ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၃၁ ရက်ထိပ်တန်းသတင်းများ - မိုင်းငေါ့မြို့မှာ စစ်တပ်နဲ့ တအာင်းတပ် တိုက်ပွဲဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် (TNLA)တို့ ဒီနေ့မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
မနက်ပိုင်းတုန်းက စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် မြို့ပေါ် မီးသတ်ရုံးနားက အဆောက်အအုံတွေ မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘’မီးသတ်ရုံးနဲ့ ၄ ရပ်ကွက်ရုံးက တွဲပြီးရှိနေတာ။ အဲဒီနားက စျေးရပ်ကွက်ရုံး၊ စည်ပင်ရုံးရော၊ စျေးထဲက စားသောက်ဆိုင်တချို့ပါ မီးထဲပါသွားတယ်’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မနေ့နေ့လယ်ပိုင်းမှာ မြို့အနီးကို လေယာဥ်နဲ့လာရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။
မိုင်းငေါ့က ဒီနေ့တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ဘက်ကရော၊ စစ်ကောင်စီဘက်ကပါ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မိုင်းငေါ့ဟာ ကျောက်မဲမြို့ကနေ အထွက် ၇ မိုင်နီးပါးမှာရှိပြီး TNLA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားလေ့ရှိတာကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ဘက်က မိုင်းငေါ့ဘက်က ကျေးရွာတွေဆီကို အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၆ ရက်တုန်းကလည်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် မိုင်းငေ့ါမြို့နယ်ခွဲထဲက မန်ခေါက်ကျေးရွာမှာရှိတဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး တစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၅ လုံးလည်း ထိခိုက်ခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ချုပ် (TWO) ကပြောပါတယ်။
အင်းစိန်နဲ့ ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသား ၂ ဦးသေဆုံး
အင်းစိန်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသူ ၁ ဦးနဲ့ ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသား ၁ ဦးတို့ဟာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတာကြောင့် အခုလနှောင်းပိုင်းအတွင်း သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN-Myanmar)ကနေ သိရတယ်။
အင်းစိန်ထောင်ထဲသေဆုံးခဲ့သူဟာ ကယား(ကရင်နီ)ပြည်နယ်မှာနေထိုင်သူ အသက် ၂၃ နှစ်အရွယ် မချယ်ရီဝင်းဖြစ်ပြီး အပူချိန်အလွန်အမင်း တက်ခဲ့ပေမဲ့ အချိန်မီ လုံလောက်တဲ့ကုသမှုမရခဲ့တာကြောင့် ဒီဇင်ဘာလ ၂၁ ရက်မှာသေဆုံးခဲ့တာလို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။
‘‘သူက ဒီဇင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ အပူချိန် ၁၀၆ အထိရှိခဲ့ပေမဲ့ ထောင်ထဲကို လူကြီးလမ်းကြောင်း ရှိလို့ဆိုပြီး ချက်ချင်းမကုသပေးဘူး။ နောက်ပိုင်းမှာ ထောင်ပြင်ဆေးရုံကို ပို့ပေးခဲ့ပေမဲ့ အချိန်လွန်ပြီး လက်လွှတ်ခဲ့ရတာ။ ဒီဇင်ဘာလ ၂၁ ရက်မှာပဲ ဆုံးပါတယ်’’ လို့ PPN Myanmar အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မချယ်ရီဝင်းဟာ ပြည်ပကို ထွက်ခွာဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိချိန် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
