မလေးရှားဝန်ကြီးချုပ်သစ်ရဲ့ ပျော်စရာ အစပိုင်းနေ့ရက်တွေ ဘယ်လောက်တိုတောင်းမလဲ

ဂျွန်နသန် ဟက်

ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်

မလေးရှားနိုင်ငံမှာ အစိုးရသစ်ရဲ့ ရက် ၁၀၀ ဟန်နီးမွန်းကာလရှိခဲ့မယ်ဆိုရင်တောင် အတော်လေး တိုးတောင်းဖွယ် ရှိပါတယ်။

အန်နဝါ အီဘရာဟင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မလေးရှားနိုင်ငံရဲ့ ၁၀ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော်ကတည်းက ကြိုးပမ်းခဲ့ရပြီး ရလုနီးပါးဖြစ်ခဲ့ပြီးတဲ့နောက် အခုကျမှ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ သူလက်ရှိ ရင်ဆိုင်နေရတဲ့ စိုးရိမ်စရာ လုပ်ငန်းတာဝန်ဟာ သူခံစားနေရတဲ့ ဂုဏ်ယူဝံ့ကြွားမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။

 အသက် ၇၅ နှစ်အရွယ် မစ္စတာ အန်နဝါ အီဘရာဟင်ဟာ သြဇာတိက္ကမနဲ့ ပြည့်စုံပြီး နိုင်ငံရေးအတွေ့အကြုံများတဲ့ အဟောအပြောကောင်းသူ တယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ အတိတ်ကာလမှာတော့ သူ ဆင်ခြင်တုံတရား ကင်းမဲ့တာတွေ ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုင်တွယ်ရခက်ခဲတဲ့ ညွန့်ပေါင်းအစိုးရကို အတူဆက်လက်ဖွဲ့စည်းပြီး လူမျိုးရေးဆိုင်ရာ မယုံကြည်မှုတွေ လျှော့နည်းအောင်လုပ်ပေးတာ၊ ကာလရှည်ကြာ ဖိနှိပ်ခံထားရတဲ့ ပြုပြောင်းပြောင်းလဲရေး တောင်းဆိုမှုကို စိတ်ကျေနပ်အောင် ဖြည်ဆည်းပေးတာနဲ့ စီးပွားရေးကို တည့်မတ်ဖို့ သူအားသွန်ခွန်စိုက် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

လူမျိုးစုံပါဝင်တဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး Pakatan Harapan (PH) ညွန့်ပေါင်းပါတီဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော်တွင်း ၈၂ နေရာ အနိုင်ရခဲ့ပါတယ်။

တခြားနိုင်ငံရေးအဖွဲ့တွေ အားလုံးထက် ကျော်ပြီး အနိုင်ရတယ်ဆိုပေမဲ့ အစိုးရတရပ်ဖွဲ့စည်းဖို့ လွှတ်တော်မဲဆန္ဒနယ် ၁၁၂ မဲ အနိုင်ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။

 ဒါဟာ မလေးရှားနိုင်ငံမှာ အစိုးရဖွဲ့စည်းဖို့ ဘယ်ပါတီမှ အပြတ်အသတ်အနိုင်မရခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာပါ။

မတူညီတဲ့ နိုင်ငံရေးအဖွဲ့တွေကြား ငါးရက်တာ အပြင်းအထန် ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးနောက်မှာတော့ မလေးရှား ဘုရင် အဘ်ဒူလာက မစ္စတာ အန်နဝါကို အစိုးရတရပ် ဦးဆောင်ဖွဲ့စည်းစေဖို့ ရွေးချယ်ခဲ့ပါတယ်။​

ဒါကလည်း UMNO ပါတီဘက်က သူနဲ့အတူ ပူးပေါင်းပါမယ်လို့ သဘောတူခဲ့လို့သာ မစ္စတာ အန်နဝါ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

ဒီပါတီဟာ မလေးရှားနိုင်ငံရေးမှာ ၆၁ နှစ်ကြာ တဦးတည်း ကြီးစိုးလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာမှ မစ္စတာ အန်နဝါနဲ့ သူ့ မဟာမိတ်တွေက ဒီအနေအထားကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ UMNO နဲ့ PH ပါတီနှစ်ခုကြား မကျေလည်မှု အများအပြား ကျန်နေသေးတဲ့ သဘောတူညီမှု တခု ဖြစ်ပါတယ်။

မစ္စတာ အန်နဝါရဲ့ ပထမဆုံး ပြဿနာဟာ အစိုးရဝန်ကြီးအဖွဲ့ ရာထူးတာဝန်တွေကို ခွဲဝေသတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။

