အလောင်းဘုရား ရွှေပေလွှာ၊ ဟိုင်းကြီးကျွန်းနဲ့ အင်္ဂလိပ် အမြောက် ဆက်ဆံရေး

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

လန်ဒန်က ဗြိတိသျှပြတိုက်မှာ ဘားမားမှမြန်မာသို့ အမည်နဲ့ မြန်မာပြည်ဆိုင်ရာ ပြပွဲတရပ် နို၀င်ဘာမှာ ကျင်းပဖို့ ရှိပါတယ်။ ဒီပြပွဲမှာ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ပြတိုက်မှာ ထားရှိတဲ့ အလောင်းဘုရားရဲ့ ရွှေပေလွှာကို ငှားရမ်းပြသမှာ ဖြစ်ကြောင်း ဗြိတိသျှသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒီရွှေပေလွှာဟာ တခြားဘုရင်တွေဆီ မြန်မာဘုရင်ဆီက ပို့တဲ့ ရွှေပေလွှာတွေထဲ နောက်ဆုံးကျန်ရစ်တဲ့ ရွှေပေလွှာဖြစ်ပြီး ထိုင်၀မ်မှာတေ့ာ တရုတ်ဘုရင့်မယ်တော်ဆီ ပို့တဲ့ ငွေပေလွှာတစောင်သာ ကျန်ရစ်ပါတယ်။

တကယ်က ဟန်နိုဗာက ရွှေပေလွှာဟာ အလောင်းဘုရားဆီကနေ ဗြိတိန်ဘုရင် ဒုတိယဂျော့ကို ၁၇၅၆ က ပေးပို့တဲ့ သ၀ဏ်လွှာဖြစ်ပြီး ၂၀၁၅ ကတည်းက ယူနက်စကိုရဲ့ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း၀င် ရွှေပေလွှာ ဖြစ်ပါတယ်။ အခု ဂျာမနီနိုင်ငံမှာ ပါနေတဲ့ ဟန်နိုဗာနယ်က နယ်စားမျိုးက ဗြိတိသျှထီးနန်းကို ၁၇၁၄ မှာ ဆက်ခံအုပ်ချုပ်တဲ့အတွက် ဗြိတိန်ဘုရင်ဆီပို့တဲ့ မြန်မာရွှေပေလွှာက ဂျာမနီကို ရောက်နေတာ ဖြစ်ပါတယ်။

ကုမ္ပဏီအစိုးရနဲ့ မြန်မာ

မြန်မာဘုရင်နဲ့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီတို့ ဆက်ဆံရေးဟာ ၁၆၁၅ ခုနှစ် ညောင်ရမ်းခေတ် အနောက်ဘက်လွန်မင်းလက်ထက်မှာကတည်းက ရှိခဲ့ကြောင်း ဒေါက်တာထင်အောင်ရဲ့ ရိုက်ချိုးခံရသော ဥဒေါင်း၊ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး ၁၇၅၂- ၁၉၄၈ စာအုပ်မှာ ပါရှိပါတယ်။ အဲဒီအချိန်ထိ မြန်မာပြည်ကို အင်္ဂလိပ်သင်္ဘောတွေ မရောက်သေးပေမယ့် ၁၇၅၂ ညောင်ရမ်းဆက် ပျက်သုဥ်းချိန်မှာတော့ မွန်-မြန်မာ အုပ်စုကြီးနှစ်စု အာဏာလုပွဲတွေကြားမှာ အင်္ဂလိပ်နဲ့ ပြင်သစ် ခြေ၀င်ရှုပ်ရင်း ပုသိမ်နားက ဟိုင်းကြီးကျွန်းမှာ အင်္ဂလိပ်စခန်း ဆောက်ခွင့် မွန်ဆီက ရခဲ့ပါတယ်။

