်ခါမွတ်ချ်
- ရာထူးတာဝန်, ဘီဘီစီအမျိုးသမီး ၁၀၀
၂၀၂၁ ခုနှစ် သြဂုတ်လက အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရလာချိန်မှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။ တာလီဘန်တွေရဲ့ တဖြည်းဖြည်းတင်းကျပ် ချုပ်ကိုင်မှုတွေကို ခံစားရမယ့် သန်းနဲ့ချီတဲ့အာဖဂန်အမျိုးသမီးတွေထဲမှာ ကာဘူးလ်မြို့က ညီအစ်မနှစ်ဦးလည်းပါဝင်နေပါတယ်။
ရပ်ကြည့်စောင့်ကြည့်နေလို့ အကျိုးမရှိဘူးဆိုတာကိုသိလို့ သူတို့ရဲ့ အသံကိုသုံးပြီး အဲဒီချုပ်ချယ်မှုတွေကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
သူတို့ကိုယ်သူတို့ အန္တရာယ်တောထဲဆွဲခေါ်လိုက်တယ်ဆိုတာကိုလည်းသိပေမဲ့ Last Torch - နောက်ဆုံးမီးရှူးတိုင် ဆိုတဲ့အဖွဲ့နာမည်နဲ့ ဆိုရှယ်မီဒီယာပေါ် မှာ သီချင်းဆိုလှုပ်ရှားမှုကို စလုပ်ခဲ့ကြပါတယ်။
''အသက်နဲ့လောင်းကြေးထပ်ထားရတာ ကျွန်မတို့သိပေမဲ့ သီချင်းတွေ ဆက်ဆိုနေမယ်'' လို့ သီချင်းမဆိုခင် ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ သူတို့ထဲ တစ်ယောက်ကပြောပါတယ်။
တာလီဘန်တွေ နိုင်ငံကို ထိန်းချုပ်လိုက်ပြီးလို့ ရက်ပိုင်းပဲ အကြာ၂၀၂၁ သြဂုတ်လမှာ သူတို့ သီချင်းကို ထုတ်ခဲ့ပါတယ်။ ဒီ သီချင်းက ဖေ့စ်ဘုတ် နဲ့ WhatsApp တို့မှာ လျင်လျင်မြန်မြန်ပဲပျံ့နှံ့သွားပါတယ်။
သူတို့ဟာ အရင်က ဂီတနဲ့ ပတ်သက်လို့ အတွေ့အကြုံရှိခဲ့ကြသူတွေ မဟုတ်ပါဘူး။ သူတို့ဘယ်သူဆိုတာ မသိနိုင်ဖို့ ဘူရ်ခါခေါင်းခြုံဝတ်ရုံ ဝတ်ထားပြီး သီဆိုခဲ့ကြတဲ့ ညီအစ်မဟာ ဂီတလောကရဲ့ ပြောစမှတ်ပြုစရာ ဖြစ်လာခဲ့ပါတယ်။
"တာလီဘန်ရဲ့ အလံအောက်မှာ တာလီဘန်တွေကို ဆန့်ကျင်တဲ့တိုက်ပွဲကိုစခဲ့တာပါ" ညီအစ်မနှစ်ယောက်ထဲက အငယ်ဖြစ်တဲ့ ရှာကာရက် ( အမည်လွှဲ) ကပြောပါတယ်။
"တာလီဘန်တွေ အာဏာမသိမ်းခင်က ကျွန်မတို့ ကဗျာတစ်ပုဒ်တောင် မရေးဖူးဘူး။ ဒီလိုဖြစ်လာအောင် တာလီဘန်တွေကပဲလုပ်ခဲ့တာ။"

ဓာတ်ပုံ ရင်းမြစ်, Last Torch
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တာလီဘန်တွေဟာ သူတို့ အာဏာပြန်ရပြီး ရက်ပေါင်း ၂၀ အကြာမှာပဲ အာဖဂန်နစ္စတန်ကို သူတို့ ဖော်သွားချင်တဲ့ ပုံကို စတင် အသက်သွင်းခဲ့ပါတယ်။
