မလေးရှားရဲ့ မြန်မာဒုက္ခသည်တွေကို အလုပ်ပေးမယ့်အစီအမံနဲ့ စိုးရိမ်ချက်များ

မလေးရှားမှာရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးမယ့် မလေးရှားအစိုးရရဲ့ အစီအစဥ် ထွက်ပေါ်လာပါတယ်။

မလေးရှားအစိုးရရဲ့ ကနဦးအစီအစဥ်အရ မလေးရှားအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကနေ တရားဝင်ဒုက္ခသည်မှတ်ပုံတင်(အိုင်ဒီ)ကတ် ရထားတဲ့သူတွေသာ အလုပ်လုပ်ခွင့်ရမှာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဒုက္ခသည်ခေါ်ဆိုမှုရပ်ဆိုင်းပြီး ၃ ပတ်အကြာမှာ မလေးရှားအစိုးရရဲ့ ဒီပြောဆိုချက်ထွက်လာတာဖြစ်ပါတယ်။

မလေးရှားမှာ ချင်း၊ ကချင်၊ ရခိုင်စတဲ့ မြန်မာဒုက္ခသည်တွေအပါအဝင် မြန်မာဘက်ကရော ဘင်္ဂလားဒေ့ရှ်ဘက်ကပါ သွားတဲ့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ရှိနေပါတယ်။ မလေးရှားအစိုးရရဲ့ ဒီစီမံချက်က ဘယ်လိုဖြစ်လာတာလဲ။ မြန်မာဒုက္ခသည်တွေကို ဘယ်လိုပုံစံတွေနဲ့ အလုပ်ပေးမှာလဲ။

တရားဝင်ဒုက္ခသည်ဖြစ်ဖို့လို

မလေးရှားရဲ့ မြန်မာဒုက္ခသည်တွေကို အလုပ်ပေးမယ့် အစီအစဥ်အရ ဒုက္ခသည်အားလုံးဟာ ဒုက္ခသည် ဒါမှမဟုတ် asylum လို့ခေါ်တဲ့ ယာယီခိုလှုံသူဖြစ်ကြောင်း တရားဝင်အထောက်အထားကတ် ရှိရမှာဖြစ်ပါတယ်။ အဲဒီလို ကတ်ရထားတဲ့သူတွေတောင် အလုပ်လုပ်နိုင်ဖို့အတွက် မလေးရှားအစိုးရဆီမှာ နောက်ထပ်တစ်ကြိမ် မှတ်ပုံထပ်တင်ဖို့ လိုအပ်ပါတယ်။

မှတ်ပုံတင်ထပ်လုပ်ပြီးမှ တရားဝင် အလုပ်လုပ်ခွင့်အတွက် ဆက်ပြီးဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်ရုံး (ဖက်ဒရယ်အစိုးရ) ရဲ့ ဝန်ကြီး ဇာလီယာ မွတ်စ်တာဖာက ပြောပါတယ်။

"ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေက မလေးရှားအစိုးရဆီမှာ မှတ်ပုံတင်လျှောက်ထားပြီးမှသာ အဲဒီအတွက် ဆုံးဖြတ်ချက်ကိုချမယ်" လို့ ဝန်ကြီး ဒေါက်တာဇာလီယာက ပြောထားပါတယ်။

ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေအရေး စီမံမယ့် မူဝါဒတွေကို ပြင်ဆင်ဖော်ပြထားတဲ့ မလေးရှား အမျိုးသားလုံခြုံရေးကောင်စီရဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ ကိုက်ညီတယ်လို့ သူကပြောပါတယ်။

တစ်ဖက်မှာလည်း ဒီလုပ်ငန်းစဥ်အရ ဒုက္ခသည်ဆိုင်ရာအချက်အလက်တွေကို မလေးရှားနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်စီမံမှာဖြစ်တာကြောင့် ဒုက္ခသည်တွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမှုကိုထိခိုက်မှာ စိုးရိမ်တယ်လို့ မြန်မာဒုက္ခသည်တွေအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတချို့က ပြောပါတယ်။

"ဒုက္ခသည်ကတ် သက်တမ်းထပ်တိုးမပေးဘဲ နေရပ် (မြန်မာ) ကို ပြန်ပို့မှာ စိုးရိမ်နေကြတာ" လို့ မြန်မာဒုက္ခသည်တွေအရေးဆောင်ရွက်သူ တစ်ဦးက ရှင်းပြပါတယ်။

မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ အမျိုးသားရေးလုံခြုံမှုကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ နားလည်ရပါတယ်။

ဒုက္ခသည်အ‌ရေးကို စီမံခန့်ခွဲဖို့ အစိုးရဌာနတွေကို တာဝန်ခွဲဝေမယ်လို့ မလေးရှားဝန်ကြီးချုပ်ရုံး (ဖက်ဒရယ်အစိုးရ) ရဲ့ ဝန်ကြီး ဇာလီယာ မွတ်စ်တာဖာက ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ ပြောထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဟောင်းလက်ထက်က UNHCR ဆီကနေ ဒုက္ခသည်အချက်အလက်တွေကို နည်းမျိုးစုံနဲ့ ဖိအားပေးတောင်းခဲ့တယ်လို့ UNHCR နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

''စာရင်းတွေရရင် မလေးရှားက လက်မခံနိုင်တဲ့သူဆို ဘာဆက်ဖြစ်မလဲပေါ့၊ စိုးရိမ်ကြတယ်'' လို့ သူက ပြောပါတယ်။

တစ်ဖက်မှာလည်း မလေးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာဒုက္ခသည်များဆိုင်ရာသဘောတူညီမှု အဖွဲ့ဝင်မဟုတ်ဘူးလို့ ဝန်ကြီး ဇာလီယာက ထုတ်ပြောထားပါတယ်။

မလေးရှားမှာ တရားမဝင် ဝင်ရောက်လာတဲ့သူတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေပဲရှိပြီး ဒုက္ခသည်အရေးနဲ့သက်ဆိုင်တဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိသေးဘူးလို့ ဒုက္ခသည်ဥပဒေအကြောင်းနားလည်သူတစ်ဦးက ထောက်ပြပါတယ်။

"ဒုက္ခသည်နဲ့ သက်ဆိုင်တဲ့ ဥပဒေသေချာမရှိတဲ့နိုင်ငံက ဒုက္ခသည်အရေးကို စီမံမယ်ဆိုရင် ဒုက္ခသည်အခွင့်အရေးကို ကြိုးကိုင်ခြယ်လှယ်တာ၊ အလုပ်မှာ လုပ်အားခခေါင်းပုံဖြတ်တာနဲ့ လာဘ်ပေးလာဘ်ယူအမှုတွေ ရှိလာနိုင်တယ်" လို့ သူက မှတ်ချက်ပြုပါတယ်။

ဝန်ကြီး ဇာလီယာ မွတ်စ်တာဖာကတော့ မလေးရှားနိုင်ငံက ဒုက္ခသည်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် မြန်မာကဒုက္ခသည်တွေအပါအဝင် နိုင်ငံထဲက ဒုက္ခသည်တွေကို လုပ်သားလိုအပ်ချက်အရ အလုပ်လုပ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

"လူသားချင်းစာနာထောက်ထားခြင်းကို အခြေခံတဲ့အနေနဲ့ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပြင် တခြားနိုင်ငံကဒုက္ခသည်တွေကိုလည်း လူမှုရေးဆိုင်ရာအကူညီတွေကို မလေးရှားက ပေးနေတဲ့အပြင် သူတို့တွေတတိယနိုင်ငံမသွားခင် ဒါမှမဟုတ် သူတို့နိုင်ငံတွေပြန်မသွားနိုင်ကြခင်အထိ ဒီနိုင်ငံအတွင်းမှာယာယီနေထိုင်ခွင့်ပြုထားပါတယ်" လို့ ဝန်ကြီး ဇာလီယာ က ဆိုပါတယ်။

ဒုက္ခသည်တွေအားလုံး အလုပ်အကိုင်ရရေး

ပုံမှန်ဆိုရင် ဒုက္ခသည်တွေက အလုပ်လုပ်ခွင့်မရှိတာကြောင့် မလေးရှားအစိုးရရဲ့ အခုအစီအစဥ်ကို လက်ခံကြိုဆိုကြပါတယ်။ ဒါပေမဲ့ အခုဒီအစီအစဥ်အရ တရားဝင်ပြီး လုပ်ခသတ်မှတ်ချက်ရှိတဲ့အလုပ်တွေကို ရဖို့ သူတို့က ဆန္ဒရှိကြပါတယ်။

