“ဘယ်လောက် ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးလဲ” - ဘီလျံနာသူဌေး ဂျာရက် အိုင်ဇက်မင် အာကာသထဲ လမ်းလျှောက်မှု အောင်မြင်ပြီ

ဘီလျံနာသူဌေး ဂျာရက် အိုင်ဇက်မင်နဲ့ စပေ့စ်အိတ်ဇ်ရဲ့ အမျိုးသမီးအင်ဂျင်နီယာ ဆာရာ ဂေးလ်လစ်(စ) တို့ဟာ ပုဂ္ဂလိက အစီအစဉ်နဲ့ အာကာသထဲ ဆင်းပြီး လမ်းလျှောက်ကြတဲ့ ပထမဆုံးသူတွေ အဖြစ် အာကာသ ခရီးသွား သိပ္ပံ သမိုင်းမှာ မှတ်တမ်းတင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ အစိုးရတစ်ရပ်ရပ်ရဲ့ အစီအစဉ်နဲ့လည်း မဟုတ်၊ ပရော်ဖက်ရှင်နယ် အာကာသ ယာဉ်မှူးတွေလည်း မဟုတ်ကြပဲ၊ ဘီလျံနာသူဌေး မစ္စတာ အိုင်ဇက်မင်ဟာ ပိုလာရစ်ဒွန် Polaris Dawn ဆိုတဲ့ နာမည်ပေးထားတဲ့အခုလို အန္တရာယ်များလှတဲ့ အာကာသ စွန့်စားခန်း မစ်ရှင် ဖြစ်မြောက်အောင် ငွေကြေးမတည် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာမြေပြင်ရဲ့ အထက် မိုင်ပေါင်း ၄၃၅ မိုင် အမြင့်ထက်မှာ မစ္စတာ အိုက်ဇက်မင်ဟာ သူ ဦးဆောင်တဲ့ လေးယောက် အဖွဲ့ လိုက်ပါတဲ့ စပေ့စ်အိတ်ဇ်ရဲ့ ဒရက်ဂွန် လွန်းပျံ အာကာသယာဉ်ငယ်ရဲ့ တံခါးကို ဖွင့်လိုက်တဲ့ အခါ လေးယောက် စလုံး အာကာသ ဟင်းလင်းပြင်နဲ့ တိုက်ရိုက် ထိတွေ့ ခဲ့ကြပါတယ်။

အဆက်ဆက်သော ဆယ်စုနှစ်တွေမှာ အာကာသယာဉ်ထဲက သူတွေဟာ အခုလို ဟင်းလင်းပြင်နဲ့ တိုက်ရိုက် ထိတွေ့တာမျိုး မလုပ်ပဲ လေလုံ အကန့်ခြားထားမြဲ ဖြစ်ပါတယ်။ အခု စပေ့စ်အိတ်ဇ် ဒရက်ဂွန် လွန်းပျံယာဉ်ကတော့ အဖုံးဖွင့်လိုက်ရင် ဟင်းလင်းပြင်နဲ့ တိုက်ရိုက် ထိတွေ့စေပါတယ်။

ဒီလို အာကာသ ဟင်းလင်းပြင်နဲ့ ကိုယ့်အကြား ဘာမှ အတားအဆီး မရှိ ဖြစ်သွားတဲ့ အခြေအနေကို ရင်ဆိုင်နိုင်ဖို့ ၄ ယောက်စလုံးဟာ တင်ကြို အသက်ရှူ လေ့ကျင့်ခန်းတွေ ၂ ရက်တာ တင်ကြို လုပ်နေခဲ့ကြပါတယ်။ အဓိကကတော့ ဖိအား အပြောင်းအလဲမှာ ပြင်းထန် ဆိုးရွားတဲ့ ဝေဒနာ ခံရနိုင်တဲ့ အန္တရာယ်ကို ကျော်လွှားရတာ ဖြစ်ပါတယ်။