UMNO နဲ့ သူ့မဟာမိတ်တွေဟာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃၀ နေရာသာ အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ PH ပါတီနဲ့ ပူးပေါင်းခဲ့တဲ့အတွက် သူတို့ကို ဝန်ကြီးနေရာ တချို့ ပေးရမှာ ဖြစ်ပါတယ်။

အငြင်းပွားဆုံး ဖြစ်ခဲ့တာကတော့ သြဇာညောင်းတဲ့ UMNO ပါတီရဲ့ ဥက္ကဋ္ဌ အာမက် ဇာဟစ်ဒ် ကို လက်ထောက်ဝန်ကြီးချုပ်နေရာ နှစ်နေရာထဲက တနေရာ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ဇာဟစ်ဒ်ဟာ အဂတိလိုက်စားမှုနဲ့ ထောင် ၁၂ နှစ်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် အစိုးရလက်ထက်တုန်းက ရာဇဝတ်မှု စွဲချက် အများအပြားနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒီခန့်အပ်မှုနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြမှုတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်ခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လွှတ်တော်တွင်းမှာ ကျင်းပဖို့ စီစဥ်ထားတဲ့ အယုံကြည်ရှိမရှိ အဆို တင်သွင်းတဲ့အခါ မစ္စတာ အန်နဝါကို ထောက်ခံဖို့ UMNO ပါတီဘက်က ကတိပြုခဲ့ပါတယ်။

ဒါပေမဲ့ မဟာမိတ်အနေနဲ့ ဘယ်လိုလက်တွဲ အလုပ်လုပ်နိုင်မလဲဆိုတာကိုတော့ UMNO ဘက်က ပြောတာ သိပ်မရှိသေးပါဘူး။

“လက်ရှိအချိန်မှာတော့ မစ္စတာ အန်နဝါ အစိုးရအဖွဲ့ကို ထောက်ခံတဲ့ ပါတီတွေအဖွဲ့ဟာ သစ္စာဖောက်မယ့်ပုံ မပေါ်ဘူး”လို့ မလေးရှားနိုင်ငံရဲ့ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ IDEAS ရဲ့ ဥက္ကဋ္ဌ Tricia Yeoh က ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ဟာ မစ္စတာ အန်နဝါရဲ့ အပြောအဆို အနေအထိုင် မှားယွင်းမှုတိုင်းဟာ UMNO သာမန်ပါတီဝင်တွေကြားမှာ စိတ်ကျေနပ်မှု မရတာ ဖြစ်နိုင်တဲ့ အတိမ်းအစောင်းမခံတဲ့ အခြေအနေဖြစ်တယ်။ အဲဒီနောက် ဒီပြဿနာဟာ ပါတီတွင်း အာဏာအားပြိုင်မှုတွေမှာ အရေးပါတဲ့ ဒေသန္တရခေါင်းဆောင်တွေထိ ရောက်သွားနိုင်တယ်” လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလထဲမှာ ကျင်းပမယ့် UMNO ပါတီရဲ့ အထွေထွေ ညီလာခံဟာ စမ်းသပ်မှု တခု ဖြစ်လိမ့်မယ်လို့ Tricia Yeoh က ပြောပါတယ်။

မကျေလည်မှုတွေ မြင့်တက်လာတာဟာ မစ္စတာ အန်နဝါကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမှုကို ရုပ်သိမ်းဖို့ ပါတီတွင်း ဆန္ဒမဲ ကောက်ခံမှုဆီ ဦးတည်သွားနိုင်ပါတယ်။

“မစ္စတာ အန်နဝါဟာ ဒီဇင်ဘာလကုန်ထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရပ်တည်နိုင်မယ်ဆိုရင် လာမယ့်နှစ်မှာ ကြုံလာမယ့် အဖြစ်အပျက်တွေဟာ နောက်ထပ် စမ်းသပ်မှုတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ ၂ဝ၂၃ ခုနှစ် အစိုးရဘတ်ဂျက်ကို အတည်ပြုပေးတာနဲ့ လာမယ့်နှစ် ပထမ လေးလပတ်အတွင်း ကျင်းပမယ်လို့ ယူဆရတဲ့ UMNO ပါတီ ရွေးကောက်ပွဲလို ကိစ္စရပ်တွေပေါ့” လို့ မစ္စ Yeoh က ဆိုပါတယ်။