တချိန်တည်းမှာပဲ ဒီလုပ်ငန်းစဥ်အပေါ် စိုးရိမ်ချက်နဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်လာပါတယ်။

ဒုက္ခသည်တွေအနေနဲ့ တရားဝင်အလုပ်လုပ်ခွင့်ရမယ်ဆိုရင် ဘဝရပ်တည်ဖို့ အထောက်အကူဖြစ်ပေမယ့် မလေးရှားမှာ မြန်မာဒုက္ခသည်တွေက တရားဝင်ရော တရားမဝင်ပါ ရှိနေပါတယ်။

တရားမဝင် ဒုက္ခသည်အရေအတွက်က ပိုများတာကြောင့် UNHCR ကတ်မရှိတဲ့ အရေအတွက်က သောင်းနဲ့ချီ ရှိနေပါတယ်။ ဒါကြောင့် မလေးရှားအစိုးရက ခွင့်ပြုမှုက ပမာဏ အနည်းငယ်ပဲ အလုပ်ရနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

မလေးရှားမှာ ရိုဟင်ဂျာဒုက္ခသည်အပြင် ကချင်၊ ချင်း၊ ဗမာ၊ ရခိုင်စတဲ့ မြန်မာဒုက္ခသည်တွေလည်းရှိပြီး အများစုက တရားမဝင်နည်းလမ်းနဲ့ မလေးရှားကိုဝင်ရောက်ခဲ့ကြတာလို့ မလေးရှားအခြေစိုက် ဒုက္ခသည်အရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတချို့က ဘီဘီစီကိုပြောပါတယ်။

"တရားဝင်ဒုက္ခသည်ဖြစ်ဖို့ UNHCR က ထုတ်ပေးတဲ့ ဒုက္ခသည်ကတ်ကို စောင့်ကြရတာ နှစ်အတော်ကြာတယ်။ တချို့ဆို ၅ နှစ်ကနေ ၁၀ နှစ်အထိကြာနေပြီ" လို့ မလေးရှားအခြေစိုက်ဒုက္ခသည်အရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ဒုက္ခသည်ချင်းတူပေမယ့် UNHCR ကတ်ကို ရိုဟင်ဂျာအများစုက အချိန်မကြာဘဲ ရနေတယ်လို့ မြန်မာဒုက္ခသည်အဖွဲ့အစည်းတချို့ရဲ့ ဝေဖန်ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

မလေးရှားအစိုးရ လက်ခံထားတဲ့ တရားဝင်ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ၁၀၈,၈၆၂ ဦး ( ၁ သိန်း ၉ ထောင်နီးပါး) အထိ ရှိနေပြီး အဲဒီထဲက ၈၉ ရာခိုင်နှုန်း (၉ သောင်းကျော်) ကတော့ မြန်မာကလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေလို့ UNHCR ရဲ့ အချက်အလက်အရ တွေ့ရပါတယ်။

"ရိုဟင်ဂျာတွေကို ကမ်းလှမ်းတဲ့လုပ်ငန်းရှင်တွေက ပိုများတယ်" လို့ ချင်းလူမျိုး မြန်မာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်အထိ UNHCR မလေးရှားရဲ့ အချက်အလက်အရ မြန်မာဒုက္ခသည် ၁ သိန်း ၇ သောင်းကျော် ရှိပြီး အဲဒီထဲမှာ ရိုဟင်ဂျာ ၁ သိန်း ၁ သောင်းကျော်နဲ့ ချင်း ၃ သောင်းနီးပါး အပါအဝင် အခြား မြန်မာတိုင်းရင်းသားက ၃ သောင်း ၁ ထောင်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီအရေအတွက်ဟာ မလေးရှားနိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်အ‌ရေအတွက် စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ နားလည်ရပြီး မြန်မာဒုက္ခသည်တွေအားလုံးဟာ ပဋိပက္ခတွေကြောင့် ခိုလှုံနေကြရတာလို့ ပြောထားပါတယ်။

"ရိုဟင်ဂျာနဲ့ ချင်း၊ ရခိုင်အပါအဝင် မလေးရှားမှာ အထောက်အထားမဲ့ နေထိုင်နေတဲ့သူ သောင်းနဲ့ချီရှိတယ်" လို့ မလေးရှားအခြေစိုက် ဒုက္ခသည်အရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတခုက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

