ဖေဖော်ဝါရီ ၁၆ ရက် ထိပ်တန်းသတင်းများ- ကောလင်းမှာ တိုက်ပွဲဖြစ်နေပြီး နေအိမ်တချို့ နဲ့ တံတားမီးလောင်

အမျိုးသားညီညွတ်ရေးအစိုးရက သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီက ပြန်အရယူဖို့ ကြိုးစားနေတာကြောင့် ကောလင်းမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကောလင်းမြို့နားက ရွာမရွာ မီးရှို့ခံထားရပြီး ဘိုးဘွားရိပ်သာထမင်းစားဆောင်ကို လက်နက်ကြီးကျရောက်ပြီးနောက်ပိုင်း ပျက်စီးနေတဲ့ ဓာတ်ပုံတွေကို ကောလင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ နေအိမ်တချို့ လက်နက်ကြီးကျည်ပေါက်ကွဲလို့ ပျက်စီးနေတာတွေအပြင် မီးလောင်ခံထားရတာတွေကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရွာမရွာကနေ ကောလင်းမြို့ကိုကူးတဲ့ ရွှေမင်းဝံလမ်းမပေါ်က ချောင်းကူးတံတားတစ်စင်းကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကောလင်းမြို့မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးသားထားပေမဲ့ နေရာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

“ဝန်းသိုဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်နေတာ တဒုန်းဒုန်းတော့ ကြားနေရတယ်။ အဲ့ဒီဘက်တွေကို ဖုန်းလည်းဆက်လို့မရတော့ဘူး။ အခြေအနေတွေက ဘာတွေဖြစ်နေလဲဆိုတာလည်း မသိရဘူး”လို့ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ကောလင်းမြို့ တိုက်ပွဲတွေကြောင့် မြို့နေပြည်သူတွေအပါအဝင် အနီးအနားကျေးရွာက ပြည်သူ နှစ်သောင်းခွဲလောက် စစ်ဘေးတိမ်းရှောင်နေရပြီး လျှပ်စစ်မီးမရတာလည်း ၁၀ ရက်လောက်ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ကောလင်းမြို့ကို အခု ဖေဖော်ဝါရီ လဆန်းပိုင်းလောက်ကစပြီး ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့နဲ့ ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ် အင်အား ၇၀၀ ဝန်းကျင်လောက်နဲ့ တောင်မြောက်စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့ထဲက မင်းတဲကြီးရပ်ကွက်မှာ တပ်ဖြန့်ထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကောလင်းမြို့မှာ မိုင်းရှင်းလင်းရေး နဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေတယ် လို့ ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

မြို့ ၆ မြို့ကို သိမ်းထားနိုင်ပြီလို့ အေအေထုတ်ပြန်

ရမ်းဗြဲနဲ့ မောင်တောမှာ တိုက်ပွဲဆက်ပြင်းထန်နေ

ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် အစပ်က ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်က မြို့ကြီး ၆ မြို့ကို ၃ လ အတွင်း ရက္ခိုင့်တပ်တော် (အေအေ) က ထိန်းချုပ်ထားနိုင်တယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်လာပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့ကြီး ၁၇ မြို့ရှိတဲ့အထဲ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စတဲ့ မြို့တွေကို သိမ်းထားနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တစ်ဖက်မှာလည်း ရခိုင်(တောင်ပိုင်း)မှာရှိတဲ့ ရမ်းဗြဲမြို့ သိမ်တောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းနဲ့ ရသေ့တောင်မြို့အရှေ့ဘက်က စစ်တပ်စခန်းတွေကို အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါအပြင် မောင်တောမြို့က ဗောဓိကုန်းနယ်ခြားစောင့်စခန်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တွေကြား မနေ့ဖေဖော်ဝါရီ ၁၅ ရက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ မနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကနေ ဆုတ်ခွာသွားကြတယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဖော်ပြထားကြပါတယ်။

အေအေတပ်တွေက မောင်တောအခြေစိုက် စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ရင်းအပါအဝင် နယ်ခြားစောင့်ရဲစခန်းတွေကို မနေ့မနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ ရမ်းဗြဲ၊ ရသေ့တောင်၊ မောင်တောမြို့တဝိုက်ကို စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်း၊ ရေကြောင်းအပြင် လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပြီး ရမ်းဗြဲမြို့ကတော့ အများဆုံးတိုက်ခိုက်ခံရတဲ့မြို့ဖြစ်တယ်လို့ အေအေဘက်က ကြေညာထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

နှစ်ရက်အတွင်း ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာ ၅၀ အဖမ်းခံရ

လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ထိုင်းဘက်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၅၀ ကျော် ထိုင်းဘက်ခြမ်းမှာဖမ်းဆီးခံလိုက်ရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် နဲ့ ၁၅ ရက်မှာ မြဝတီ-မဲဆောက်၊ ကန်ချနဘူရီနဲ့ ကော့သောင်းဘက်လမ်းက ဝင်လာရင်း ဖမ်းဆီးခံလိုက်ရတာလို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ ဉီးမိုးကြိုးကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် က မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရမှာ (၂၇) ယောက် နဲ့ ကန်ချနဘူရီမှာ (၁၇) ယောက်တစ်စု အဖမ်းခံရပြီး ကော့သောင်းလမ်းဘက်က ဝင်လာသူ ၆ ယောက်ကိုတော့ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထပ်မိတာ ဖြစ်ပါတယ်။

