၂၀၂၄ နဲ့ မြန်မာသမိုင်းတစ္ဆေ- ပထမ အင်္ဂလိပ်စစ်၊ ကရင်တော်လှန်ရေး၊ ဗုဒ္ဓသံဂါယနာနဲ့ ဆိုရှယ်လစ်နိုင်ငံဟောင်း

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၂၁ ရာစုထဲ ရောက်နေတဲ့ မြန်မာနိုင်ငံမှာ အတိတ်က အရိပ်တွေနဲ့ ခုထိ ရစ်ပတ်နေဆဲဖြစ်ပြီး ကိုလိုနီပြုမှု၊ စစ်၊ လူမျိုးစုနိုင်ငံရေး၊ လက်ဝဲဝါဒ၊ စစ်တပ်၊ ဘာသာရေးနဲ့ တရုတ်လွှမ်းမိုးမှုအရိပ်တွေ ဖြစ်ပါတယ်။ ဒီထဲက ၂၀၂၄ အတွက် အမှတ်ရစရာ ရာပြည့် ဆယ်ပြည့် နှစ်ပတ်လည် ဖြစ်ရပ်တချို့ကို စုစည်းဖော်ပြထားပါတယ်။

၁၈၂၄ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၈၂၄ က သံလျင်ခံတပ်တိုက်ပွဲ

လွန်ခဲ့တဲ့ နှစ် ၂ဝဝ၊ ၁၈၂၄ ကနေ ၁၈၂၆ ထိ ဖြစ်တဲ့ ပထမအင်္ဂလိပ်မြန်မာစစ်ဟာ ၁၈၅၂ ကနေ ၁၈၅၃ ထိ ဖြစ်တဲ့ ဒုတိယစစ်၊ ၁၈၈၅ မှာဖြစ်တဲ့ တတိယစစ်တွေနဲ့ ဆက်စပ်နေပြီး မြန်မာနိုင်ငံကို ဗြိတိသျှအောက် ရောက်စေတဲ့ စစ်ပွဲတွေ ဖြစ်ပါတယ်။ တနည်းပြောရရင် ကုန်းဘောင်မင်းဆက်လက်အောက်ခံနယ်မြေတွေနဲ့ ဗြိတိသျှတိုးချဲ့သိမ်းသွင်းခဲ့တဲ့ တောင်ပေါ်နယ်မြေတွေကို စုစည်းပြီး ၁၉၄၈ မှာ မြန်မာနိုင်ငံသစ် ပေါ်လာစေခဲ့ပါတယ်။

ပထမအင်္ဂလိပ်စစ်မှာ မြန်မာဘုရင် ဘကြီးတော်ဘုရားပိုင်ဆိုင်တဲ့ အာသံ၊ မဏိပူရ၊ ရခိုင်နဲ့ တနင်္သာရီနယ်တွေကို မြန်မာဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရပြီး စစ်လျော်ကြေးငွေ တကုဋေကိုလည်း ပေးခဲ့ရပါတယ်။ ဒီစစ်ပွဲမှာ မြန်မာစစ်သူကြီး သတိုးမဟာဗန္ဓုလကျဆုံးကာ ရွှေတိဂုံဌာပနာတိုက် အဖောက်ခံခဲ့ရပါတယ်။

ဒီစစ်ဟာ ရှင်မဖြူကျွန်းအရေးကြောင့် ဖြစ်တယ်ဆိုပေမယ့် မြန်မာပိုင် မဏိပူရ၊ အာသံနယ်တွေနဲ့ ဗြိတိသျှလက်အောက်ခံနယ်တွေ ထိစပ်လာရာကနေ စခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီစစ်ကြောင့် ခေတ်သစ်နယ်ချဲ့စနစ်ကို မယှဉ်နိုင်တဲ့ မြန်မာခေတ်ဟောင်း ပဒေသရာဇ်စနစ်ရဲ့ အားနည်းမှု ပေါ်လွင်ခဲ့တဲ့အပြင် ရခိုင်နဲ့ တနင်္သာရီမှာ မြန်မာကြီးစိုးမှုကို ဆန့်ကျင်တဲ့ အင်္ဂလိပ်ပညာတတ်လူတန်းစားသစ် ပေါ်လာခဲ့ပါတယ်။