ဒုက္ခသည်အများစုဟာ မလေးရှားမှာ တရားဝင်ခိုလှုံခွင့်ရဖို့ UNHCR ရုံးမှာ ဒုက္ခသည် မှတ်ပုံတင်ကတ်လျှောက်ဖို့ စောင့်ဆိုင်းနေကြရတာလို့ အဖွဲ့အစည်းတွေက ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်အရေးဆောင်ရွက်တဲ့ အေဂျင်စီ (UNHCR) ရုံးဟာ မလေးရှားမှာ ရုံးခွဲတစ်ခုအနေနဲ့ အခြေစိုက်ပြီး ဒုက္ခသည်အရေးဆောင်ရွက်နေတာ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီလို့ မလေးရှား UNHCR ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာဒုက္ခသည် သောင်းနဲ့ချီ ရောက်နေတဲ့ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေအနေနဲ့ မြန်မာကိုပြန်ဖို့ မဖြစ်နိုင်သေးချိန် မလေးရှားအစိုးရရဲ့ တရားမဝင်နေထိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးနေတဲ့ လက်ရှိကာလမှာ UNHCR ဘက်က အကူအညီပေးရေးနဲ့ အကာအကွယ်ပေးရေးတွေကို ပိုတိုးလုပ်ပေးဖို့ မြန်မာဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။

မလေးရှားကို တရားမဝင်ရောက်နေပြီး ဒုက္ခသည်အဖြစ်ခိုလှုံဖို့စောင့်ဆိုင်းနေသူတွေထဲမှာ မြန်မာကိုပြန်ဖို့ မဖြစ်နိုင်တဲ့ CDM ဝန်ထမ်းတွေလည်း အများအပြား ရှိနေတယ်လို့ မလေးရှားက မြန်မာအရေးဆောင်ရွက်သူတချို့က ထောက်ပြထားပါတယ်။

''UNHCR ရဲ့ လုပ်ငန်းစဥ်က အရမ်းကြာတယ် နှေးတယ်ဆိုတော့ ဒီလိုစောင့်ဆိုင်းရတဲ့ နှစ်ကာလတွေက မလုံခြုံဘူးဖြစ်ရတယ်'' လို့ ချင်းဒုက္ခသည်တစ်ဦးက ပြောပါတယ်။

UNHCR က တရားဝင်ထုတ်ပေးထားတဲ့ ဒုက္ခသည်မှတ်ပုံတင်ကတ်ဟာ ၃ နှစ်ပြည့်တာနဲ့ သက်တမ်းတိုးဖို့ လိုအပ်တယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမဲ့ မလေးရှားအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ဒုက္ခသည်ဆိုင်ရာ အချက်အလက်တွေ ကိုင်တွယ်စီမံတဲ့အခါ ပြည်ထဲရေးဌာနက သက်တမ်းကုန်သွားတဲ့ ဒုက္ခသည်တွေအတွက် သက်တမ်းထပ်တိုးခွင့် မပြုဘဲ နေရပ်ပြန်ပို့မှာကို ဒုက္ခသည်တွေက စိုးရိမ်စိတ်ရှိနေကြပါတယ်။

UNHCR မှာ ဒုက္ခသည်တွေအနေနဲ့ သက်တမ်းတိုးတဲ့အခါ နောက်ထပ်သက်တမ်း ၃ နှစ်ထပ်ရတဲ့သူ ရှိသလို သက်တမ်း ၁ နှစ်ကနေ ၂ နှစ် ပဲရတဲ့သူတွေလည်းရှိနေတယ်လို့ ဒုက္ခသည်အရေးကူညီတဲ့ မြန်မာအဖွဲ့တချို့ကရှင်းပြပါတယ်။

မလေးရှားအခြေစိုက် UNHCR ရဲ့ လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက UNHCR မလေးရှားရုံးကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။

လုပ်သားလိုအပ်ချက်မြင့်နေတဲ့ မလေးရှား

မလေးရှားအစိုးရဘက်က ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးမယ်ဆိုတဲ့ ပြောဆိုချက်ဟာ မလေးရှားစားသောက်ဆိုင်လုပ်ငန်းစုတွေရဲ့ တောင်းဆိုချက် နောက်မှာထွက်လာတာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို တရားဝင် အလုပ်ခန့်ခွင့်ပေးဖို့ စားသောက်ဆိုင်လုပ်ငန်းစုတွေက မလေးရှားအစိုးရကို ဖေဖော်ဝါရီလဆန်းမှာ တောင်းဆိုခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း မကြာခဏတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

