ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေး လူချွန်လူကောင်း မြို့မငြိမ်း
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အလင်္ကာကျော်စွာ မြို့မငြိမ်း ကွယ်လွန်တာ နှစ် ၇ဝ ရှိခဲ့ပြီး သူနဲ့ ဂီတမိတ်ဆွေတစု တည်ထောင်ခဲ့ကြတဲ့ မြို့မတူရိယာအသင်း နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။
၁၉၃၀ ကျော်ကနေ ၁၉၅၅ အတွင်း သူ စပ်ဆိုခဲ့တဲ့ သီချင်းတွေကိုတော့ ခေတ်ပေါ် ဂန္ထဝင်တေးတွေအဖြစ် ဒီကနေ့ထက်တိုင် မြန်မာပရိသတ်တွေကြား နှစ်ခြိုက်ခုံမင်နေကြဆဲ ဖြစ်ပါတယ်။ ဆရာငြိမ်းဘဝသက်တမ်းတလျှောက် တစိုက်မတ်မတ် ရေးစပ်သွားတဲ့ သီချင်းတွေထဲ သင်္ကြန်လို ရာသီပွဲလမ်းနဲ့ ဆိုင်တဲ့တေးတွေကနေ အချစ်၊ မြို့ဘွဲ့၊ ဘာသာရေး ၊ နိုင်ငံရေး စတဲ့ နယ်ပယ်စုံထိ ဖြန့်ကျက် စပ်ဆိုသွားတာကို တွေ့ရပြီး ၂၀ ရာစု မြန်မာဂီတစာဆိုတွေထဲမှာ အကြီးမြတ်ဆုံး ပါရမီရှင်တယောက်အဖြစ် ပညာရှင်တွေနဲ့ ပြည်သူတွေကြားမှာ အသိအမှတ်ပြု ခံထားရပါတယ်။
မြို့မငြိမ်းကို သူတီထွင်တဲ့ တူးပို့စည်းချက်နဲ့ ရေးစပ်တဲ့ သင်္ကြန်သီချင်းတွေနဲ့ တွဲပြီး လူသိအများဆုံး ဖြစ်ပေမယ့် သူဖြစ်လိုတဲ့ အိပ်မက်ကတော့ ကမ္ဘာ့ဂီတကို တီးမှုတ်နိုင်တဲ့ မြန်မာသံစုံတီးဝိုင်း ထူထောင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီအိပ်မက်ပြည့်ဝအောင် ကြိုးစားရင်း အများတောင်းဆိုမှုနဲ့ သီချင်းလေးတွေ ရေးစပ်ရာက ဂီတစာဆို မြို့မငြိမ်းလို့ ပေါ်ထွန်းလာကြောင်း လူထုဒေါ်အမာက ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
၂၀ ရာစု မြန်မာဂီတ ဂုဏ်ဆောင်
ကိုလိုနီခေတ် မန္တလေးမြို့လယ်က တရုတ်တန်း ရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ကိုငြိမ်းဟာ မြန်မာ့မဟာဂီတရဲ့ ကြီးသုံးကြီးထဲကဆိုင်းဘုရား စိန်ဗေဒါကြီးနဲ့ ငယ်ကတည်းက အိမ်နီးချင်းဖြစ်ခဲ့သလို စိန်ဗေဒါကို စောင်းလာသင်ပေးတဲ့ စောင်းဘုရား ဒေဝဣန္ဒာ မောင်မောင်ကြီးရဲ့ လက်ထွက်လည်း ဖြစ်ကြောင်း လူထုဒေါ်အမာက မြန်မာ့မဟာဂီတ စာအုပ်မှာ ရေးပါတယ်။ လက်ဦးဂီတဆရာက ပန်းချီဦးဘသက်ဖြစ်ပြီး အိမ်နီးဝန်းကျင်က ဂီတနဲ့ အနုပညာအဝန်းအဝိုင်းအပြင် မြို့မတူရိယာအသင်း တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့မှုကြောင့်လည်း ကိုငြိမ်းဟာ အသက် ၂၀ ကျော်အရွယ်မှာ မြို့မငြိမ်းအဖြစ် ထင်ရှားလာခဲ့ပါတယ်။