ရှာရီယာ (အစ္စလာမ်ဘာသာရေးဥပဒေ) ကို နေ့စဥ်ဘဝမှာ အသုံးချစေပြီး အာဖဂန်အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်ကို ကန့်သတ်ဖို့က တာလီဘန်တွေရဲ့ ဦးစားပေးအစီအစဥ်ထဲမှာပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အာဖဂန်အမျိုးသမီးတွေက ကာဘူးလ်နဲ့ အခြားမြို့ကြီးတွေက လမ်းမတွေပေါ်ထွက်ပြီး ဆန့်ကျင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပြင်းထန်တဲ့ ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
“အမျိုးသမီးတွေက ကျွန်မတို့မြင်ခဲ့ရတဲ့ နောက်ဆုံးမျှော်လင့်ချက်အလင်းရောင်ဖြစ်ခဲ့တယ် '' လို့ ရှာကာရက်ကပြောပါတယ်။
“အဲဒါကြောင့် သူတို့နဲ့ အတူ တိုက်ပွဲဆက်ဝင်ပြီး ကိုယ့်ကိုယ်ကိုယ် နောက်ဆုံးမီးရှူးတိုင်လို့ ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်မှမသွားနိုင်တဲ့အတွက် အိမ်ထဲကနေ လျှို့ဝှက်ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်တယ်''
ဘူရ်ခါဝတ်ရုံပြာအောက်ကနေ သီဆိုခဲ့တဲ့ ပထမတေးသီချင်းထွက်ခဲ့ပြီးနောက်မှာ နောက်ထပ်သီချင်းတွေ ထွက်ခဲ့ပါတယ်။
တစ်ပုဒ်ကတော့ ၁၉၉၆ ခုနှစ်က တာလီဘန်တို့ ပထမဆုံးသိမ်းပိုက်ချိန်မှာကျော်ကြားခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ နာဒီရာအန်ဂျွန်မာရဲ့ ဆန့်ကျင်ရေးကဗျာကို မှီငြမ်းထားပါတယ်။
အဆိပ်တွေနဲ့ပြည့်နေတဲ့ ငါ့နှုတ်ဖျားကနေ ပျားရည်ရဲ့ ချိုမြမှုအကြောင်းဘယ်လိုပြောနိုင်မလဲ။
ပြင်းထန်ရက်စက်တဲ့လက်သီးချက်ကြောင့် ငါ့ပါးစပ်တွေကွဲထွက်နေပြီ။
အို လှောင်အိမ်ကိုဖောက်နိုင်တဲ့နေ့
ဒီအထီးကျန်မှုကနေ လွတ်မြောက်ပြီး ပျော်ရွှင်စွာ သီဆိုလိုက်ပါ။

ဓာတ်ပုံ ရင်းမြစ်, Haroon Sabawoon/Anadolu/Getty Images
အဲဒီအချိန်ကလည်း တာလီဘန်တွေက အမျိုးသမီးတွေရဲ့ ပညာရေးကို ပိတ်ပင်ထားခဲ့ပါတယ်။ နာဒီရာနဲ့ သူ့သူငယ်ချင်းတွေက ရွှေရောင်အပ်အမည်နဲ့ စက်ချုပ်ဆိုင်ဟန်ဆောင်ပြီး တရားမဝင်ဖွင့်ထားရတဲ့ကျောင်းမှာ ပုံမှန်တွေ့ကြပြီး စက်ချုပ်ဟန်ဆောင်လို့ စာအုပ်တွေဖတ်ကြပါတယ်။
သူတို့ကလည်း အာဖဂန်နစ္စတန်မှာ ချာဒါရီလို့ခေါ်တဲ့ အပြာရောင် ဘူရ်ခါဝတ်ရုံကို ၀တ်ဆင်ထားပါတယ်။