နောက်တစ်ဦးကတော့ ဖျာပုံမြို့မှာ ထွေအုပ်ဝန်ထမ်းအမျိုးသမီးကို ဦးဆောင်လုပ်ကြံမှုနဲ့ စွပ်စွဲခံပြီး လူသတ်မှု ပုဒ်မ ၃၀၂ အပါအဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ကိုစံလင်းစံဖြစ်ပါတယ်။
သူဟာ ဦးခေါင်းခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ လအတွင်း ဆေးဝါးကုသမှုခံယူဖို့ တောင်းဆိုခဲ့ပေမဲ့ သူ့ကို ပုသိမ်ထောင်အာဏာပိုင်တွေက ထောင်တွင်းဆေးရုံမှာပဲ ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။
‘‘အောက်တိုဘာလ ကတည်းက ပုသိမ်ထောင်တွင်းမှာ ဆေးဝါးကုသမှုခံယူနေရသူပါ။ ဒါပေမဲ့ ပြင်ပဆေးရုံကိုမလွှဲပေးဘဲ ထောင်တွင်းမှာပဲကုသတော့ လုံလောက်တဲ့ဆေးဝါးစောင့်ရှောက်မှု မရလို့ ဦးခေါင်းဒဏ်ရာနဲ့ပဲ ဒီဇင်ဘာလ ၃၀ ရက်မှာသေဆုံးပါတယ်’’ လို့ PPN Myanmar အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပြပါတယ်။
‘‘မိသားစုကို အလောင်းပြန်မပေးဘူးလို့ လောလောဆယ် ပြောသံကြားတယ်။ မိသားစုကတော့ အကျိုးအကြောင်းသိရဖို့ လုပ်နေပြီ’’ လို့ ကိုစံလင်းစံရဲ့မိသားစုဝင်တွေနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အင်းစိန်နဲ့ ပုသိမ်က အကျဥ်းသား ၂ ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ စစ်ကောင်စီလက်အောက် အကျဥ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
အဲဒီကွန်ရက်ရဲ့အပြောအရ အခုနှစ်အတွင်း အကျဥ်းထောင်တွင်း လုံလောက်တဲ့ဆေးဝါးကုသမှုမရတာအပါအဝင် ထောင်တွင်းဆူပူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရိုက်နှက်ခံရတာ၊ ထောင်ပြောင်းချိန် ထွက်ပြေးဖို့ ကြိုးပမ်းတယ်ဆိုပြီး ပစ်ခတ်ခံရတာနဲ့ ထောင်ပြောင်းချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၁၈ ဦးအထိ ရှိတယ်လို့ သိရပါတယ်။
ရှမ်းမြောက်ကနေ ဗီယက်နမ်အယောက် ၄၀၀ ကို ကယ်ဆယ်
ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခကြောင့် သောင်တင်နေတဲ့ ဗီယက်နမ်နိုင်ငံသား အယောက် ၄၀၀ နီးပါးကို ဗီယက်နမ်အစိုးရက စနေနေ့မနက်ပိုင်းတုန်းက ပြန်လည် ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဒေသတွင်းမှာရှိတဲ့ ဗီယက်နမ်ကိုယ်စားလှယ်ရုံးတွေကနေ ချိတ်ဆက်ပြီး အခုလိုကယ်ဆယ်ခဲ့တာလို့ ဗီယက်နမ်က လာတဲ့သတင်းတွေအရ သိရပါတယ်။
အခုတစ်ကြိမ်ဟာ ဒုတိယမြောက် ကယ်ဆယ်မှုဖြစ်ပြီး ဒီဇင်ဘာတစ်လအတွင်း ရှမ်းမြောက်ကနေ ပြန်လည်ခေါ်ယူ ကယ်ဆယ်ရတဲ့ ဗီယက်နမ်နိုင်ငံသား ၁၄၀၀ နီးပါး အထိ ရှိတယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံသားတွေအနေနဲ့ ဘွဲ့နဲ့ပညာအရည်အချင်းမလိုဘဲ နိုင်ငံရပ်ခြားမှာ ‘‘လစာကောင်းပြီး သက်သက်သာသာ အလုပ်လုပ်ရမယ်’’ ဆိုတဲ့ မက်လုံးတွေကို အယုံမလွယ်ဖို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း တရုတ်-မြန်မာနယ်စပ်၊ ရှမ်းမြောက်က လောင်းကစားဝိုင်းတွေကနေ ဗီယက်နမ်နိုင်ငံသား ၁၆၀ ကို မြန်မာအာဏာပိုင်တွေရဲ့အကူအညီနဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဗီယက်နမ် အစိုးရဘက်က သတင်းထုတ်ပြန်ထားဖူးပါတယ်။
စစ်ကောင်စီဘက်ကတော့ လောက်ကိုင်မှာရောက်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာရောက်နေတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေကို ပြီးခဲ့တဲ့တစ်လအတွင်း တရုတ်အာဏာပိုင်တွေဆီကို ပြန်လည်ပို့ဆောင်တာတွေ လုပ်နေပြီး တရားမဝင်ရောက်နေတဲ့ ဗီယက်နမ်လူမျိုး တစ်ထောင်ကျော်လည်း လွှဲပြောင်းထားတယ်လို့ ဒီဇင်ဘာလ ၃၀ ရက်မှာပဲ ပြောထားပါတယ်။