ချစ်တာပဓာနနဲ့ နှစ်ယောက်ထဲ စတဲ့ သီချင်းတွေကနေ လေဘာတီမမြရင်အတွက် အငြိမ့်နဲ့ ဓာတ်ပြားတေးတွေအပြင် အေဝမ်းကုမ္ပဏီနဲ့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ သွင်းခဲ့တဲ့ ဓာတ်ပြားတေးတွေကြောင့်လည်း မြို့မငြိမ်းအမည်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေကတည်းက နိုင်ငံကျော် ဖြစ်ခဲ့ပါတယ်။ အေဝမ်းက ထုတ်တဲ့ မြို့မငြိမ်းရဲ့ သက်ဝေ သီချင်းဟာ ဒေါ်စောမြအေးကြည်ရဲ့ မိုးဒေဝါ လိုပဲ မြန်မာဂီတမှာ တံခွန်စိုက်တဲ့တေးဖြစ်ကြောင်း ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဟောင်း ဦးထွန်းဖေက လွတ်လပ်ပြီးခေတ်မှာ ပြန်ပြောင်း ရေးသားခဲ့ပါတယ်။
မြို့မငြိမ်းရဲ့ တေးတွေဟာ တခြားတေးရေးဆရာတွေနဲ့ မတူဘဲ စာသားပြောင်မြောက်မှု၊ ရေးဖွဲ့နေရာချပုံ ကောင်းမှု၊ တေးသွားတေးကွက် ထူးခြားမှု၊ အတွေးခံစားချက် အားသာမှုတွေကြောင့် တဘာသာကွဲထွက်ပြီး တင်ကျန်ရစ်ခဲ့ကြောင်း သူ့အတ္ထုပ္ပတ္တိကို ပြုစုတဲ့ လူထုဒေါ်အမာက မှတ်ချက်ချပါတယ်။ ဆရာငြိမ်းဟာ သီချင်းကို စီးပွားဖြစ် ရေးသူမဟုတ်ဘဲ ပရိသတ်တောင်းဆိုမှုကြောင့် ရေးခဲ့သလို သီချင်းအတွက် ဉာဏ်ပူဇော်ခတောင်းဖို့ ရှက်ရွံ့သူဖြစ်လို့ ထိုက်သင့်တဲ့ အဖိုးအခ မရခဲ့ဘဲ ကလေးတွေ တပြုံကြီးနဲ့ ဆင်းရဲခဲ့တယ်လို့ ဒေါ်အမာက ဆိုပါတယ်။
ပညာရေးမှာ ထူးထူးချွန်ချွန်မဟုတ်ခဲ့ပေမယ့် ဒီလိုအတွေးအရေးကောင်းတဲ့ တေးတွေ ပြုစုနိုင်ခဲ့တာဟာ မြို့မငြိမ်းရဲ့ အဖတ်အရှု အားကောင်းမှုကြောင့် ဖြစ်ပြီး သူဟာရတဲ့ငွေကို စာအုပ်ဝယ်ပစ်တတ်သူ ဖြစ်ပါတယ်။ ငွေကြေးအဆင်ပြေတဲ့အခါမျိုးမှာ ဘီယာအညိုရင့်ရင့်ကို ဝက်သည်းကင်နဲ့ မြည်းတတ်ပေမယ့် အဆင်မပြေတဲ့အခါက ပိုများတဲ့အတွက် ဆရာငြိမ်းတသက်လုံး ချို့ချို့ငဲ့ငဲ့ နေခဲ့ရပြီး အသက် ၄၆ နှစ်နဲ့ ဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။ ဂီတသက်တမ်း နှစ် ၂ဝ လောက်အတွင်း သူရေးစပ်ခဲ့တဲ့ သီချင်းတွေကို အကုန်အစင် စာရင်းကောက်ဖို့မလွယ်ပေမယ့် တင်ကျန်ခဲ့သမျှကတော့ ခေတ်အဆက်ဆက် အမြတ်တနိုး နားဆင်ကြတဲ့ တေးတွေ ဖြစ်ပြီး ၂၀ ရာစု မြန်မာဂီတကို ကမ္ဘာနဲ့ ယှဉ်နိုင်အောင် ကျေးဇူးပြုခဲ့သူ ဖြစ်ပါတယ်။
နတ်ရှင်နောင် မြင်းခင်းတော်