သီချင်းဆိုတဲ့ ညီအစ်မနှစ်ယောက်မှာ အကြီးဖြစ်သူ မာရှယ်လ် (အမည်လွှဲ) က ဘူရ်ခါကို "မိုဘိုင်းလှောင်အိမ်"လို့ ခိုင်းနှိုင်းပုံဖော်ပါတယ်။
“ဘူရ်ခါဟာ ထောင်ပေါင်းများစွာသော အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ အိပ်မက်တွေကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူတစ်ခုလိုပါပဲ” လို့သူကဆက်ပြောပါတယ်။
''ဒီ ဘူရ်ခါက တာလီဘန်တွေ လွန်ခဲ့တဲ့ ၂၅ နှစ်က အမျိုးသမီးတွေ အပေါ်ကို ပစ်ချခဲ့တဲ့ ကျောက်တုံးတစ်တုံးပဲ'' လို့ ရှာကာရက်ကပြောပြီး ''အခု သူတို့ အာဏာပြန်ရတော့ အဲဒီလို ထပ်လုပ်ပြန်တာပေါ့'' လို့ ဆက်ပြောပါတယ်။
"ကျွန်မတို့ကလည်း သူတို့ရဲ့ ကန့်သတ်ချက်တွေကို ပြန်တွန်းလှန်ဖို့ သူတို့အသုံးပြုတဲ့ လက်နက်ကို ပြန်သုံးလိုက်တာပါ။"

ဘူရ်ခါဝတ်ရုံပြာအောက်က ညီအစ်မက အခုအထိ သီချင်း ၇ ပုဒ်ပဲ ထွက်ရှိထားပေမဲ့ သီချင်းတစ်ပုဒ်စီတိုင်းက နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေအပေါ် အခိုင်အမာ ပဲ့တင်ထပ်ခဲ့ပါတယ်။
စစချင်းမှာတော့ တခြားစာရေးဆရာတွေရဲ့ စာသားတွေကို သူတို့အသုံးပြုခဲ့ကြပေမဲ့ "ကျွန်မတို့ရဲ့ခံစားချက်တွေကို ဘယ်ကဗျာကမှ ရှင်းပြလို့ မရတဲ့ အနေအထားကို ရောက်သွားတယ်" လို့ ရှာကာရက်က ဆိုပြီး ဒါကြောင့်ပဲ သူတို့ကိုယ်တိုင်ဖန်တီးတာတွေကို ဆက်လုပ်ခဲ့တယ်လို့ပြောပါတယ်။
သူတို့ရေးသားတတ်တဲ့ အကြောင်းအရာတွေမှာ အာဖဂန်အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝက မွမ်းကြပ်မှု၊ ကန့်သတ်ချုပ်ချယ်ခံရမှုတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချတာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေပါတယ်။
သူတို့ ပရိသတ်တွေကလည်း သူတို့ ကိုယ်တိုင် ရေးသားသီဆိုထားတဲ့ သီချင်းတွေကို ဆိုရှယ်မီဒီယာမှာတင်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။ သူတို့တွေလည်း ဘူရ်ခါဝတ်ရုံတွေဝတ်ပြီး မျက်နှာကို ဖုံးကွယ်ထားကြပါတယ်။ အာဖဂန်နိုင်ငံ ပြင်ပက ကျောင်းတစ်ခုမှာဆိုရင် ကျောင်းသားအဖွဲ့တစ်ဖွဲ့က ကျောင်းခန်းမ စင်မြင့်ပေါ်မှာ ဘူရ်ခါပြာညီအစ်မရဲ့ သီချင်းတစ်ပုဒ်ကို သူတို့ပုံစံ သီဆိုပြီး ဗီဒီယိုမှတ်တမ်းတင်ကြတာလည်း ရှိပါတယ်။