နောက်ပြီး ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြီးကနေ ပြန်လည်နာလန်ထူဖို့ ရုန်းကန်နေရဆဲဖြစ်တဲ့ စီးပွားရေးကဏ္ဍလည်း ရှိနေပါသေးတယ်။

၂ဝ၁၈ ခုနှစ်တုန်းက ပထမဆုံး အုပ်ချုပ်ခဲ့တဲ့ PH အစိုးရအဖွဲ့ဟာ သူတို့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အစီအစဥ်တွေကိုပဲ တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ပြီး အလုပ်အကိုင်နဲ့ အစားအသောက် စျေးနှုန်းတွေလို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်တွေကို မျက်ကွယ်ပြုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ဒါပေမဲ့ မစ္စတာ အန်နဝါကတော့ သူ့ရဲ့ ပထမ ဦးစားပေး သတ်မှတ်ချက်ဟာ သာမန် မလေးရှားပြည်သူတွေရဲ့ နေထိုင်မှု အဆင့်အတန်းကို ကူညီပေးဖို့ ဖြစ်တယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးနေရာဟာ အရေးပါတဲ့ အခန်းကဏ္ဍတခုဖြစ်ပါတယ်။

ဒီဝန်ကြီးနေရာအတွက် တခြားတယောက်ကို အပ်နှံမယ့်အစား မစ္စတာ အန်နဝါဟာ သူဘာသာ ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လူမျိုးစုအများအပြားပါဝင်တဲ့ မလေးရှား နိုင်ငံရေးလောကမှာ အဓိက အခန်းကဏ္ဍအဖြစ် ဆက်ရှိနေတဲ့ လူမျိုးစု အရေးကလည်း မစ္စတာ အန်နဝါအတွက် အရှုပ်ထွေးဆုံး စိန်ခေါ်ချက် တရပ် ဖြစ်နိုင်ပါတယ်။

နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ မလေးလူမျိုးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က အထူးကာကွယ်စောင့်ရှောက်မှုကို သဘောကျကြပါတယ်။

၁၉၇၀ ခုနှစ်နောက်ပိုင်း တက်လာတဲ့အစိုးရတိုင်းဟာ မလေးလူမျိုးတွေကို အလုပ်အကိုင်၊ စီးပွားရေးအခွင့်အရေးနဲ့ ပညာရေးတွေအတွက် အထူးအခွင့်အရေး ပေးရပါတယ်။

၁၉၄ဝ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ UMNO ရဲ့ အဓိက မူဝါဒကလည်း အဲဒီအခြေအနေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

အဲဒီတာဝန်ဟာ အခုတော့ ရှေးရိုးစွဲ အစ္စလာမ် ပါတီတခုဖြစ်တဲ့ PAS ရဲ့ မဟာမိတ် Perikatan Nasional နဲ့ UMNO ပါတီကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ မလေးအခြေစိုက် ပါတီဖြစ်တဲ့ Bersatu ပါတီတွေဆီ ရောက်သွားခဲ့ပါပြီ။

 မဲဆန္ဒနယ် ၇၃ နေရာ အနိုင်ရထားတဲ့ Perikatan Nasional (PN) ပါတီကတော့ မစ္စတာ အန်နဝါဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဖို့ ဘုရင်ရဲ့ မေတ္တာရပ်ခံချက်ကို ငြင်းဆန်ထားပါတယ်။

မစ္စတာ အန်နဝါရဲ့ ကိုယ်ပိုင် Keadilan ပါတီဟာ လူမျိုးပေါင်းစုံ၊ ယဥ်ကျေးမှုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မလေးရှားနိုင်ငံဖြစ်ဖို့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး အမျှော်အမြင်တွေကို ထောက်ခံအားပေးဖို့ နှစ်ပေါင်း ၂ဝ ကျော်ကြာ စည်းရုံးခဲ့ပေမဲ့ အောင်မြင်မှု အနည်းငယ်သာ ရခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာတော့ Keadilan ပါတီဟာ မဲရလဒ်တွေ ဆုံးရှုံးခဲ့ပြီး ၄၈ နေရာကနေ ၃၁ နေရာသာ အနိုင်ရခဲ့တာပါ။

 ၂ဝဝ၈ ခုနှစ်တုန်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စတာ အန်နဝါရဲ့ သမီး Nurul Izzah ဟာ နှစ်ပေါင်း ၄ဝ နီးပါး သူ့မိသားစု ဆုပ်ကိုင်ထားတဲ့ မဲဆန္ဒနယ်နယ်ကို PAS ပါတီက သူ့ပြိုင်ဘက်ကို ရှုံးခဲ့ပါတယ်။