မြို့မငြိမ်းကို လူချွန်လူကောင်း၊ ယဉ်တကိုယ်မယ် စတဲ့ စစ်ပြီးခေတ် လူမှုပြုပြင်ရေးတေးတွေနဲ့ တွဲပြီး မှတ်မိကြပေမယ့် အမျိုးသားရေး ဇာတိမာန်တေးတွေကို ဒုတိယကမ္ဘာစစ်မတိုင်ခင်ကတည်းက သူ ရေးသားစပ်ဆိုပြီး ထင်ရှားခဲ့ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ ၁၉၃၈ က ဗြိတိသျှအစိုးရကို မန္တလေးစျေးချိုက သပိတ်မှောက်ပြီး အိမ်တော်ရာဘုရားထဲမှာ စျေးသွားဖွင့်ပါတယ်။ ဒီအကြောင်း သူရေးစပ်ပြီး လေဘာတီမမြရင် သီဆိုခဲ့တဲ့ အိမ်တော်ရာ ဘုရားစျေး သီချင်းက မြို့မငြိမ်းရဲ့ နိုင်ငံရေးဆန်တဲ့ သီချင်းတွေထဲမှာ အစောဆုံး ကျော်ကြားတဲ့ တေးတပုဒ် ဖြစ်ပြီး မြန်မာ့ရက်ကန်းကို အားပေးတဲ့ ဝံသာနုတေးတပုဒ် ဖြစ်ပါတယ်။
ဟံဇားထည် နီ ပြာဝါရွှေ စိမ်းညိုလဲ့ကျော့ရှင်း၊ မျက်စိတွင်းက မထွက်ပြီ၊ တောင်မြို့ထည် နီ ပြာဝါရွှေ စိမ်းညိုလဲ့ကျော့ရှင်း ၊ မျက်စိတွင်းက မထွက်ပြီ ဆိုတဲ့ စာသားတွေဟာ ဆိုလို့ကောင်းပြီး မြန်မာမှုလက်ရာကို မြတ်နိုးအောင် အားပေးခဲ့တဲ့ တေးဖြစ်လို့ ရိုးရာချည်ထည်တွေ ပြန် ခေတ်စားလာတဲ့ မျက်မှောက်ခေတ်ထိ ထင်ရှားဆဲ တေးတပုဒ် ဖြစ်ပါတယ်။ တို့ဂုဏ်ရောင်ပြောင်ပြောင် စည်းလုံးခြင်းကြောင့် အောင်ပေသည် ဆိုတဲ့ စာသားကတော့ လွတ်လပ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုအဆက်ဆက်မှာ စည်းရုံးရေး အရေးကြီးပုံကို အမြဲသတိပေးနေတဲ့ စာသားဖြစ်ပါတယ်။
၁၉၄၀ က သူရေးစပ်ပြီး ပြည်လှဖေ သီဆိုကာ အေဝမ်းကုမ္ပဏီက ထုတ်တဲ့ နတ်သျှင်နောင် ဓာတ်ပြားဟာ စစ်ပြီးခေတ် မြန်မာပြည်ကို ခေါင်းဆောင်ကြမယ့် အဲဒီခေတ် လူငယ်မျိုးဆက်တွေကြား စွဲမက်ခဲ့ရတဲ့ တေးတပုဒ်ဖြစ်ခဲ့ပြီး အမျိုးသား ကဗျာစာပေ နောက်ခံပြု တေးတပုဒ် ဖြစ်ကြောင်း မြန်မာစာအဖွဲ့ စာတည်းမှူးချုပ်ဟောင်းဦးမြင့်ကြည်ရဲ့ မြန်မာ့တေးဂီတ နှစ် ၅၀ ခရီး စာတမ်းမှာ ပါရှိပါတယ်။
ကိုလိုနီခေတ်နှောင်းကာလ မြန်မာပြည်မှာ လွတ်လပ်ရေးလှုံ့ဆော်တဲ့ မြန်မာအမျိုးသားရေးတေးအများအပြား ပေါ်ထွက်လာကြတဲ့အထဲ ဝိုင်အမ်ဘီသခင်တင်ရဲ့ တို့ဗမာ၊ ရွှေတိုင်ညွန့်ရဲ့ ပါတော်မူနဲ့ ဇာတိမာန်၊ နန်းတော်ရှေ့ဆရာတင်ရဲ့ မြန်မာ့ဂုဏ်ရည်၊ ဇာတိနွယ်နဲ့ သူဌေးဝါဒစတဲ့ တေးတွေ အထူးထင်ရှားပြီး ကိုလိုနီခေတ်အမျိုးသားအားမာန်ကို သိသိသာသာလှုံ့ဆော်တဲ့သီချင်းတွေနဲ့ ပဒေသရာဇ်ခေတ်ဟောင်းက အဖြစ်သနစ်တွေကို တမ်းတဖွဲ့ဆိုတဲ့ မြန်မာ့ဂုဏ်ရည်ပြတေး၊ အမျိုးသား ယဉ်ကျေးမှုကို ထုတ်ဖော်တဲ့တေးတွေရယ်လို့ ခွဲခြားရှိရာမှာ နတ်သျှင်နောင်၊ ရေခင်းတော်၊ နန်းမြို့တော်နဲ့ မြင်းခင်းတော် ဆိုတဲ့ ၁၉၄၀ နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မြို့မငြိမ်းရေးခဲ့တဲ့ တေးတွေက ခေတ်ဟောင်းကို လှလှပပနဲ့ ခမ်းခမ်းနားနား စကားလုံးပြောင်ပြောင်နဲ့ ရေးဖွဲ့တဲ့တေးတွေအဖြစ် ကျော်ကြားခဲ့ပါတယ်။ ဗြိတိသျှ သိမ်းပိုက်မှုကြောင့် ပျောက်ဆုံးမတတ် ဖြစ်နေတဲ့ ဘဝမှန်ကို ပြန်ရှာဖွေပြီး ခိုင်မြဲအောင် အခြေချပေးတဲ့ တေးတွေ ဖြစ်ကြောင်းလည်း ဦးမြင့်ကြည်က ရေးပါတယ်။
တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့၊ ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေအစချီတဲ့ မြို့မငြိမ်းရဲ့ နတ်သျှင်နောင်ဟာ တောင်ငူခေတ်က စစ်ဘုရင် နတ်သျှင်နောင်ရဲ့ ပေါ်နွေလလျှင် ရတုတေးပိုဒ်ကို ထည့်သွင်းစပ်ဆိုထားတဲ့ တေးဖြစ်ပြီး စစ်ထွက်စာဆိုအလွမ်းတေးဖြစ်လို့ ဒုတိယကမ္ဘာစစ်မှာ ပေါ်ထွန်းလာတဲ့ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ ဆက်ခံတဲ့ မြန်မာစစ်တပ်တွေအတွက် ဝါဒဖြန့်တေးကောင်းတပုဒ်ဖြစ်ခဲ့ပြီး ၂၀၂၁ နောက်ပိုင်း ပေါ်ထွန်းလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေခေတ်ထိ ထင်ရှားဆဲ စစ်သားတေး ဖြစ်နေပါတယ်။
ရေခင်းတော်၊ နန်းမြို့တော်နဲ့ မြင်းခင်းတော် ဆိုတဲ့ မြို့မငြိမ်းရဲ့ နန်းဖွဲ့တေးသုံးပုဒ်ကတော့ မြန်မာဘုရင်ခေတ်ဟောင်းကို ပြန်ပြောင်းတမ်းတရင်း ဇာတိမာန်သွင်းပေးတဲ့ တေးမျိုးတွေ ဖြစ်ပါတယ်။ ဒီတေးစာသားတွေမှာ မြို့မငြိမ်းရဲ့ နန်းမူနန်းရာ ပိုင်နိုင်ပုံနဲ့ ရာဇဝင် ဗဟုသုတ ဝေစည်ပုံတွေကို တွေ့ရပြီး တေးချင်းအနေနဲ့ အထင်ရှားဆုံးကတော့ မြင်းခင်းတော် ဖြစ်ပါတယ်။ ငွေနှင်းမှုန်ရီ ၀ေ၀ေစီ မြောက်လေဆော်သွေးအေးတဲ့ လရာသီ သမယအခါဆီ ကနေ အစချီပြီး လာချေပြီ၊ ပျိုတို့မောင်ပဲ သူလည်း ပါလေသည် လာချေပြီ၊ မှုန်မှုန်မည်းမည်း လူသူမသဲတကွဲ နှင်းလည်းဖြာဝေရီ၊ မင်းညီမင်းသား မှူးမတ်သားများ ယောကျ်ား အာဇာနည် စတဲ့ သံပြိုင်ပိုဒ်တွေဟာ မြန်မာသံစဉ်တေးချစ်သူတွေကြားမှာ ခုထိ လူကြိုက်များဆဲ ဖြစ်သလို နဝတစစ်အစိုးရခေတ်မှာ လှေပွဲ မြင်းပွဲစတဲ့ ရိုးရာပြိုင်ပွဲတွေကို ပြန်ဖော်ထုတ်တဲ့အခါ ဒီသီချင်းတွေကို ထုတ်သုံးခဲ့ပါတယ်။