ဒါဟာ တာလီဘန်တွေဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ပါပဲ။
တာလီဘန်တွေ အာဏာရပြီးနောက် ပထမဆုံးဆောင်ရွက်ချက်တစ်ခုက အမျိုးသမီးရေးရာဝန်ကြီးဌာနကို စာရိတ္တပြန့်ပွားရေးနဲ့ ဒုစရိုက်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အစားထိုးခဲ့ပါတယ်။
အဲဒီဝန်ကြီးဌာနအသစ်က အမျိုးသမီးတွေ ဘူရ်ခါဝတ်ရုံဝတ်ကြဖို့ တင်းကျပ်ခိုင်းရုံမက သီချင်းဂီတကိုလည်း အစ္စလာမ်ရဲ့ ပင်မကျောရိုးတွေကို ဖျက်ဆီးတယ်လို့ ဆိုပြီး ရှုတ်ချပါတယ်။
"သီချင်းဆိုတာနဲ့ သီချင်းနားထောင်တာက အလွန်အန္တရာယ်များပါတယ်" လို့ အဲဒီဝန်ကြီးဌာနသစ်ရဲ့ ဝါဒဖြန့်ချိရေးရုပ်သံတစ်ခုမှာ ဌာနတာဝန်ရှိသူကပြောထားပါတယ်။
"ဘုရားဆီမှာ ဆုတောင်းချက်တွေကနေ လူတွေကို အာရုံလွဲစေတယ်''၊ ''လူတိုင်းကဂီတနဲ့ အဝေးမှာ နေသင့်တယ်'' လို့ သူက ပြောပါတယ်။
သိပ်မကြာခင်မှာပဲ တာလီဘန်တပ်သားတွေက ဂီတတူရိယာတွေကို မီးရှို့ပြီး ဖမ်းဆီးထားတဲ့ ဂီတသမားတွေကို လှည့်လည်ပြသတဲ့ ရုပ်သံတွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bakhter News Agency
ရှာကာရက် နဲ့ မာရှယ်တို့ ဟာ အာဖဂန်နစ္စတန်က သူတို့အိမ်ကနေ သီချင်းတွေကို ဆက်ထုတ်နေသရွေ့ သူတို့လည်း ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်တွေ့နိုင်ပါတယ်။
ရှာကာရက်ကတော့ တာလီဘန်တွေက သူတို့ကို သိနိုင်မယ်လို့ တွေးပြီး အိပ်မရတဲ့ညတွေ အများကြီးရှိခဲ့တယ်လို့ ပြောပါတယ်။
"တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ဆိုရှယ်မီဒီယာမှာတွေ့ရတယ်၊ မင်းတို့ကို တွေ့တာနဲ့ လည်ချောင်းထဲက လျှာကို ဘယ်လိုဖယ်ထုတ်ပစ်လိုက်ရမလဲဆိုတာ ငါတို့သိတယ်" လို့ပြောနေကြတာလို့ မာရှယ်လ်ကပြောပါတယ်။
"ကျွန်မတို့မိဘတွေက ဒီမှတ်ချက်တွေကိုဖတ်ပြီးတိုင်း ကြောက်နေကြတယ်။ သူတို့က တော်သင့်ပြီ၊ ကျွန်မတို့ရပ်သင့်ပြီလို့ ပြောကြတယ်။ ဒါပေမယ့် ကျွန်မတို့ မရပ်နိုင်ဘူး၊ ကျွန်မတို့ ပုံမှန်ဘဝနဲ့ ဆက်သွားလို့မရဘူး" လို့ သူတို့ကို ပြောထားတယ်။
သူတို့ရဲ့ လုံခြုံရေးအတွက် ဒီညီအစ်မတွေက မနှစ်ကတုန်းကပဲ နိုင်ငံကနေ ထွက်သွားပေမယ့် မကြာခင် ပြန်လာဖို့ မျှော်လင့်နေပါတယ်။