စာရင်းတွေအရ မလေးရှားက စားသောက်ဆိုင်လုပ်ငန်းတွေမှာ အလုပ်အကိုင်နေရာ ၂ သောင်းခွဲလောက်အထိ လုပ်သားလစ်လပ်နေပါတယ်။

မြန်မာက ရိုဟင်ဂျာတွေနဲ့ အိန္ဒိယက ရွှေ့ပြောင်းနေထိုင်သူတွေကိုဦးစားပေး အလုပ်လုပ်ခွင့်ပေးဖို့ လုပ်ငန်းရှင်တွေဘက်က ဆန္ဒရှိနေတယ်လို့ ဒီအခြေအနေကို သိထားတဲ့ မလေးရှားသတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

"လစာနည်းလို့ မလေးနိုင်ငံသားတွေက အဲဒီလုပ်ငန်းတွေမှာ မလုပ်ကြတာများတယ်။ ဒါကြောင့် လုပ်သားရှားတော့ သူတို့က ရိုဟင်ဂျာတွေကို ခေါ်သုံးချင်တယ်" လို့ မလေးရှားသတင်းရင်းမြစ်က ရှင်းပြပါတယ်။

မလေးရှားအစိုးရဟာ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် အားထားမှီခိုနေတာကို လျှော့ချဖို့နဲ့ နိုင်ငံသားတွေအတွက် အလုပ်အကိုင်ပိုဖန်တီးပေးနိုင်ဖို့ ရွှေ့ပြောင်းအလုပ်သမား အသစ်ငှားရမ်းတာကို ၂၀၂၄ ခုနှစ်က ရပ်ဆိုင်းခဲ့ပါတယ်။

ဒီလိုရပ်ဆိုင်းခဲ့တာ‌ကြောင့် လုပ်သားလစ်လပ်မှုပြဿနာကြုံတွေ့နေရတဲ့ လုပ်ငန်းရှင်တွေက ဒီရပ်ဆိုင်းချက်ကို ရုပ်သိမ်းဖို့တောင်းဆိုနေကြသလို ဒုက္ခသည်တွေကို အလုပ်ခန့်ခွင့်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးနေကြတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုပဲ အလုပ်ခန့်ခွင့်ပေးဖို့ မလေးရှားလုပ်ငန်းရှင်တွေက အမည်တပ်တောင်းဆိုကြတာများတယ်လို့ မလေးရှားက ဒုက္ခသည်အရေးလုပ်သူတချို့က ပြောပြပါတယ်။

မလေးရှားက ကချင်၊ ချင်း၊ ဗမာ၊ ရခိုင်စတဲ့ မြန်မာဒုက္ခသည်အဖွဲ့အစည်းတွေဟာ ပြည်ပနိုင်ငံတွေကတဆင့် ရရှိတဲ့ အလှူငွေတွေနဲ့ အဲဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့မှုတွေ လုပ်ပေးနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မလေးရှားအစိုးရနဲ့ UNHCR ဆီက စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် ထောက်ပံ့တာတွေမရှိလို့ အလုပ်အကိုင်ရဖို့ လိုအပ်ကြတယ်လို့ ဒုက္ခသည်အဖွဲ့အစည်းတွေက ထုတ်ပြောထားပါတယ်။

"အားလုံးနီးပါး အလုပ်လုပ်ခွင့်ရရင် ဒုက္ခသည်တိုင်းကို ထောက်ပံ့စရာမလိုတော့ဘူး။ တစ်ကိုယ်ရည်မိခင်နဲ့ ခင်ပွန်းဆုံးပါးသွားပြီး သားသမီးတွေကျန်ခဲ့တဲ့အမျိုးသမီးတချို့ကိုပဲ ထောက်ပံ့ပေးရမှာပေါ့။ ဒုက္ခသည်တွေကို အလုပ်ပေးမယ်ဆို အားလုံးကိုပေးစေချင်တယ်'' လို့ ချင်းဒုက္ခသည်အဖွဲ့အစည်းတစ်ခုက တာဝန်ခံက ပြောပါတယ်။