Keadilan ပါတီဟာ ရွေးကောက်ပွဲမှာ နေရာ ၄ဝ ကျော်အနိုင်ရထားတဲ့ တရုတ်လူမျိုးတွေ အဓိက ပါဝင်တဲ့ Democratic Action ပါတီအောက် ပိုနည်းတဲ့ PH ပါတီရဲ့ ညွှန့်ပေါင်းပါတီ ဖြစ်လာခဲ့ပါတယ်။

မစ္စတာ အန်နဝါရဲ့ ကာလရှည်ကြာ ဆောင်ရွက်ခဲ့တဲ့ ရည်မှန်းချက်တွေထဲက တခုကတော့ အဂတိလိုက်စားမှုကို လျှော့ချဖို့နဲ့ မလေးရှားအစိုးရပိုင် ကြီးမားတဲ့ စီမံကိန်းလုပ်ငန်းတွေကို နည်းပါးအောင် လုပ်ဖို့ ဖြစ်ပါတယ်။

 ဒါပေမဲ့ ဒီလိုလုပ်တာဟာ ပြီးခဲ့တဲ့ ကာလတွေတုန်းက မလေးလူမျိုးတွေကို အခွင့်အရေးပိုပေးခဲ့တဲ့ ကဏ္ဍတွေကို တိုက်ခိုက်နေတယ်လို့ဆိုတဲ့ စွပ်စွဲမှုတွေကို လမ်းဖွင့်ပေးလိုက်ရာရောက်မှာ ဖြစ်ပါတယ်။

Perikatan Nasional ပါတီက ထိပ်ပိုင်းနိုင်ငံရေးသမားတွေကလည်း လူမျိုးရေး မကျေလည်မှု တွေကို မီးလောင်ရာလေပင့်လုပ်တတ်တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။

PH ညွန့်ပေါင်းပါတီဟာ မလေးရှားနိုင်ငံကို ခရစ်ယာန်ဘာသာအဖြစ် သွတ်သွင်းဖို့ ဂျုးလူမျိုးတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ လှုပ်ရှားမှုတခုကို ကမကထလုပ်နေတယ်လို့ Bersatu ပါတီခေါင်းဆောင်လည်းဖြစ် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ မူဟစ်ဒင်း ယာဆင်က ရွေးကောက်ပွဲမတိုင်ခင်မှာ ပြောထားတာကို ဗီဒီယိုနဲ့တကွ တွေ့ခဲ့ရပါတယ်။

PAS ပါတီခေါင်းဆောင်တွေကတော့ PH ညွန့်ပေါင်းပါတီဟာ အစ္စလာမ် မုန်းတီးရေး အမြင်ရှိပြီး အစ္စရေးရဲ့ ထောက်ခံ့အားပေးမှု ရရှိထားတာ ဖြစ်တယ်လို့ စွပ်စွဲသလို သူတို့ကို မဲထည့်သူတွေဟာလည်း ငရဲကျလိမ့်မယ်လို့ ပြောထားပါတယ်။

“မစ္စတာ အန်နဝါအတွက် အဓိက အန္တရာယ်ကတော့ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက်တွေ မဟုတ်ဘဲ ဘာသာရေးနဲ့ လူမျိုးရေး ရပ်တည်ချက်တွေအပေါ် အတိုက်အခံလုပ်ဖို့ ရွေးချယ်ထားတဲ့ PN ပါတီ ဖြစ်တယ်” လို့ Ms Yeoh က ဆိုပါတယ်။

မလေးနဲ့ မွတ်ဆလင် လူမျိုးတွေရဲ့ အကျိုးကျေးဇူးကို အဓိက အကာအကွယ်ပေးဖို့ သူတို့ဘက်က ရွေးချယ်လိုက်တာဟာ ဒီကိစ္စရပ်တွေအပေါ် မစ္စတာ အန်နဝါ အစိုးရကို အသေအချာ မတည်မငြိမ်ဖြစ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

“ဒီတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတုန်းက PN ပါတီဘက်က အသုံးပြုခဲ့တဲ့ ပြောဆိုမှုတွေဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ရပ်တန့်မှာမဟုတ်တဲ့အပြင် အန္တရာယ်ရှိနေပြီးသား ရေခံမြေခံအနေအထားမှာ လူမျိုးရေး အစွန်းနှစ်ဖက်ရောက်စေတဲ့ မျိုးစေ့တွေက ပိုလို့ရှင်သန်လာနိုင်တယ်” လို့ Ms Yeoh က ပြောပါတယ်။