အာဖဂန်နစ္စတန်က ရက်ပ်ပါ အဆိုတော် ဆိုနီတာ အလီဇာဒါက အခု ကနေဒါနိုင်ငံမှာ နေထိုင် နေပါတယ်။ သူက နိုင်ငံရပ်ခြားကနေ Last Torch တို့ရဲ့ တေးသီချင်းတွေကိုနှစ်သက်သဘောကျသူဖြစ်ပါတယ်။
“ဘူရ်ခါအောက်က ဒီအမျိုးသမီး နှစ်ယောက် သီချင်းဆိုနေတာကို တွေ့တော့ ငိုချမိတယ်” လို့သူကပြောပါတယ်။
ဆိုနီတာကို တာလီဘန်တွေ ပထမအကြိမ် အာဏာရခဲ့တဲ့ ၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ ငယ်ငယ်လေးကတည်းက မိသားစုက အီရန်ကို ထွက်ပြေးခဲ့ပါတယ်။ အဲဒီမှာ သူ့အမေက သူ့ကို ရောင်းစားပြီးအတင်းအကျပ်အိမ်ထောင်ချပေးဖို့ ကြိုးစားခဲ့ပေမယ့် ဂီတနဲ့ သူရုန်းထွက်ခဲ့ပါတယ်။
နောက်ဆုံးမီးရှူးတိုင်က ညီအစ်မနှစ်ယောက်လို တာလီဘန်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အမျိုးသမီးတွေက မျှော်လင့်ချက် သင်္ကေတအဖြစ် သူရှုမြင်ပါတယ်။
ညီအစ်မတွေရဲ့သီချင်းထဲက တစ်ပုဒ်က ဆန္ဒပြအမျိုးသမီးတွေကိုရည်ညွှန်းပါတယ်။
မင်းရဲ့တိုက်ခိုက်မှုက လှပတယ်။
မိန်းမဆန်တဲ့ ကြွေးကြော်သံကိုကြားရတယ်။
မင်းက ငါ့ပြတင်းပေါက်က ကျိုးပဲ့သွားတဲ့ ပန်းချီကားတစ်ချပ်ပါ။
“ဆယ်စုနှစ်တွေ အများကြီး ရခဲ့တဲ့ တိုးတက်မှုကို ဆုံးရှုံးသွားရတဲ့ အာဖဂန်နစ္စတန်အတွက် အခုအခြေအနေက အရမ်းစိတ်ပျက်စရာကောင်းပါတယ်” လို့ဆိုနီတာက ပြောပါတယ်။ "ဒါပေမယ့် ဒီအမှောင်ထဲပဲ အလင်းရောင်က တောက်ပနေဆဲပါ။ လူတစ်ဦးချင်းစီက သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရုန်းကန်နေကြတာ ကျွန်မမြင်ရတယ်။"

ရာစုနှစ်တစ်ဝက်ကျော်ကြာ အနုပညာအလုပ်နဲ့ အသက်မွေးခဲ့ပြီး အနားယူသွားတာမကြာသေးတဲ့ အာဖဂန်နစ္စတန်က အကျော်ကြားဆုံး အမျိုးသမီးအဆိုတော် ဖာရီဒါမက်ဝက်ရှ်ကို ဒီညီအစ်မတွေရဲ့ လတ်တလောရေပန်းစားနေတဲ့ သီချင်းတွေထဲက တစ်ပုဒ်ကို ဘီဘီစီကပြခဲ့ပါတယ်။
"ဒီ အဆိုတော်နှစ်ယောက်ကနေ လေးယောက်၊ ပြီးရင် ၁၀ ယောက်၊ အဲဒီကနေ ၁,၀၀၀ အထိဖြစ်လာမှာပါ'' လို့သူက မှတ်ချက်ပြုပါတယ်။
''တစ်နေ့ သူတို့စင်ပေါ်ရောက်တဲ့အချိန် ငါက လမ်းလျှောက်တုတ်သုံးနေရရင်တောင် သူတို့နဲ့အတူ ရအောင်လျှောက်မယ်။''