မစ္စတာ အိုင်ဇက်မင်က ပထမဦးဆုံး အာကာသထဲ ဆင်းသွားခဲ့ပြီး၊ ၁၅ မိနစ် အကြာ ပြန်ဝင်လာတဲ့နောက်မှာ ဆာရာ ဂေးလ်လစ်(စ) ဆင်းသွားပါတယ်။

“မြေကြီးပေါ်မှာတော့ ကျွန်တော်တို့ ဆက်ပြီး လုပ်ဆောင်စရာတွေ အများကြီး ရှိနေပေမယ့်၊ ဒီကနေ လှမ်းမြင်နေရတဲ့ မြေကမ္ဘာကတော့ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးပဲ” ဆိုပြီး မစ္စတာ အိုင်ဇက်မင်ဟာ မြေပြင် ထိန်းချုပ်ရေး စခန်းက သူတွေကို လှမ်းပြီး ပြောပါတယ်။

ထိန်းချုပ်ရေး စခန်းက သူတွေကလည်း သူ့ကို ဝိုင်းဝန်း အော်ဟစ် အားပေးကြပါတယ်။ အဲဒီ အားပေးသံတွေကြားမှာပဲ သူဟာ အာကာသထဲ ပထမခြေလှမ်း စလှမ်းတော့မယ့် အကြောင်း Space X ကွပ်ကဲရေး ကို EV1 လို့ ရည်ညွှန်း ခေါ်ဝေါ်ရင်း အသိပေးပါတယ်။

အာကာသထဲ လမ်းလျှောက်တဲ့ ဒီ စမ်းသပ်မှုကို မက်ထရစ်ဝမ်း ဆိုပြီးတော့လည်း ရည်ညွှန်းပါတယ်။ မစ္စတာ အိုင်ဇက်မင် ပြောနေတဲ့ စကားတွေအရ အခု စမ်းသပ်မှုဟာ အာကာသယာဉ်မှူး တစ်ဦးတစ်ယောက်ချင်းစီဟာ အာကာသ ဟင်းလင်းပြင်ထဲမှာ ကိုယ်ခန္ဓာကို ဘယ်လောက်ထိ လှုပ်ရှားနိုင်မလဲ ဆိုတာကို စမ်းသပ်တဲ့ ရည်ရွယ်ချက် ဖြစ်ကြောင်း နားလည်ရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ပြသနေတဲ့ ရုပ်ပုံတွေမှာ မစ္စတာ အိုင်ဇက်မင် အာကာသထဲ သူ့ရဲ့ ခြေထောက်တွေ၊ လက်တွေ ကို လှုပ်ရှားပြီး ဝတ်ထားတဲ့ အာကာသ ဝတ်စုံကို စမ်းသပ်နေတာကို တွေ့မြင် နေခဲ့ရပါတယ်။ အဲဒီနောက် အာကာသယာဉ်ထဲ ပြန်ဝင်သွားပြီး ဆာရာ ဂေးလ်လစ်(စ) ထွက်လာပါတယ်။

“သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခု နောက်ဆုံးပေါ် အဆင့်မြှင့် တီထွင်ထားတဲ့ အာကာသ ဝတ်စုံရဲ့ စွမ်းဆောင်ရည်ကို လက်တွေ့ စမ်းသပ်ကြည့်တာ ဖြစ်ပါတယ်။ သူတို့ ဝတ်ထားတဲ့ အာကာသဝတ်စုံဟာ အာကာသ ခရီးရှည်ကြီးတွေ ထွက်နိုင်ဖို့ အထိ ရည်ရွယ်ထားပါတယ် ” ဆိုပြီး အာကာသ သိပ္ပံပညာရှင် ဒေါက်တာ ဟီနာခန်းက ပြောပါတယ်။

