ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယမှာ သတင်းလွတ်လပ်ခွင့် အဆင့်ကျလာ - မေလ ၃ ရက် ညနေခင်း နိုင်ငံတကာသတင်းများ
ကမ္ဘာပေါ်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ရည်ညွှန်းတဲ့ နိုင်ငံတွေစာရင်း အခုနောက်ဆုံး ထွက်ပေါ်လာရာမှာ နိုင်ငံပေါင်း ၁၈ဝ ထဲမှာ အိန္ဒိယကို အဆင့် ၁၆၁မှာ တွေ့ရပါတယ်။
သတင်းထောက်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ ၊ နိုင်ငံရေးအရ ဘက်လိုက်တဲ့ မီဒီယာတွေ ၊ မီဒီယာပိုင်ဆိုင်မှုတွေကိုကြည့်ရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ သတင်းလွတ်လပ်ခွင့် အကြပ်ရိုက်နေတဲ့အခြေအနေကို ပြနေတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယဟာ မနှစ်တုန်းကတော့ သတင်းလွတ်လပ်ခွင့် အဆင့် ၁၅ဝ မှာ ရှိခဲ့ရာက ဒီနှစ်မှာတော့ ၁၆၁ ကို ကျဆင်းသွားတာ ဖြစ်ပါတယ်။
ဟိန္ဒူအမျိုးသားရေးဝါဒီ ဖြစ်တဲ့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကို အစိုးရကို ဝေဖန်တဲ့ သတင်းထောက်တွေဟာ သူ့ကို ထောက်ခံသူတွေရဲ့ နည်းမျိုးစုံနဲ့ ထပ်တလဲလဲ တိုက်ခိုက်ခံနေရတယ်လို့ နယ်စည်းမခြား သတင်းသမားများ အဖွဲ့က ပြောပါတယ်။
အခုလို ထောက်ပြလေ့ရှိတဲ့ ကမ္ဘာ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းနဲ့ ပတ်သက်လို့ အရင်တုန်းကတော့ အိန္ဒိယက ပယ်ချထားပါတယ်။
ဆူဒန်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် လူမှုကယ်ဆယ်ရေး အကူအညီ အချိန်မီပို့ဆောင်မှုတွေ ကြန့်ကြာနေတယ်လို့ ကုလပြော
ဆူဒန်မှာ ပြိုင်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေကြောင့် လူမှုကယ်ဆယ်ရေးအကူအညီ ပေးပို့မှု အခြေအနေ ဆိုးရွားလာနေတယ်လို့ ဆူဒန်ရောက် ကုလလူမှုကယ်ဆယ်ရေးအကြီးအကဲက ပြောပါတယ်။
ဆူဒန်ပြည်သူတွေကို ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုတွေကို ဆက်လက်ပေးအပ်သွားမှာပါလို့ ပေါ့တ်ဆူဒန်မြို့ကို ရောက်နေတဲ့ မာတင်ဂရစ်ဖစ်သ်က ပြောပါတယ်။
ကင်ညာမှာရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ကလည်း လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆူဒန်မှာ တိုးမြှင့်သွားဖို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆူဒန်မှာ ထာဝရ အပစ်ရပ်ဖို့ လိုတယ်လို့လည်း သူက ထောက်ပြ ပြောဆိုသွားဖွယ် ရှိပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်မှာ နက်ဖြန် ကြာသပတေးနေ့ကစလို့ နောက်ထပ် ၇ ရက်ကြာ အပစ်ရပ်ရေး လက်နက်ကိုင် အဖွဲ့တွေကြား သဘောတူခဲ့ပေမဲ့ အရင်အပစ်ရပ်မှုတွေမှာတော့ ပျက်ပြားခဲ့တာပါ။
မြို့တော်ခါတွန်းမ် မြောက်ဖက်မှာ စစ်လေယာဉ်တွေ ပျံသန်းနေတာနဲ့ လေကြောင်းက ပစ်ခတ်သံတွေကို တရစပ် ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာနချုပ် ရှိရာ အမြွှာမြို့ အော်မ်ဒါမန် နားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ရိုဟင်ဂျာတွေ ပြန်ပို့နိုင်ဖို့ ပြင်ဆင်ထားမှုတွေကို ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ မြန်မာဘက်မှာ လာကြည့်မယ်
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ အခုသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ဒါဟာ ဒုက္ခသည်နေရပ်ပြန်ရေး အစီအစဉ် အကောင်အထည်ဖော်ဖို့ သွားရောက်တာ ဖြစ်ပါတယ်။
လာမယ့် သောကြာနေ့မှာ အဖွဲ့ဝင် ၂ဝ ပါတဲ့ ကိုယ်စားလှယ်တွေ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာဘက်က စီစဉ်ထားမှု အခြေအနေတွေကို လာရောက် ကြည့်ရှုမှာ ဖြစ်တယ်လို့ ထိပ်တန်း ဘင်္ဂလား အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။
၂၀၁၇ တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တို့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြိုးစားနေတာ နှစ်နဲ့ချီကြာမြင့်နေပြီ ဖြစ်ပေမယ့် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယက တန်ဖိုးနည်း ပြည်တွင်းလေကြောင်းလိုင်း Go First ဒေဝါလီခံပြီ
အိန္ဒိယက စတုတ္ထအကြီးဆုံး ပြည်တွင်းလေကြောင်းလိုင်း Go First ဟာ ဒေဝါလီခံရတာကြောင့် ရာနဲ့ချီတဲ့ ခရီးစဉ်တွေ ဖျက်သိမ်းပစ်ခဲ့ရပါတယ်။
အမေရိကန်က လေယာဉ်အင်ဂျင်တင်သွင်းတဲ့ ကုမ္ပဏီ Pratt and Whitney နဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာကြောင့် အခုလို ဖြစ်ရတာလို့ ဆိုပါတယ်။
အိန္ဒိယမှာ ၂ဝ၁၉ တုန်းက Jet Airways လေကြောင်းလိုင်း ဒေဝါလီခံခဲ့ရပြီးနောက်ပိုင်း ဒါဟာ ပထမဆုံး လေကြောင်းလိုင်းကြီးတခု ပြိုလဲမှု ဖြစ်ခဲ့တာပါ။
အခု ဒေဝါလီခံရတဲ့ Go First တန်ဖိုးနည်း လေကြောင်းလိုင်းဟာ အိန္ဒိယမှာ နှစ်ပေါင်း ၂ဝကျော် ရပ်တည်နိုင်ခဲ့ပေမဲ့ အရှုံးနဲ့ လည်ပတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီကုမ္ပဏီဟာ အိန္ဒိယက ဘဏ်တွေမှာ အကြွေးဒေါ်လာ ၆၈၅ သန်း တင်ရှိနေတာ ဖြစ်ပါတယ်။