၁၉၄၉ ကရင်နဲ့ ပအိုဝ်းပုန်ကန်မှု

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနယ်စပ်က ကရင်လက်နက်ကိုင်တစု

၂၀၂၄ ဟာ နာမည်ကျော် အင်းစိန်တိုက်ပွဲရဲ့အစ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ပုန်ကန်မှု စတင်တာ ၇၅ နှစ်ပြည့်တဲ့နှစ် ဖြစ်သလို ပအိုဝ်းတော်လှန်ရေး ၇၅ နှစ်ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဗြိတိသျှအောက်မှာ စုစည်းမိတဲ့ ကရင်မျိုးနွယ်စုတွေဟာ မြန်မာပြည်အောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တောင်ငူ၊ ရွှေကျင်၊ သထုံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်ခရိုင်တွေအပြင် သံလွင်ခရိုင်ခေါ် အရှေ့ကရင်တောင်ပေါ်ထိ ပြန့်နှံ့နေထိုင်ကြသလို ကရင်နီနဲ့ တောင်သူခေါ် ပအိုဝ်းတွေနဲ့ သွေးသားတော်စပ်ကြပါတယ်။

ဗြိတိသျှအောက်မှာ ကရင်တပ်ရင်း၊ ကရင်ပညာတတ်၊ ကရင်စာသင်ကျောင်း၊ ကရင်စာပေ၊ ကရင်ခရစ်ယာန်အသင်းအဖွဲ့တွေနဲ့ ကရင်အမျိုးသားရေးစိတ် ဖွံ့ဖြိုးကြီးထွားလာခဲ့ပြီး ကရင်ဝန်ကြီး၊ ကရင်လွှတ်တော် ဒုဥက္ကဋ္ဌထိ ရှိလာခဲ့ကာ ကရင်အမျိုးသားနေ့ သတ်မှတ်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၁၉၄၂ ဂျပန်အဝင်မှာတော့ မြစ်ဝကျွန်းပေါ်နဲ့ အရှေ့ကရင်နယ်တွေမှာ ဖြစ်တဲ့ အဓိကရုဏ်းတွေကြောင့် မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ ကရင်ခရစ်ယာန်တွေကြား ကွာဟမှုကြီးထွားပြီး အပြန်အလှန်ယုံကြည်မှု ပျက်ပြားခဲ့ပါတယ်။ ၁၉၄၅ မှာ ဗမာ့တပ်မတော်ပြန်ဖွဲ့တဲ့အခါ ဗြိတိသျှအောက်က ကရင်တပ်ရင်း၊ ချင်းကချင်တပ်ရင်းတွေနဲ့ ဘီအိုင်အေ မြန်မာတပ်တွေ ပူးပေါင်းခဲ့ပေမယ့် ၁၉၄၉ ပြည်တွင်းစစ်ကာလမှာ ကရင်တပ်တွေဆီက လက်နက်ဖြုတ်ခဲ့ပါတယ်။ ကရင်စစ်ဦးစီးချုပ် စမစ်ဒွန်းနဲ့ ဒုတိယစစ်ဦးစီးချုပ် စောကြာဒိုး၊ လေတပ်ဦးစီးချုပ် စောရှီးရှိုးစတဲ့ ကရင်စစ်အရာရှိကြီးတွေ အနားပေးခံရပြီး စစ်တပ်မှာ မြန်မာကြီးစိုးရေး စတင်ခဲ့ပါတယ်။

၁၉၄၉ မှာပဲ စတဲ့ ရှမ်းပြည်တောင်ပိုင်းအခြေခံတဲ့ ပအိုဝ်းတော်လှန်ရေးကတော့ ရှမ်းစော်ဘွားအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ပဒေသရာဇ်တော်လှန်ရေးဖြစ်ပြီး အခုထိ ရှမ်းတောင်ပိုင်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ပေါ်ထွန်းစေခဲ့တဲ့ တော်လှန်ရေးအစဖြစ်ပါတယ်။

၁၉၅၄ ဆဋ္ဌသံဂါယနာ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သံဂါယနာ အထိမ်းအမှတ် ကမ္ဘာအေးစေတီ