အစပိုင်းမှာ အင်း၀ထိ တက်သိမ်းထားတဲ့ မွန်တွေ အရေးသာမယ်ထင်ပြီး အနောက်တိုင်းသားတွေ ကူညီခဲ့ကြပေမယ့် နောက်ပိုင်း အလောင်းဘုရားတပ်တွေ အရေးသာလာချိန်မှာတော့ အင်္ဂလိပ်ဆီက အမြောက်နဲ့ ခဲယမ်းမီးကျောက်အကူအညီရဖို့ အလောင်းဘုရားက ကြိုးစားပါတယ်။ ဒါကြောင့် ရန်ကုန်ကို သိမ်းပြီးချိန် ဆိပ်ကမ်းမှာတွေ့တဲ့ အင်္ဂလိပ်သင်္ဘောတွေကို မသိမ်းဘဲ ထားခဲ့ပြီး ၁၇၅၆ မှာ ရန်ကုန်ကို ရောက်လာတဲ့ ကပ္ပတိန် ဂျွန်ဒိုင်ယာကတဆင့် ဒုတိယဂျော့ဘုရင်ဆီကို အလောင်းဘုရား သ၀ဏ်လွှာပို့ပါတယ်။ ဒီစာကို လက်၀ဲသုန္ဒရ စီကုံးရေးစပ်ပြီး ပတ္တမြား ၂၄ လုံးစီ ရွှေပြားမှာ ခတ်ပြီး ဆင်စွယ်ကြုတ်နဲ့ ထည့်ကာ ပေးပို့တာ ဖြစ်ပါတယ်။

ဒီစာဟာ ဟန်နိုဗာမှာ ရာစုနှစ်နဲ့ချီ ပျောက်ကွယ်နေပြီး ၂၀၀၅ ခုနှစ်မှ မူရင်းကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီစာလွှာပါ စာသား ဘာသာပြန်ကိုတော့ မော်ကွန်းတိုက်တွေမှာ အရင်ကတည်းက တွေ့နိုင်ပြီး စာထဲက ဆင်ဖြူ၊ဆင်နီ၊ဆင်ကျား စက်ကြာ ရွှေလှံရ အာဒိစ္စ၀ံသ နေမင်း၏ အဆက်အနွှယ် စတဲ့ အလောင်းဘုရားရဲ့ ကိုယ်ရည်သွေးစာသားတွေက ပြည်ပပညာရှင်တွေကြား ရယ်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ စာကို ဟန်နိုဗာပို့စဥ်က အိန္ဒိယ ကိုရိုမန်ဒယ်ကမ်းခြေက မင်းသားတပါးပေးပို့တဲ့စာဆိုပြီး မှားယွင်းပြီး စာကြည့်တိုက်မှာ မှတ်တမ်းသွင်းခဲ့သလို စာလွှာကို ၁၇၆၈ က ထုတ်ကြည့်ခဲ့တဲ့ ဒိန်းမတ်ဘုရင် သတ္တမ ခရစ္စတီယန်ကြောင့် စာလွှာပျက်စီးမှုဖြစ်ခဲ့ပါတယ်။

ဟိုင်းကြီးကျွန်းပြဿနာ

စာကို ပို့ချိန်က ဥရောပနဲ့ အမေရိကမှာ ခုနစ်နှစ်စစ်ပွဲနဲ့ ရင်ဆိုင်နေရတဲ့ ဂျော့ဘုရင်က အရေးလုပ်ပြီး စာမပြန်မိလို့ အလောင်းဘုရားဘက်က အကြီးအကျယ် စိတ်ကွက်ခဲ့တယ်လို့ ဒေါက်တာထင်အောင်၊ ယက်လိုင်ဒါ စတဲ့ သမိုင်းဆရာတွေက ရေးပါတယ်။ ဒီစာကို ရေးချိန်မှာ အလောင်းဘုရားဟာ မွန်နဲ့ ထိုင်းနယ်မြေတွေကို အပြီးသိမ်းသွင်းဖို့ ကြံနေသလို နိုင်ငံအထက်ပိုင်းမှာလည်း အအုပ်အစီးမိရုံရှိပါသေးတယ်။ သူကိုယ်တိုင် မင်းမျိုးကမဟုတ်ဘဲ ကျေးလက်က တက်လာပြီး မင်းဖြစ်ရသူမို့ နိုင်ငံကို ပိုင်စိုးသူဖြစ်ကြောင်း မာန်တင်းပြီး စာဖွဲ့ခဲ့ပါတယ်။ ဒီစာမှာပဲ ဟိုင်းကြီးကျွန်းကို အင်္ဂလိပ်စခန်းအဖြစ် သိမ်းယူထားတာကို မကျေနပ်ပေမယ့် သိရှိကြောင်း ရေးသားထားပြီး ပုသိမ်မှာ အင်္ဂလိပ်တွေကို နေခွင့်ပြုတယ်လို့လည်း ရေးပါတယ်။ ၁၇၅၃ မှာ ကိုလ်ချက်စတာသင်္ဘောနဲ့ ဒေးဗစ်ဟန်းတားတို့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ်တစု ရောက်လာတာပါ။