‘’စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်လိုက်တော့ လူငယ်တွေက ကြောက်လန့်ပြီးထွက်လာကြမှာပဲ။ ခုလည်းသူတို့ကိုစစ်ဆေးမေးမြန်းတဲ့အခါမှာ စစ်မှုထမ်းရမှာ ကြောက်လို့လို့ အများစုက ဖြေကြတယ်’’ လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ထိုင်း လူကုန်ကူးဥပဒေအရ ထောင်ဒဏ် (၄) လ ကနေ (၆) လ အထိ ချမှတ်ခံရနိုင်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုက (၄၅) ရက် ကနေ (၃) လ အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူဝင်မှုဥပဒေအပြင် လူကုန်ကူးမှုဥပဒေ နဲ့ပါ အရေးယူခံရနိုင်ပြီး ပြစ်ဒဏ်စေ့ရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဆီဆိုင်ဈေးကို လက်နက်ကြီးကျပြီး မီးလောင်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေရှိနေတဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် က ဈေးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မနေ့ညနေ လေးနာရီကနေ ည ကိုးနာရီအထိ မီးလောင်နေခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အဲဒီအချိန်က တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မီးအားကလည်းပြင်းတယ်၊ ငြှိမ်းမယ့်သူလည်းမရှိဘူး။ အထိအခိုက်တော့ မရှိဘူး။ ပစ္စည်းတွေတော့ အကုန်ပါသွားတယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက ဆီဆိုင်မြို့နယ် ပဆျားကလိုးကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးငါးကြိမ်ကျဲခဲ့တာကြောင့် ပြည်သူနှစ်ယောက် ထိခိုက်သေဆုံးပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကျေးရွာဟာ PNLA တပ်စွဲထားတဲ့ နေရာမဟုတ်သလို တိုက်ပွဲဖြစ်ပွားနေတာလည်း မရှိဘူးလို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်‌ကောင်စီတပ် နဲ့ ပြည်သူ့စစ်တွေကို KNDF, PNLA, PDF တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပဆျားကလိုးကျေးရွာကို ကျရောက်ပေါက်ကွဲပြီး ပြည်သူတွေ ထိခိုက်သေဆုံးတာလို့ ဆိုပါတယ်။

ဆီဆိုင်ဈေး လက်နက်ကြီးကျပြီး မနေ့က မီးလောင်တာနဲ့ပတ်သက်လို့တော့ နှစ်ဘက်စလုံးက ထုတ်ပြန်တာ မရှိသေးပါဘူး။

ထိုင်းရောက်မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရ

လူသတ်မှုသံသယရှိသူ ၂ ယောက် စင်ကာပူကိုထွက်ပြေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆူခွန်ဝစ်လမ်းမပေါ်က ကွန်ဒိုတိုက်ခန်း ၂၃ လွှာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တစ်ဦးကို ကင်မရွန်းနိုင်ငံသား ၂ ဦးက သတ်ခဲ့ပြီး ထိုင်းဘတ်ငွေ ၅ သန်းကိုလည်းယူသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။

အသတ်ခံရတဲ့သူဟာ ဘယ်သူဘယ်ဝါလို့ ရဲက မပြောပေမယ့် အသက် ၅၀ အရွယ် လုပ်ငန်းရှင်အမျိုးသားတစ်ဦးလို့ ထိုင်းရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

မျက်နှာ၊ နားနဲ့ ဦးခေါင်းမှာ ‌သွေးထွက်ဒဏ်ရာတွေနဲ့ နေအိမ်မှာပဲ လဲကျသေဆုံးနေတာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ နေလယ်ပိုင်းမှာ ရဲက တွေ့ခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိခံရသူ ကင်မရွန်းနိုင်ငံသား ၂ ဦးဟာ စင်ကာပူနိုင်ငံကို ထွက်ပြေးသွားလို့ ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပိုလ်) နဲ့အတူ ပူးပေါင်းဖမ်းဆီးဖို့ စီစဉ်နေပါတယ်။

သံသယရှိတဲ့သူ ၂ ယောက်ဟာ အခင်းဖြစ်ပွားရာနေရာကနေ ဗုဒ္ဓဟူးနေ့မှာပဲ ဒွန်မောင်းလေဆိပ်ကတဆင့် စင်ကာပူကို ထွက်ခွာသွားတယ်လို့ ရဲကဆိုပါတယ်။

လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိသူ နှစ်ဦးဟာ “ဂျွန်”နဲ့ “ဝီလျံ” လို့ အမည်ရတဲ့ အသက် ၃၀ ကျော်အရွယ် ကမ်မရွန်းနိုင်ငံသားတွေ လို့ ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ထားပါတယ်။

