စက်တင်ဘာ ၈ ရက် ထိပ်တန်းသတင်းများ - ဖရူဆို - ဘော်လခဲလမ်းမကို အသုံးမပြုဖို့ KNDF သတိပေး

ဖရူဆို - ဘော်လခဲလမ်းမကို အသုံးမပြုဖို့ KNDF သတိပေး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရှေ့တန်းရောက် KNDF တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ကယား (ကရင်နီ) ပြည်နယ်က ဖရူဆို - ဘော်လခဲ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ကစလို့ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

ဖရူဆို - ဘောလခဲ လမ်းမကြီးဘေးတလျှောက်မှာရှိတဲ့ မာခရော့ရှည်၊ လောကျေခူ၊ ထားလဲ၊ နန်းဖဲ ကျေးရွာတွေတကြောက လမ်းသွယ်လေးတွေကိုပါ အသုံးမပြုကြဖို့ ဖော်ပြထားပါတယ်။

ဒီလမ်းတွေတဝိုက်မှာ စစ်ကြောင်းထိုးနေတာကြောင့် မြေပြင်စစ်ရေးအခြေအနေအရ ရက်အကန့်အသတ်မရှိ လမ်းပိတ်ထားမယ့်အကြောင်း KNDF ဘက်က သတိပေးစာထုတ်လာတာပါ။

အခုလ ပထမအပတ်အတွင်း ဒီမော့ဆို၊ ဒေါငံခါး၊ စံပြ ၆ မိုင်ရွာကနေ မိုးဗြဲဘက်ကို ထွက်တဲ့ လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲနေတဲ့ရွာတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၂ ရက်မှာ နယ်မြေရှင်းလင်းတာတွေလုပ်ခဲ့အပြီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဒီမော့ဆို - ဖရူဆိုပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးခဲ့တာကြောင့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ဒီမော့ဆို၊ ဖရူဆို နဲ့ ဘော်လခဲ မြို့နယ်တွေဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးပေးဖို့ NUG တောင်းဆို

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးပေးဖို့ NUG တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, AFP

အိန္ဒိယနိုင်ငံက ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့ ဂျီ ၂၀ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းပေးဖို့ဆိုကာ အချက် ၇ ချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုအဆင့်ဟာ အာရှက အခြားနိုင်ငံတွေထက် ပိုမြင့်နေကြောင်း NUG က ထောက်ပြထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေသတွင်း နိုင်ငံတွေကိုပါ သက်ရောက်မှုရှိနေတဲ့ မြန်မာနယ်စပ်က အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ကိုးကန့်ဒေသ နဲ့ ကရင်ပြည်နယ်မှာရှိနေတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက ရာဇဝတ်မှုကျူးလွန်နေတာလို့ NUG က ပြောထားပါတယ်။

မြန်မာ့အကျပ်အတည်းဟာ ‌ဂျီ ၂၀ ထိပ်သီးအစည်းအဝေးရဲ့ ဦးတည်ချက်တွေကို ပြည့်မီအောင်ကြိုးပမ်းမှုအပေါ် တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ ပြောပြီး မြန်မာစစ်တပ်အပေါ် လက်နက်နဲ့ လေယာဉ်လောင်စာ‌ဆီ ထောက်ပံ့‌ရောင်းချနေမှုတွေကို အဆုံးသတ်ဖို့အပါအဝင် NUG နဲ့ မိတ်ဖက်အဖွဲ့တွေကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေးအကူအညီပေးဖို့ပါ တောင်းဆိုထားတာပါ။

အရပ်ဖက်အဖွဲ့အစည်းတွေဘက်ကလည်း ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွေမစတင်ခင် အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ပိုပြီးပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ ဒီကနေ့မှာ ထပ်မံတောင်းဆိုကြပါတယ်။

လက်ရှိ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေထဲ လေယာဉ်ဆီကဏ္ဍအပေါ်ပါ သက်ရောက်မှုရှိလာမှာဖြစ်ပြီး မြန်မာစစ်အုပ်စုအတွက် လေယာဉ်ဆီတင်သွင်းသူတွေအပေါ် အမေရိကန်ဘက်က ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ အရေးယူခဲ့တာတွေရှိပါတယ်။