အရင် နှစ် ၇ဝ၊ ၁၉၅၄ ကနေ ၁၉၅၆ ထိ ကြာမြင့်တဲ့ ဆဋ္ဌသံဂါယနာဟာ သာသနာ ၂၅ဝဝ နှစ်ပြည့်အမှတ်တရ တင်တဲ့ သံဂါယနာဖြစ်ပြီး မင်းတုန်းမင်းရဲ့ ပဉ္စမသံဂါယနာနောက်မှာ တင်တဲ့ပွဲ ဖြစ်ပါတယ်။ အရင်တခါက ကျောက်ထက်အက္ခရာတင် ရေးထွင်းခဲ့တဲ့ ပိဋကတ်တော်တွေကို ဆဋ္ဌသံဂါယနာပွဲမှာတော့ ထေရဝါဒ ၅ နိုင်ငံက သံဃာတော်တွေနဲ့ ညှိနှိုင်းတည်းဖြတ်ပြီး စက္ကူနဲ့ ရိုက်နှိပ် ထိန်းသိမ်းခဲ့ပါတယ်။ ဒီသံဂါယနာပွဲကို ရန်ကုန် ကမ္ဘာအေးကုန်းမြေက မဟာပါသဏလိုဏ်ဂူခေါ် လူလုပ်လိုဏ်ဂူကြီးထဲမှာ ကျင်းပတာဖြစ်ပြီး ဝန်ကြီးချုပ်ဦးနုရဲ့ ကမကထပြုမှုနဲ့ တင်တဲ့ပွဲ ဖြစ်ပါတယ်။

ဒီသံဂါယနာပွဲဟာ မြန်မာပြည်တွင်းစစ် အရှိန်ကျစမှာ လုပ်တဲ့ပွဲဖြစ်ပေမယ့် နိုင်ငံအနှံ့ ကွန်မြူနစ်နဲ့ လူမျိုးစုသူပုန်အများအပြား လှုပ်ရှားနေဆဲအချိန်မှာ လုပ်တဲ့ပွဲဖြစ်လို့ ဖဆပလအစိုးရရဲ့ တရားဝင်အာဏာပိုင်စိုးမှုကို ပြတဲ့ပွဲလို့ ယူဆကြပါတယ်။ လူများစု မြန်မာဗုဒ္ဓဘာသာဝင်တွေကြားမှာလည်း သာသနာတဝက် မင်းကောင်းတဆက်လို ဝါဒဖြန့်တဘောင်စကားတွေ ပြန့်နှံ့ခဲ့ပြီး ပါဠိတက္ကသိုလ်၊ တရားရိပ်သာ၊ နိုင်ငံတော်ဘာသာဖြစ်မြောက်ရေး စတဲ့ ဗုဒ္ဓဘာသာလှုပ်ရှားမှုတွေ တိုးပွားလာခဲ့ပါတယ်။

၁၉၆၂ နဲ့ ၁၉၈ဝ ကြား ဗုဒ္ဓဘာသာနဲ့ စစ်အစိုးရကြား ဆက်စပ်မှုတွေ လျှော့ချခဲ့ပေမယ့် ၁၉၈ဝ နောက်ပိုင်းမှာ သံဃမဟာနာယကအဆင့်ဆင့်နဲ့ သံဃာထုကို ထိန်းချုပ်မှု စခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရတွေ လက်ထက်မှာတော့ ဗုဒ္ဓဘာသာဦးစားပေး အစိုးရမူဝါဒတွေ ပေါ်ပေါ်တင်တင် ချမှတ်လာတဲ့အပြင် ၂၀၁၅ မှာ မျိုးစောင့်ဥပဒေပြဋ္ဌာန်းတာလို နိုင်ငံရေးလှုပ်ရှားမှုမျိုးထိ ဖြစ်ပွားခဲ့ပါတယ်။