ဒီမှာ ထူးခြားမှုတခုက ကုန်းဘောင်ဆက်ရာဇ၀င်တော်ကြီး စတဲ့ မြန်မာမှတ်တမ်းတွေမှာ ဟိုင်းကြီးကျွန်းက အင်္ဂလိပ်စခန်းစီးနင်းမှုကို ၁၇၅၅ က ဖြစ်ရပ်လို့ရေးပြီး အဲဒီနောက်နှစ်မှ အလောင်းဘုရားက စာလွှာပို့တယ်လို့ ဖော်ပြပါတယ်။ ဒီဂျီအီးဟောလ်ရဲ့ ဘားမားစာအုပ်နဲ့ တခြား အင်္ဂလိပ်မှတ်တမ်းတွေမှာတော့ နဂရစ်မော်တင် ဟိုင်းကြီးကို ကုမ္ပဏီကို တရား၀င်နေရာချပေးတဲ့စာချုပ်ကို ၁၇၅၇ မှာ ရရှိပြီး ၁၇၅၉ မှာ အလောင်းဘုရားတပ်က စီးနင်းတိုက်ခိုက်တယ်ဆိုပြီး ရေးပါတယ်။ မြန်မာရာဇ၀င်တွေမှာတော့ ဟံသာ၀တီမပျက်မီ တာမွေတပ်ကို အောင်စဥ်က ဖမ်းမိတဲ့ ဟံသာ၀တီသားတွေကို စစ်ဆေးရာမှာ ဟိုင်းကြီးကျွန်းက အင်္ဂလိပ်တွေ ဟံသာ၀တီကို လက်နက်ထောက်တယ်ဆိုတာ သိရလို့ မင်းရဲကောင်းပုံ ခေါင်းဆောင်တဲ့ လူသန်မာ တရာကို စေလွှတ်ပြီး တုတ်တင်ကျည်းတွေနဲ့ ရိုက်နှက် သိမ်းပိုက်စေကြောင်း ဒေါ်အုန်းကြည်ရဲ့ အလောင်းမင်းတရားစာအုပ်မှာ ပါရှိပါတယ်။ မွန်ပုန်ကန်မှုအပြီးမှာ ဖမ်းမိတဲ့ အာမေးနီးယားကုန်သည်တွေနဲ့ ပြင်သစ်စစ်အကျဥ်းသားတွေရဲ့ ထွက်ဆိုချက်ကြောင့် ဟိုင်းကြီးကျွန်းကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ကြောင်း ဒေါက်တာထင်အောင်က ရေးပါတယ်။

မြိုင်ယံခြားက ရွှေပေလွှာ

ဂျာမနီရောက် ရွှေပေလွှာကို မူလယူလာတဲ့ ဆင်စွယ်ကြုတ် ကျန်သေးပေမယ့် အပေါ်က ထပ်သွတ်ထားတဲ့ ရွှေဖျင်အိတ်၊ သစ်ပွတ်ချိတ်နီတိုက် ရွှေရေးကြုတ်နဲ့ ဂုံဇရပ်အိတ်နီဆိုတာတွေကတော့ ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။ စာလွှာပါ စာသားနဲ့ ကုန်းဘောင်ဆက် စတဲ့ မြန်မာရာဇ၀င်တွေပါ အလောင်းဘုရားရဲ့ ရာဇသံ စာသားချင်း အတော်နီးစပ်ပြီး ကွဲပြားမှု အနည်းငယ်သာ ရှိပါတယ်။ ဒီစာကို လပ်ဇင်ဘတ်က သမိုင်းပညာရှင် ယက်လိုင်ဒါ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ထုတ်တဲ့အတွက် ယူနက်စကိုမှတ်တမ်း၀င် အမွေအနှစ် ဖြစ်လာခဲ့ပါတယ်။