ဒီလို ပိတ်ဆို့မှုတွေကို အရပ်ဖက်အဖွဲ့တွေဖြစ်တဲ့ Justice For Myanmar နဲ့ The Sentry တို့က ကြိုဆိုခဲ့ကြောင်း ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါအပြင် ဥရောပသမဂ္ဂက အရေးယူခဲ့သလို မြန်မာစစ်တပ်ရဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကိုပါ ပိတ်ဆို့အရေးယူဖို့ အရပ်ဖက်အဖွဲ့တွေက ပူးပေါင်းထုတ်ပြန်လာပါတယ်။

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကို မနက်ဖြန် စက်တင်ဘာ ၉ ရက်နေ့ကစလို့ ၁၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

ဧရာဝတီမြစ်ရေတက်နေတာကြောင့် မြို့အချို့မှာ ရေကြီးနိုင်တယ်လို့ မိုးဇလသတိပေး

ဧရာဝတီမြစ်ရေတက်နေတာကြောင့် မြို့အချို့မှာ ရေကြီးနိုင်တယ်လို့ မိုးဇလသတိပေး

ဓာတ်ပုံ ရင်းမြစ်, CJ

မိုးများတာကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ရေကြီးနေ

ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်မှာ ဧရာဝတီမြစ်ရေဟာ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတ စတဲ့မြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၁ ပေခန့်၊ ဆိပ်သာမြို့မှာတော့ ၂ ပေခန့် နဲ့ ဟင်္သာတမြို့မှာတော့ ပေဝက်ခန့်ကျော်လွန်နေတာဖြစ်ပါတယ်။

ညောင်ဦးမြို့ကလွဲပြီး ကျန်တဲ့မြို့တွေမှာ မနက်ဖြန်အထိ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ဆက်ရှိနေမှာဖြစ်တာကြောင့် ဆိပ်သာနဲ့ ဟင်္သာတက မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုဖို့ မိုးဇလက အကြံပြုထားတာပါ။

တခါ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ သံတွဲ၊ ဂွ မြို့နယ်တွေအပါအဝင် မွန်ပြည်နယ် ရေးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ မိုးရွာသွန်းမှုများခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ချောင်းရေလျှံပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။

"၂၀၁၅ ခုနှစ်ရေကြီးမှုလောက်တော့ မများပါဘူး။ ရေက ၁ ပေကျော်တက်နေတယ်၊ မြေနိမ့်ပိုင်း အချို့အိမ်တွေတော့ အထဲထိ ရေဝင်တယ်။ အင်ဒိုင်းကုန်း၊ ညောင်ပင်သာရပ်ကွက်တွေဘက် ပိုဆိုးပါတယ်" လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ညကစလို့ အခု ညနေပိုင်းအထိ မိုးရွာသွန်းနေဆဲဖြစ်ပြီး ရေဘေးရှောင်စခန်းဖွင့်လှစ် တိမ်းရှောင်ရတဲ့ အခြေအနေတော့ မတွေ့ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မိုးဇလရဲ့ ခန့်မှန်းချက်အရလည်း မုတ်သံလေအားအသင့်အတင့်ကအနေ အားကောင်းနေတာကြောင့် ကလေးမြို့ရှိရာ စစ်ကိုင်းတိုင်းအောက်ပိုင်းအပါအဝင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နဲ့ မွန် တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အရေးယူပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရပ်ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ညွှန်ကြား

အရေးယူပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရပ်ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် ညွှန်ကြား