ကာဘူးလ်မြို့မှာ တက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင်းမှုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ပိုမိုပြင်းထန်လာခဲ့ပြီး အာဏာပိုင်တွေက အမျိုးသမီးတွေ စုဝေးပွဲတွေကျင်းပတာမလုပ်ဖို့ တားမြစ်ထားပြီး မလိုက်နာရင် ဖမ်းဆီးတာကလည်း ပိုပြီးဆိုးရွားလာပါတယ်။
ညီအစ်မတွေရဲ့ နောက်ဆုံးသီချင်းတွေထဲကတစ်ခုက တာလီဘန်တို့ရဲ့ အကျဉ်းချခံထားရတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေအကြောင်းပါ။ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကလည်း အမျိုးသမီးတွေဟာ “ဖိစီးနှိပ်စက်ခံရတဲ့ အခြေအနေတွေနဲ့” ချုပ်နှောင်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
လှိုင်းလုံးတွေလို အမျိုးသမီးတွေရဲ့ အသံတွေက
ထောင်တံခါးတွေက သော့ခလောက်တွေနဲ့ သံကြိုးတွေကို ချိုးဖျက်မယ်။
ငါတို့သွေးတွေနဲ့ ပြည့်နေတဲ့ ဒီဖောင်တိန်က
နင်တို့ရဲ့ ဓားနဲ့ မြှားတွေကို ချိုးဖဲ့လိုက်ကြ။
“ဒီကဗျာတွေက ကျွန်မတို့ နှလုံးသားထဲက ဝမ်းနည်းကြေကွဲမှုတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပါ” လို့ ရှာကာရက်ကပြောပါတယ်။
"အာဖဂန်နစ္စတန်ပြည်သူတွေရဲ့ နာကျင်မှုနဲ့ ရုန်းကန်ရမှုတွေ၊ တာလီဘန်တွေရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုတွေက ဘယ်ကဗျာနဲ့မှ ဖော်ပြဖို့မစွမ်းပါဘူး။"
ကုလသမဂ္ဂကတော့ တာလီဘန်ရဲ့ ကျား၊ မ ခွဲခြားတဲ့ ဒီလိုလုပ်ရပ်တွေနဲ့ မူဝါဒတွေအတွက် ဝာာဝန်ယူရမယ်လို့ပြောခဲ့ပါတယ်။ တာလီဘန်တွေကဘက်ကတော့ သူတို့ ရှာရီယာဥပဒေကိုအကောင်အထည်ဖော်နေပြီး နိုင်ငံတွင်းကအရေးကို ပြင်ပစွက်ဖက်တာကိုလက်မခံဘူးလို့ တုံ့ပြန်ထားပါတယ်။
ရှာကာရက်နဲ့ မာရှယ်လ်က သူတို့ရဲ့ နောက်ထပ်သီချင်းတွေကို ဆက်လုပ်နေပါတယ်။ သူတို့က အာဖဂန်နစ္စတန်က အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ပညာသင်ကြားခွင့်အပါအဝင် အလုပ်လုပ်ခွင့်တို့ အတွက် တိုက်ပွဲဝင်နေမှုကို ကိုယ်စားပြုနိုင်ဖို့မျှော်လင့်ထားကြပါတယ်။
"ကျွန်မတို့ အသံကို တိတ်သွားအောင် လုပ်လို့မရဘူး။ ကျွန်မတို့ မပင်ပန်းပါဘူး။ ဒါကတိုက်ပွဲရဲ့အစပဲ။"
မှတ်ချက် - ဒီညီအစ်မတွေရဲ့ လုံခြုံရေးအတွက် သူတို့ရဲ့ နာမည်တွေကို ပြောင်းထားပါတယ်။