အိုလံပစ် ယဉ်တကိုယ်မယ်
ဒုတိယကမ္ဘာစစ်အတွင်း စစ်ကိုင်းတောင်ရိုးမှာ စစ်ပြေးရင်း ရေချိုးဆိပ် သီချင်းကို ရေးစပ်ပြီး စစ်သားကောင်းတို့အမေ တော်ချင်သူရယ်၊ ဟော...ဟိုလူ ရင်အုပ်ကားကား ကြွက်သား အဖု ...အဖု ထုထုပြီး ခရာချင်စရာငယ်၊ ထွားကျိုင်းတဲ့ မြန်မာလူငယ် ဆိုပြီး ဖွဲ့စည်းစ မြန်မာတပ်အတွက် ဝါဒဖြန့်တေးကို ရေးသီရင်း စစ်ပြီးခေတ်မှာ ပေါ်ထွန်းလာမယ့် စစ်တပ်အခြေပြု မြန်မာကြီးစိုးတဲ့ သမ္မတနိုင်ငံအတွက် လူအများကြိုက် စစ်သား သူရဲကောင်းတေးတပုဒ် ပေါ်ထွန်းလာစေခဲ့ပါတယ်။ ကမ္ဘာစစ်အပြီး စစ်ဒဏ်ကြောင့် မွမွကြေပြုန်းနေတဲ့ မြန်မာပြည် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်း တခြားတေးရေးဆရာတွေနဲ့အတူ တေးသီချင်းတွေ သီကုံးခဲ့ရာမှာ ယဉ်တကိုယ်မယ်နဲ့ အိုလံပစ် တေးတွေက ထင်ရှားခဲ့ပါတယ်။
၁၉၄၅ ပထမဆုံး ရွှေမန်းမောင်နဲ့ ရွှေမန်းမယ် ရွေးပွဲအတွက် စပ်ဆိုတဲ့ ဒီတေးနှစ်ပုဒ်အနက် ယဉ်တကိုယ်မယ်က ကိုအံ့ကြီးဓာတ်ပြားကြောင့် ပိုထင်ရှားပြီး ပိုလည်း မြူးကြွပါတယ်။ သန်မာထွားကျိုင်းပြီး ကမ္ဘာသူ အလယ်လျှောက်သွားမယ် အလွန် တင့်တယ်၊ သုံးတောင်ဝတ် အားမငယ် ဆိုပြီး အစချီတဲ့ ယဉ်တကိုယ်မယ်ကို စစ်ပြီးခေတ် ကမ္ဘာအနှံ့ ခေတ်စားလာတဲ့ အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုကို ဖော်ကျူးတဲ့ တေးတပုဒ်အဖြစ် သတ်မှတ်ကြသလို ကာယဗလနဲ့ ကျန်းမာရေးလိုက်စားမှုမှာ ပဒေသရာဇ်လောင်းရိပ်မိပြီး ခေတ်နောက်ကျခဲ့တဲ့ အိမ်တွင်းပုန်းသာသာ မြန်မာအမျိုးသမီးတွေအတွက် တပ်လှန့်တေးလည်း ဖြစ်ပါတယ်။
ပိစိညှက် ရှက်ဖွယ်၊ မတူချင်နေ ထိုနန်းသူ မူနွဲ့နွဲ့ ရောဂါထူလွန်းတယ်၊ အင်နဲ့အားနဲ့ကွယ် သန်မာထည်ထည် မြင့်မားတယ် ခန့်ညားတယ်၊ လှခေါင် တကိုယ်လုံးကြွယ် ဆိုပြီး ခေတ်ဟောင်းနဲ့ ခေတ်သစ်မြန်မာအမျိုးသမီး နှစ်မျိုးကို စာကြောင်းနည်းနည်း တီးကွက်သွက်သွက်နဲ့ ကတ္တားခြားပေးလိုက်တဲ့ မြို့မငြိမ်းရဲ့ ရေးဖွဲ့မှုဟာ မျက်မှောက်ခေတ် မြန်မာအမျိုးသမီးငယ်တွေရဲ့ ခေတ်မီသွက်လက် သန်မာမှုကို ဦးစားပေးတဲ့ ကာယဗလဓလေ့ထိ သက်ရောက်ခဲ့ပြီး စစ်ပြီးခေတ်မှာ ရေပန်းစားလာတဲ့ အနောက်တိုင်းပုံစံ အတိုအပြတ်ဝတ်တဲ့ မယ်ရွေးပွဲတွေကနေ ကျွန်းဆွယ်၊ အာရှနဲ့ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေထိ ယှဉ်ပြိုင်ကြတဲ့ ဂရေစီကား၊ ဂျနီဖာတင်လေးစတဲ့ အားကစားမယ်တွေထိ ပေါ်ထွက်လာစေခဲ့ပါတယ်။