၁၉၆၄ ပြည်သူပိုင်သိမ်း

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆ဝ ကျော်က ရန်ကုန်ဆိပ်ကမ်းနဲ့ စထရင်းဟိုတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၆၃ မှာ စစ်ဆိုရှယ်လစ်အုပ်စုက ပြည်သူပိုင်သိမ်းတာတွေ စခဲ့ပေမယ့် အရင် နှစ် ၆ဝ၊ ၁၉၆၄ မှာ လက်လီလက်ကားဆိုင်ပေါင်း သောင်းဂဏန်းထိ ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဘီအိုစီ ရေနံကုမ္ပဏီနဲ့ အင်္ဂလိုဘားမား သတ္တုတွင်းလို နိုင်ငံခြားသားပိုင်လုပ်ငန်းတွေကိုသာမက ဘဏ်၊ ပုဂ္ဂလိကကျောင်းနဲ့ ဆေးရုံ၊ ရုပ်ရှင်ရုံတွေကိုပါ ပြည်သူပိုင်သိမ်းတာ ဖြစ်ပါတယ်။ ပြည်သူပိုင်သိမ်းတာဟာ တခြား ဆိုရှယ်လစ်နိုင်ငံတွေမှာလည်း လုပ်တတ်ပေမယ့် မြန်မာပြည်မှာတော့ စစ်တပ်ရဲ့ အရင်းအနှီးကို အားဖြည့်ပေးသလို ဖြစ်ခဲ့ပြီး စစ်ဗိုလ်ချုပ်တွေ ကြီးစိုးတဲ့ နိုင်ငံရေး စတင်ခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်း စျေးကွက်စီးပွားရေးစနစ်ကို ပြန်ကျင့်သုံးခဲ့ပေမယ့် စစ်တပ်ကြီးစိုးတဲ့ ဦးပိုင်ကုမ္ပဏီက နိုင်ငံရဲ့ စီးပွားရေးကို ဆက်ပြီး ကြိုးကိုင်ခဲ့ပါတယ်။ စျေးကွက်စီးပွားရေးကနေ ခရိုနီခေါ် စစ်တပ်နဲ့ နီးစပ်တဲ့ လူချမ်းသာတွေ ပေါ်ထွက်လာပြီး စစ်တပ်ကြီးစိုးမှုကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်း နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပျောက်ပြီး စီးပွားရေးတိုးတက်မှု တစုံတရာရှိလာပေမယ့် ခရိုနီစနစ်ကို မဖျက်သိမ်းနိုင်တဲ့အတွက် မြန်မာစီးပွားရေးကို စစ်တပ်လက်ဝေခံ အုပ်စုကပဲ ဆက်လက်ကြီးစိုးခဲ့ပါတယ်။

၁၉၇၄ ဆိုရှယ်လစ်နိုင်ငံ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကြယ်ဖြူ ၁၄ လုံးနဲ့ ဆိုရှယ်လစ်အလံကိုင် ချီတက်ပွဲ

၁၉၇၄ က ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် တည်ထောင်တာ အနှစ် ၅ဝ ပြည့်ခဲ့ပါပြီ။ ၁၄ နှစ်သာ ခံတဲ့ ဒီသမ္မတနိုင်ငံကို အရှေ့ဂျာမနီပုံစံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်ခဲ့ပြီး သမ္မတဦးနေဝင်း၊ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက အာဏာကို ချုပ်ကိုင်ထားခဲ့ပါတယ်။ ဒီနိုင်ငံကို ၁၉၆၂ အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ကြီးမှူးတည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့ရဲ့လက်ဝဲရံ ဗိုလ်မှူးချုပ်တင်ဖေခေါ် ဗိုလ်ချုပ်နီတို့ ခေါင်းကိုင်တဲ့ စစ်ဆိုရှယ်လစ်လမ်းကြောင်းကို လျှောက်ခဲ့ကြပါတယ်။

ဒီနိုင်ငံမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ စစ်ဗိုလ်နဲ့ ကွန်မြူနစ်ဟောင်းများ ကြီးစိုးတဲ့ ပါတီတရပ်က ဦးဆောင်ပါတီအဖြစ် တည်ရှိခဲ့ပြီး ပြည်သူ့ကောင်စီ၊ ပြည်သူ့တရားသူကြီး၊ ပြည်သူ့ဆိုင်၊ လုပ်သားပြည်သူ့နေ့စဉ် စတဲ့ ပြည်သူစကားလုံးတွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်။ တော်လှန်ရေးကောင်စီခေါ် စစ်ကောင်စီနဲ့ မဆလအစိုးရ ၂၆ နှစ်အုပ်ချုပ်အပြီးမှာတော့ စီးပွားရေးနိမ့်ကျမှု၊ နိုင်ငံရေးဖိနှိပ်မှုနဲ့ လူမှုရေးမဖွံ့ဖြိုးမှုတွေအပေါ် မကျေနပ်တဲ့ ၁၉၈၈ ဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီအစိုးရသစ် တက်လာပြီး စျေးကွက်စီးပွားရေးနဲ့ ပါတီစုံလမ်းကြောင်းကို သွားမယ်လို့ ကြေညာခဲ့ပါတယ်။

၁၉၈၄ မန္တလေးမီး

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပျောက်ကွယ်သွားတဲ့ မန္တလေးစျေးချိုဟောင်း