ဓာတ်ပုံ ရင်းမြစ်, CJ

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့တာခံထားရတဲ့ စစ်ကောင်စီပိုင် MFTB ၊ MICB ဘဏ်တွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ ရပ်ဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေ သူ့ရဲ့ ပြည်တွင်းဘဏ်တွေကို အခုရက်ပိုင်းထဲ ညွှန်ကြားစာထုတ်ခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့တော် ဒါကာ အခြေဆိုက် အမေရိကန်သံရုံးကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဆီ စစ်ကောင်စီပိုင် ဘဏ် နှစ်ခုကို အရေးယူပိတ်ဆို့ထားတဲ့အကြောင်း အသိပေးပြီး လပိုင်းအကြာမှာပဲ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ကနေ အခုလို ညွှန်ကြားလာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဆိုနလီ (Sonali) ဘဏ်မှာ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီပိုင် ဒီ ဘဏ် နှစ်ခုရဲ့ ငွေကြေးအကောင့်တွေကိုလည်း အရေးယူပေးဖို့ အမေရိကန်က တောင်းဆိုပြီး‌တဲ့နောက် ငွေကြေးထုတ်ယူခွင့်ကို ဘင်္ဂလားဒေ့ရှ်ဘက်က သြဂုတ်လတုန်းက ပိတ်ခဲ့ပါသေးတယ်။

"ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ရဲ့ ယူဆချက်ပေါ်အခြေခံပြီး နောက်ထပ်ခြေလှမ်းတွေကို လုပ်ဆောင်သွားမယ်" လို့ ဆိုနလီဘဏ် စီအီးအို Md Afzal Karim က ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းဌာနကို ပြောပါတယ်။

ဒါကြောင့် ဆိုနလီဘဏ်မှာ စစ်ကောင်စီပိုင် ဘဏ် နှစ်ဘဏ်ကအပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းကျော် ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။

လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားကို KNU ထောက်ပံ့ငွေ သိန်း ၅၀ ပေး

လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားကို KNU ထောက်ပံ့ငွေ သိန်း ၅၀ ပေး

ဓာတ်ပုံ ရင်းမြစ်, KNU

CDM ပူးပေါင်းလာမှု ပိုများလာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ပြော

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ် ခလရ ၃၂ တပ်ရင်းက တပ်သား စိုင်းဖြိုးအောင်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး KNU ဆီ လာရောက်ပူးပေါင်းတာကြောင့် ထောက်ပံ့ငွေ သိန်း ၅၀ ပေးခဲ့တဲ့အကြောင်း KNU ဘက်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် နေ့က KNU တပ်မဟာ ၆ ၊ KNLA တပ်ရင်း ၁၇ ဆီကို ပူးပေါင်းလာခဲ့တာဖြစ်ပြီး MA - 1 သေနတ် တစ်လက်အပါအဝင် ကျည်ဘောက်၊ ကျည်တောင့်တွေပါ ပါရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုလပိုင်းတွေထဲ ချင်း၊ ကရင်၊ ကရင်နီစတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်ကနေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းလာသူတွေပိုများလာတယ်လို့ CDM အရေးကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ဆီက သိရပါတယ်။

"အစုအဖွဲ့လိုက် ချိတ်ဆက်ပူးပေါင်းလာတာ၊ ရှေ့တန်းနယ်မြေမှာ လက်နက်နဲ့ ပူးပေါင်းတာ၊ ပုံမှန်ဆက်သွယ်ဝင်ရောက်တာဆိုပြီး ရှိပါတယ်။ ၂၀၂၃ နှစ်လယ်ကစပြီး သိသိသာသာပိုများလာတာပါ။ အထူးသဖြင့် ကရင်ဘက်မှာ အများဆုံးပဲ" လို့ ပြည်သူ့ပန်းတိုင်က CDM အရာရှိတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ကနေ စွန့်ခွာလာတဲ့ CDM စစ်သားအရေအတွက် ၄၀၀၀ ဝန်းကျင်ရှိနေပြီလို့ သူက ဆက်ပြောပါတယ်။

ဒါဟာ CDM စစ်သားတွေကို ကူညီထောက်ပံ့နေတဲ့ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့ရင်ခွင်အဖွဲ့တွေဆီ ပူးပေါင်းလာတာအပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ခိုလှုံလာသူတွေရှိတယ်လို့ CDM စစ်သားအသိုင်းအဝိုင်းကနေ သိရပါတယ်။