ခေါမပြည် ခရစ်တော် မပေါ်မီ အနှစ် တထောင် ခန့်က အင်အား ပြိုင်ပွဲ အိုလံပစ်ကို ဆင်နွှဲတယ် က အစချီပြီး စွမ်းစွမ်းသန်သန် လက်ရုံးထွားထွား၊ ကျားမ မဟူ ခွန်အားကြီးကျယ်၊ တက်ခေတ် မြန်မာ မယ်မွေး လို့အဆုံးသတ်တဲ့ အိုလံပစ် သီချင်းကလည်း စစ်ပြီးခေတ် ဗလမောင်ပြိုင်ပွဲတွေ ထွန်းကားရေးနဲ့တကွ လွတ်လပ်ပြီး နိုင်ငံသစ်ထူထောင်ရာမှာ လက်ရုံးရည်ဘက်က သန်စွမ်းတဲ့ မြန်မာလူငယ်တွေ ပေါ်ထွန်းလာရေးကို အားပေးခဲ့ပါတယ်။ ခွန်အားကြံ့ခိုင်မှုနဲ့ နိုင်ငံတည်ထောင်ရေးကို အားပေးတဲ့ စပါတာပုံစံ နိုင်ငံရေးလှုံ့ဆော်မှုတွေကို မြန်မာပြည်မှာ ၁၉၃၀ ကျော် ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက ရှိခဲ့ပြီး စာရေးဆရာ မဟာဆွေ၊ ကြီးပွားရေး ဦးလှ၊ ကာယဗလ ဦးထွန်းရှိန်နဲ့ ဦးဇော်ဝိတ် စသူတွေ ထင်ရှားပါတယ်။
ငြိမ်းချမ်းရေး လူချွန်လူကောင်း
၁၉၅၀ အလွန် ဖဆပလခေတ် ပြည်တွင်းစစ်မီးတောက်လောင်နေချိန်မှာတော့ မြို့မငြိမ်းရဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံသစ်တည်ထောင်ရေး လှုံ့ဆော်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူချွန်လူကောင်းဆိုတဲ့ အကျော်အမော် တေးနှစ်ပုဒ်က ထင်ရှားခဲ့ပါတယ်။
ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်၊ တမာပင် သရက်ပင် ဘာပင်ပဲ စွဲစွဲ၊ ချိုမြဲ အရသာ မစွန့်သည်သာပင် ကနေ ရွံစရာ မုန်းစရာ စစ်ရန်မီး တားဆီးဖို့ပြင် ၊ အိုးကြီးငယ် သယ်ဆောင်ကာ ယူငင်၊ လက်ခုပ်နှင့်ဖြစ်စေ ကိုယ်တိုင်ပါဝင် ၊ ဖျန်းပက်ကြ ကိုယ်စီညီညီပင် ၊ ငြိမ်းချမ်းရေး အေးမြသော ရေစင် အဆုံးသတ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး သီချင်းဟာ လူထုဒေါ်အမာ ပန်ကြားချက်နဲ့ ၁၉၅၂ က တရုတ်ပြည် ပီကင်း (ဘေကျင်း)မြို့မှာ ကျင်းပတဲ့ အာရှ ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံအတွက် စပ်ဆိုတဲ့ တေးဖြစ်ပြီး ဒီသီချင်းကို ရေးစပ်လို့ မြို့မငြိမ်းကို အဲဒီအချိန်က ဖဆပလ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်ကလေးက ကြိမ်းမောင်းခဲ့ကြောင်း လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ ပါရှိ ပါတယ်။ ရန်သူမိတ်ဆွေမရွေး သူငါပင်၊ ရန်စစ်မီးကို မလောင်စေချင်၊ စုဆောင်းခဲ့သော ယဉ်ကျေးမှု အဆက်အစဉ်၊ အနုအယဉ် အမွန်အမြတ်တွေ သုဉ်းဆိတ်မှာ မြင်၊ ငြိမ်းချမ်းရေးမြတ်နိုး အိုးအိမ်သာယာ သူငါပျော်ရွှင် ဆိုတဲ့ မြို့မငြိမ်းရဲ့ စာသားကတော့ နှစ်ထောင်သောင်းချီခဲ့တဲ့ လူ့သမိုင်းမှာ ကြုံခဲ့ရတဲ့ စစ်ရဲ့ အဖျက်အဆီးတွေနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေကို ပြန်ပြောင်း ထင်ဟပ်စေပါတယ်။
မြို့မငြိမ်းတေးတွေထဲမှာ လူသိအများဆုံးနဲ့ နိုင်ငံရေးအဆန်ဆုံးတပုဒ် ဖြစ်တဲ့ လူချွန်လူကောင်းကို ဖဆပလခေတ် ၁၉၅၂ မှာ ကျင်းပတဲ့ ပြည်တော်သာ ညီလာခံအတွက် စပ်ဆိုတာ ဖြစ်ပေမယ့် ဂီတလုလင်မောင်ကိုကိုနဲ့ ဗိုလ်ကလေးတင့်အောင်တို့ ညီအစ်ကိုတွေ စပ်ဆိုတဲ့ ပြည်တော်သာတေးတွေလောက် ဖဆပလအစိုးရက မခုံမင်ခဲ့ပါဘူး။ဒါပေမဲ့လည်း ပြည်တော်သာခေတ်၊ ပထစခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ် စတဲ့ ခေတ်စနစ်တွေကို ဖြတ်သန်းပြီး ယနေ့ထက်ထိ တင်ကျန်ခဲ့တဲ့ ပြည်တော်သာတေးကတော့ မြို့မငြိမ်းလက်ရာ လူချွန်လူကောင်းပဲ ဖြစ်ပါတယ်။
ရှုမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ်စဉ်၊ လယ်ကွင်းတွေက တမျှော်တခေါ် စိုပြည်လွင်၊ ရိတ်သိမ်းချိန်ဆိုပြန်လျှင် ဝင်းမှည့်ရွှေစင်အိလို့ပင်က အစချီပြီး ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်၊ မြေပြင်လေပြင် နှံ့စပ်စုံလင်၊ တို့လူချွန်လူကောင်း အစုတွင်၊ ပါဝင်တယောက်ဆို တအားပင် နဲ့ အဆုံးသတ်တဲ့ လူချွန်လူကောင်းတေးဟာ အပိုဒ်တိုင်း စာကြောင်းတိုင်း ပြောစမှတ်ပြုလောက်တဲ့ နိုင်ငံတော် သီချင်းသစ်မျိုး ဖြစ်ပါတယ်။
လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်၊ မြို့မ မိတ်ဆွေတွေကို ကြည်ညိုစွာ မြင်လိုက်ချင်၊ ဗမာ့သားကောင်းများကို အဆိုအတီးအမှုတ်နဲ့ပင်၊ ရိုသေခင်မင် အားတက် အလေးပြုလျက်ပဲ အစဉ် ဆိုတဲ့ အပိုဒ်နဲ့ပဲ မြန်မာပြည်သစ် ထူထောင်ရာမှာ လူတော်လူကောင်းများများ ရှိဖို့ လိုအပ်ပုံကို မြို့မငြိမ်း မီးမောင်းထိုးပြခဲ့တာ အနှစ် ၇၀ ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီသီချင်းအကြောင်း ချစ်ဦးညို၊ ဆူးငှက်၊ မောင်မိုးသူ စတဲ့ မန္တလေးသား စာရေးဆရာတွေ ရေးခဲ့ပြီး ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ ကမ္ဘာမြေပထဝီဝင် ကမ္ဘာ့သမိုင်းရာဇဝင်၊ သုံးသပ်လေ့လာယှဉ်၊ အကြံဉာဏ်ဝေဖန် မျှော်လို့မြင်၊ ငါတို့ပြည်ထောင်စုတွင် ဆိုတဲ့ အပိုဒ်ကတော့ လက်ရှိ မြန်မာပြည်နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ အပိုဒ် ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ စက်မှု၊ အားကစား၊ လျှပ်စစ်၊ ဓာတ်သတ္တု၊ သစ်တော၊ ပထဝီ၊ သမိုင်း၊ ရေကြောင်း၊ လေကြောင်း၊ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ ဘက်စုံ ထူးချွန်သူတွေ လိုအပ်မှုကတော့ မြန်မာပြည်မှာ အရင်ကနဲ့မခြား လိုအပ်ဆဲ ဖြစ်ပါတယ်။
ဂီတနဲ့ နိုင်ငံပြုသူ
မြို့မငြိမ်းရဲ့ သီချင်းရေးသက် ၁၈ နှစ်အတွင်း ပုဒ်ရေ ၁၅၀ လောက် ရေးစပ်ခဲ့ကြောင်း မြို့မငြိမ်းနှင့် သူ့အနုပညာ စာအုပ်မှာ သားဖြစ်သူ သန်းအောင်ခိုင်က ရေးသားခဲ့ပါတယ်။ ကွယ်လွန်ပြီးမှ အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံခဲ့ရတဲ့ မြို့မငြိမ်းကို ရွှေမန်းတောင်ရိပ်ခို၊ ရွှေမန်းမာလာ စတဲ့ သင်္ကြန်တေးတွေ၊ ပျို့မှာတမ်း၊ ပြုံးတဲ့မေ၊ တိမ်လွှာမို့မိုလွင် စတဲ့ အချစ်တေးတွေ၊ ကသစ်ပန်း၊ မေဓါဝီ၊ စာဆိုခံ လလုံး နဲ့ စစ်ကိုင်းတောင်၊ လက်ဝဲသုန္ဒရ ၊ ကိုယ့်ဒူးကိုယ်ချွန် စတဲ့ နာမည်ကြီး တေးသီချင်းမျိုးစုံနဲ့ တွဲပြီး သိကြပေမယ့် နိုင်ငံရေးနဲ့ လူမှုပြုပြင်ရေးတေးတွေဟာလည်း သူ့ရဲ့ အရည်အသွေးကောင်းတကွက် ဖြစ်ပါတယ်။
ဆရာငြိမ်းဟာ သူ့အိမ်နားက ဗဟိုအမျိုးသားကျောင်းအတွက် ရေးစပ်ခဲ့တဲ့ တေးတွေနဲ့ ကျောင်းသားတွေကို မျိုးချစ်စိတ်ဓာတ်တွေ၊ လွတ်လပ်ရေးအတွက် စွန့်စားလိုစိတ်တွေ ထက်သန်အောင် အားပေးခဲ့ကြောင်း မြို့မငြိမ်း သို့မဟုတ် နွံကြားမှ ကြာတပွင့် ဆောင်းပါးမှာ ကြည်မြက ရေးခဲ့ပါတယ်။ လွတ်လပ်ရေး ရန်ပုံငွေအတွက် ရေးတဲ့ စစ်မင်းသားပြဇာတ် နှစ်ပါးသွားသီချင်းမှာ မြန်မာအရေးဆို ကျောချင်းကပ်၊ ဇွဲနဲ့ သွေးနဲ့တောင် လဲမယ်၊ အသက်ပေးစို့လားမောင်ရယ် ၊ ဖိုမဓာတ်ရေးတွေ ဘေးကိုဖယ် ဆိုပြီး မြို့မငြိမ်းရေးစပ်ခဲ့ကြောင်း ကြည်မြက မှတ်တမ်းတင်ခဲ့ပါတယ်။ စာပေအရေးအသား၊ သီချင်းတေးသွားနဲ့ အတွေးဖန်တီးမှု အားကောင်းတဲ့ မြို့မငြိမ်းရဲ့တေးတွေ ခုချိန်ထိ ခေတ်မီနေသလိုပဲ သူ့ရဲ့ လူချွန်လူကောင်း၊ ယဉ်တကိုယ်မယ်နဲ့ နတ်သျှင်နောင် စတဲ့ နိုင်ငံရေးတေး လူမှုရေးတေးတွေကိုလည်း လူငယ်မျိုးဆက်သစ်တွေက ဆက်လက် သီဆိုအားပေးနေကြမှာ ဖြစ်ပါတယ်။