ရန်ကုန်ကို ၁၇၅၆ မှာ ရောက်လာတဲ့ အင်္ဂလိပ်စစ်ဗိုလ်က လက်ဆောင် သေနတ် လှံပါ ၃၀၀၊ အမြောက်ကြီး ၁၀၊ ကျည်ဆံသေတ္တာ ၅ လုံး၊ ယမ်းစည် ၇ လုံး ရောက်လာပြီး အလောင်းဘုရားက အင်္ဂလိပ်ဘုရင်အတွက် မြင်း ၄ စီး၊ မိုင်းလုံးရွှေဖျင်လိပ်ပေးပြီး သံအဖွဲ့ကိုလည်း မြင်းတစီးစီနဲ့ ဆင်စွယ် ၆ စီပေးသနားပါတယ်။

ရောက်လာတဲ့ အင်္ဂလိပ်တွေကို ငွေမက်တဲ့ကုန်သည်တွေ၊ အရှေ့တိုင်းသံဓလေ့ကို မရေလည်သူတွေဆိုပြီး မြန်မာဘက်က အထင်သေးသလို မြန်မာတွေကိုလည်း နိုင်ငံတကာကျင့်၀တ်ထုံးတမ်းကို မသိတဲ့ အရိုင်းအစိုင်းတွေအဖြစ် အင်္ဂလိပ်ဘက်က ရှုမြင်ကြောင်း ဒေါက်တာထင်အောင်က ရေးပါတယ်။ အရှေ့အနောက် အမြင်မတူမှုတွေကြောင့် ဆက်ဆံရေးပျက်ပြားပြီး ၁၇၆၁ မှာ ပုသိမ်က ကုမ္ပဏီစခန်းကို ပိတ်သိမ်းခဲ့ပါတယ်။ ဘိုးတော်ဘုရား ရခိုင်ကို သိမ်းပြီးနောက် အင်္ဂလိပ်-မြန်မာ နယ်နိမိတ် ထိစပ်လာမှုကြောင့် ဖြေရှင်းစရာတွေ ရှိလာတဲ့အတွက် ၁၇၉၅ မှာ မိုက်ကယ်ဆိုင်းရဲ့ သံအဖွဲ့ အမရပူရကို ရောက်လာချိန်ထိ သံအဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နောက်ဆက်ဖြစ်တဲ့ နယ်စပ်မပြေလည်မှုတွေကနေ ပထမ အင်္ဂလိပ်-မြန်မာစစ် ၁၈၂၄ မှာ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာပတ် ကိုလိုနီစနစ်ရဲ့ လှိုင်းကြောင့် ဥရောပနဲ့ အာရှ နှစ်နိုင်ငံကြား ဆက်ဆံရေးတည်ဆောက်ပျက်ပြားမှုတွေကို အနှစ် ၂၇၀ ကျော်က အလောင်းဘုရားရဲ့ ရွှေပေလွှာနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေက ပြနေပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး အနှစ် ၇၀ ကျော်လာချိန်မှာလည်း အနောက်နိုင်ငံတွေနဲ့ မြန်မာဆက်ဆံရေးဟာ ပြန်လည်အေးခဲတဲ့အဆင့်ကို ရောက်နေပြီး တဖက်နဲ့ တဖက် အမြင်မကြည်လင်မှုတွေကလည်း အရင် သုံးရာစုကလို ပြန်ဖွဲ့တည်နေတာကို တွေ့ရပါတယ်။

နောက်ပြီး အလောင်းဘုရားနဲ့ ကုန်းဘောင်မင်းတွေက အိန္ဒိယက အင်္ဂလိပ်ကုမ္ပဏီအစိုးရနဲ့ မဆက်ဆံဘဲ လန်ဒန်က ဘုရင်ထိ တိုက်ရိုက်ဆက်သွယ်ချင်သလိုပဲ လက်ရှိမှာလည်း မြန်မာနဲ့ ဗြိတိန်၊ အမေရိကန် စတဲ့ အနောက်နိုင်ငံကြီးတွေကြား သံတမန်ရေးစစ်ထိုးပွဲတွေ ဖြစ်နေတာကို တွေ့ရပါတယ်။