KNU က‌တော့ သူတို့ဆီ ပူးပေါင်းလာတဲ့ စစ်သားတွေကို ရှေ့ဆက်ဘဝရပ်တည်နိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး အတူပါလာတဲ့ လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးအတိုင်း ထပ်မံပေးမယ့်အကြောင်း ‌မနေ့ကထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

တဖက်စစ်ကောင်စီကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ PDF ၃ ဦး ခံဝန်ကတိနဲ့ ပြန်ဝင်ရောက်လာတာကြောင်း မနေ့ စက်တင်ဘာ ၇ ရက်ထုတ် သတင်းစာမှာ ဖော်ပြခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ပြန်ဝင်ရောက်လာရင် ဆုကြေးငွေထောက်ပံ့မယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။

မြန်မာမှာကျင်းပမယ့် လေတပ်ညီလာခံကို အာဆီယံနိုင်ငံအချို့ မတက်ဘူးလို့ ပြော

စက်တင်ဘာ ၈ ရက် ထိပ်တန်းသတင်းများ - မြန်မာမှာကျင်းပမယ့် လေတပ်ညီလာခံကို အာဆီယံနိုင်ငံအချို့ မတက်ဘူးလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မနှစ်က ‌လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ AACC အစည်းအဝေးကို မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တက်ရောက်ခဲ့စဉ်

နေပြည်တော်မှာ စစ်ကောင်စီက ဦးစီးကျင်းပမယ့် အာဆီယံလေတပ်အကြီးအကဲများညီလာခံ (AACC) ကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က တက်ရောက်ဖို့မရှိဘူးလို့ AFP သတင်းမှာ ဖော်ပြပါတယ်။

လာမယ့် စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမယ့် ဒီညီလာခံကို အင်ဒိုနီးရှား နဲ့ ‌မလေးရှားနိုင်ငံတို့ က ကိုယ်စားလှယ်စေလွှတ်ဖို့မရှိဘူးလို့ ပြောဆိုထားပြီး ဖိလစ်ပိုင်အကြီးအကဲကတော့ ဗီဒီယိုကတဆင့် ညီလာခံမှာသတင်းစကားပါးဖို့ ရှိတယ်လို့ ‌သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က AACC ရဲ့ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာလည်း လေကြောင်းစစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်မှုတွေရှိနေတာကြောင့် ဒီ သုံးနိုင်ငံအပြင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေလည်း လေတပ်ညီလာခံကို ငြင်းဆိုပေးဖို့ Justice For Myanmar အဖွဲ့က ဒီကနေ့မှာပဲ ထပ်မံ‌တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်တောင်းဆိုမှုတွေကို အာဆီယံခေါင်းဆောင်တွေ ထောက်ရှုပေးကြဖို့ တောင်းဆိုတာပါ။

ဒါပေမဲ့ ထိုင်းနိုင်ငံကတော့ ညီလာခံတက်မယ့်အကြောင်း AFP ကို ထိုင်း‌ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက အတည်ပြုထားပါတယ်။အခုလကုန်မှာ ရာထူးကနေ အနားယူတော့မယ့် ထိုင်းလေတပ်ဦးစီးချုပ် Alongkorn Vannarot က မြန်မာပြည်ခရီးစဉ်မှာ ပါဝင်မယ်လို့ ပြောပါတယ်။

AFP ရဲ့ နောက်ဆုံးဖော်ပြချက်အရ ကမ္ဘောဒီးယားလေတပ်အကြီးအကဲကတော့ တက်ရောက်ဖို့ ရှိ၊ မရှိမေးမြန်းတာကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဘက်ကတော့ တုံ့ပြန်လာတာမရှိဘူးလို့ သိရပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် လာအိုနိုင်ငံဘက်ကလည်း ဒီညီလာခံနဲ့ပတ်သက်လို့ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့အထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရပါဘူး။

အခုနှစ် အကြိမ် ၂၀ မြောက် အာဆီယံလေတပ်အကြီးအကဲများညီလာခံ (AACC)ကို ဦးဆောင်ကျင်းပမယ့် ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ အရေးပိတ်ဆို့မှုခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။