အရင် နှစ် ၄ဝ၊ ၁၉၈၄ မှာ မန္တလေးမြို့လယ်ကို လောင်ကျွမ်းခဲ့တဲ့ မီးဟာ မြို့ရဲ့ လူမှုပုံစံနဲ့ လူဦးရေအနေအထားကို ပြောင်းလဲပစ်ရုံမက မြန်မာပြည်မြောက်ပိုင်းမှာ တရုတ်စီးပွားရေး လွှမ်းမိုးမှုရဲ့ စမှတ်လို ဖြစ်ခဲ့ပါတယ်။ ၁၉၇၈ တရုတ်ပြည်မှာ တိန့်ရှောင်ဖိန်အစိုးရက စီးပွားရေး လွတ်လပ်ခွင့်တွေ စပေးပြီးနောက် နယ်စပ်ကုန်သွယ်ရေး ကြီးထွားလာရာကနေ ရှမ်းမြောက်ကနေ မန္တလေးထိ မှောင်ခိုစီးပွားရေး အားကောင်းလာခဲ့ပါတယ်။

၁၉၈၄ မီးလောင်ပြီးနောက်ပိုင်း မန္တလေးမှာ လားရှိုးနဲ့ တောင်ပေါ်မြို့တွေက တရုတ်နွယ်ဖွားတွေ ပြောင်းရွှေ့အခြေချတာ ပိုများလာသလို သူတို့စီးပွားရေးလုပ်ငန်းတွေလည်း ကြီးစိုးလာပါတယ်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရသစ်က တံခါးဖွင့်စီးပွားရေး စတင်ပြီးနောက် ၁၉၈၉ မှာ အရင် ဗကပခေါ် ကွန်မြူနစ်လက်အောက်ခံ ကိုးကန့်နဲ့ ဝတပ်တွေရဲ့ ပုန်ကန်မှုဖြစ်ပြီး ရှမ်းမြောက်ပထဝီနိုင်ငံရေး ပြောင်းလဲခဲ့ပါတယ်။ နဝတအစိုးရနဲ့ အပစ်ရပ်စဲရေး ယူခဲ့တဲ့ ဝနဲ့ ကိုးကန့်တပ်တွေအပြင် လော်စစ်ဟန်လို စစ်တပ်နဲ့ နီးစပ်တဲ့ စစ်ဘုရင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ မန္တလေးနဲ့ ရန်ကုန်အပြင် နိုင်ငံအနှံ့မြို့ရွာတွေမှာ တွေ့လာရပါတယ်။

၂ဝဝဝ ပြည့်လွန်နှစ်တွေမှာတော့ ကြီးထွားလာတဲ့ တရုတ်စီးပွားရေးရဲ့ ရောင်ပြန်ဟပ်မှုကြောင့် မန္တလေးနဲ့ မြန်မာပြည်အနှံ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာပြီး ၂၀၂၁ အာဏာသိမ်းတဲ့ခေတ်အထိ ဒီအရှိန်ဟာ လျော့ကျမသွားဘဲ တိုးလို့လာခဲ့ပါတယ်။

အာဆီယံထဲက မြန်မာ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာလူများစုထဲက လယ်သမားတယောက်

မြန်မာပြည်ဟာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ မတူတဲ့ နိုင်ငံရေး စီးပွားရေး ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဒီထဲမှာ ပြည်တွင်းစစ်နဲ့ စစ်တပ်အုပ်ချုပ်မှုကို ဆယ်စုနှစ်တွေနဲ့ချီ ကြုံခဲ့ရတာအပြင် လူမျိုးစုနိုင်ငံရေး ရှုပ်ထွေးမှု၊ တရုတ်ပြည် နိုင်ငံရေးစီးပွားရေးအပြောင်းအလဲရဲ့ ရိုက်ခတ်မှု၊ ဘာသာရေး ခေတ်နောက်ကျမှုတွေ ပါပါတယ်။ နောက်ပြီး ဗြိတိသျှခေတ်စီးပွားရေးမှာ လူများစု မြန်မာတွေရဲ့ ကြီးစိုးမှု မရှိခဲ့တဲ့အတွက် လက်ဝဲဆန်တဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ တရုတ်နဲ့ အိန္ဒိယစီးပွားရေးကို ဆန့်ကျင်တာတွေ ရှိခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စီးပွားရေး ကူညီမှုကို ကြာရှည် မရခဲ့တာနဲ့ တံခါးပိတ်စီးပွားရေးကို နှစ်ရှည်ကျင့်သုံးခဲ့မှုတွေရဲ့ ဒဏ်ကိုလည်း ခုထိ ကြုံနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည် ခေတ်မီပြောင်းလဲမှုမှာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကို နိုင်ငံရေး စီးပွားရေး တည်ငြိမ်မှုနဲ့ အမီလိုက်နိုင်ဖို့အပြင် သမိုင်းဒဏ်ရာဟောင်းတွေကို ကုစားနိုင်မှုကလည်း အရေးကြီးတဲ့နေရာက ရှိနေပါတယ်။