အသတ်ခံရသူရဲ့ မွေးစားမိခင်ရဲ့ ထွက်ဆိုချက်အရ လူသတ်မှုကျူးလွန်တဲ့သူတွေက သူ့ကိုလည်း သတိလစ်မေ့မြောတဲ့အထိ လည်ပင်းညှစ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။

ရဲတပ်ဖွဲ့က ကွန်ဒိုတိုက်ခန်းမှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာမှတ်တမ်းကို ပြန်စစ်ဆေးတဲ့အခါမှာတော့ အလောင်းတွေ့တဲ့နေ့ ဗုဒ္ဓဟူးနေ့ မတိုင်မီ အင်္ဂါ‌နေ့ ညပိုင်းမှာ တိုက်ခန်းထဲကို ဝင်ရောက်သွားတဲ့သူ ၄ ဦးသာရှိပြီး အဲဒီလူတွေက အသတ်ခံရတဲ့သူအမျိုးသားနဲ့ သူ့ရဲ့မွေးစားမိခင်အပြင် ကျန်တဲ့သူနှစ်ဦးကတော့ “ဂျွန်”နဲ့ “ဝီလျံ”တို့သာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အစောပိုင်းကတည်းက ထုတ်ပြန်ထားခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာကို ရဲတွေစစ်ဆေးကြည့်တဲ့အခါမှာတော့ ခရီးဆောင်အိတ် ၂ လုံးတွေ့ရပြီး တစ်လုံးမှာ သေဆုံးသူရဲ့ စာရွက်စာတမ်းတွေတွေ့ရသလို နောက်ခရီးဆောင်အိတ်တစ်လုံးထဲမှာတော့ ငွေစက္ကူအတုလုပ်တဲ့နေရာမှာသုံးတဲ့ ဓာတုအမှုန့်တချို့တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငွေစက္ကူလို အနက်ရောင်စက္ကူအစည်းလိုက်ထည့်ထားတဲ့ စက္ကူအိတ်တစ်လုံးလည်း ထပ်တွေ့ခဲ့တယ်လို့ဆိုပါတယ်။

အသတ်ခံရတဲ့ မြန်မာနိုင်ငံသားက ထိုင်းနိုင်ငံကို မကြာခဏလာရောက်လည်ပတ်တဲ့သူဖြစ်ပြီး ဘန်ကောက်-ရန်ကုန် ခရီးစဉ် အကြိမ် ၅၀ ကျော်နဲ့ ဘန်ကောက်-ဟနွိုင်းကိုလည်း ခရီးစဉ် အကြိမ် ၅၀ ကျော်သွားလာထားတယ်လို့ မှတ်တမ်းသိရှိတဲ့ မျက်မြင်သက်သေတစ်ဦးက ရဲတပ်ဖွဲ့ကို ပြောထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့တွေအနေနဲ့ သေဆုံးသူရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စစ်ဆေးနေပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ ဆက်ပြီးစုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေမှာ ဘယ်သူတွေပါလဲ

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို ဗဟို ကနေ တိုင်းဒေသကြီး/ပြည်နယ် အဆင့်အထိ စစ်ကောင်စီက ဖွဲ့စည်းလိုက်ပါတယ်။

ဗဟိုအဖွဲ့ကို ကာကွယ်ရေးဝန်ကြီးက ဦးဆောင်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) က ဒုတိယဥက္ကဋ္ဌ၊ စစ်ရေးချုပ်က အတွင်းရေးမှူး နဲ့ တွဲဖက်အတွင်းရေးမှူးကတော့ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေထဲ မှာ လည်း စစ်ဘက်ကသာ လွှမ်းမိုးထားပြီး စစ်ထောက်ချုပ်၊စစ်ဥပဒေချုပ်၊ တပ်မတော်လေ့ကျင့်‌ရေးအရာရှိချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး နဲ့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး တို့ ပါနေပါတယ်။

အရပ်ဘက်ကဆိုရင် ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် စစ်ကောင်စီရဲ့ ဝန်ကြီး ၈ ဦး အထိ ထည့်သွင်းဖွဲ့စည်းထားတာ တွေ့ရပါတယ်။

တိုင်းဒေသကြီး/ပြည်နယ် အဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေမှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌ ဖြစ်ပြီး ဒုတိယတိုင်းမှူး နဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဒုတိယဥက္ကဋ္ဌ တွေ ဖြစ်ပါတယ်။

အတွင်းရေးမှူးကတော့ တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို မြို့နယ် အဆင့်အထိ စစ်ကောင်စီက ဖွဲ့စည်းမှာဖြစ်ပါတယ်။

တစ်နှစ်မှာ စစ်မှုထမ်းဦးရေ ၆ သောင်းအထိ ခေါ်ယူနိုင်ဖို့ စစ်ကောင်စီက မျှော်မှန်းနေပြီး တစ်လ ကို ၅ ထောင်နှုန်း ခေါ်ယူမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။