ပိုလာရစ်ဒွန် ခရီးစဉ်မှာ ဦးဆောင်သူ ဘီလျံနာ သူဌေး မစ္စတာ အိုက်ဇက်မင် တစ်ယောက်ပဲ အာကာသထဲ ရောက်ဖူးသူ ဖြစ်ပါတယ်။ သူဟာ ဒီမစ်ရှင်မှာ သူ့ရဲ့ မိတ်ဆွေရင်း အမေရိကန် လေတပ်က အငြိမ်းစား လေယာဉ်မှူး စကော့ ‘ကစ်ဒ်’ ပိုတိကို အပါ ခေါ်ခဲ့ပါတယ်။ နောက် နှစ်ယောက်ကတော့ စပေ့စ်အိတ်ဇ်ရဲ့ အမျိုးသမီး အင်ဂျင်နီယာတွေ ဖြစ်တဲ့ အဲန်နာ မီနွန်နဲ့ အခု အာကာသထဲ ဆင်း လမ်းလျှောက်ခဲ့တဲ့ ဆာရာတို့ ဖြစ်ပါတယ်။

သူတို့ အသုံးပြုတဲ့ စပေ့စ်အိတ်ဇ်ရဲ့ ဒရက်ဂွန် လွန်းပျံယာဉ်ဟာ အာကာသခရီးစဉ် ၄၆ ကြိမ် ပျံသန်းထားပြီး၊ စုစုပေါင်း လူ အယောက် ၅၀ ကို အာကာသထဲ ခေါ်သွားဖူးပေမယ့် အခုလို အခြေအနေမျိုး၊ နေရာ အကွာအဝေးမျိုးမှာ အခု အသုံးပြုတဲ့ အာကာသဝတ်စုံတွေနဲ့တော့ တခါမှ မစမ်းကြည့်ရသေးပဲ၊ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အာကာသ ခရီးတွေထဲမှာ အာကာသထဲ ဆင်း လမ်းလျှောက်တဲ့ လုပ်ရပ်ဟာ အခက်ခဲဆုံး၊ အစွန့်စားရဆုံးနဲ့ အန္တရာယ်လည်း အများဆုံးဖြစ်ပါတယ်။ အခုလို ပုဂ္ဂလိက အစီအစဉ်နဲ့ လုပ်ဆောင်တာ ပထမဆုံးအဖြစ် သမိုင်းတင်နိုင်ရုံမက၊ ဆင်းလျှောက်ခဲ့တဲ့ ကမ္ဘာမြေပြင်အထက် ၄၃၅ မိုင် အမြင့်ဆိုတာလည်းပဲ အာကာသ လမ်းလျှောက်မှု လုပ်ခဲ့သမျှထဲ ကမ္ဘာနဲ့ အဝေးဆုံး၊ အမြင့်ဆုံး နေရာမှာ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပေါ် အဆင့်မြှင့် ဆန်းသစ် တီထွင်ထားတဲ့ EVA အာကာသဝတ်စုံတွေကို စမ်းသပ်ခဲ့တာလည်းပဲ ဖြစ်ပါတယ်။

ဂျာရက် အိုင်ဇက်မင် ဆိုတာ ဘယ်သူလဲ ....

ဂျာရက် အိုင်ဇက်မင်ရဲ့ နာမည်ဟာ လူတွေ ဂူဂဲလ် လုပ်အကြည့်ဆုံး နာမည် ဖြစ်လာပါတယ်။ ဒီတော့ သူ ဘယ်သူလဲ … ဘယ်လို လူမျိုးလဲ။

မစ္စတာ အိုင်ဇက်မင်ဟာ အသက် ၄၁ နှစ်ပဲ ရှိသေးပေမယ့် ဘီလျံနာ သူဌေးတစ်ယောက်၊ စွန့်ဦးတီထွင် စီးပွားရေး ဥာဏ်ကြီးရှင် တစ်ယောက်၊ လူမှုရေး ပရဟိတ လှူရေးတန်းရေးတွေမှာ လက်မနှေးသူ တစ်ယောက် ဖြစ်သလို၊ အခုလို အံ့မခန်း လူစွန့်စားလာည်းပဲ ဖြစ်ပါတယ်။

စီးပွားရေး အရောင်းအဝယ်တွေမှာ ငွေပေးငွေချေတာတွေကို လုပ်နိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ Shift4 Payments ကုမ္ပဏီကို ၁၉၉၉ မှာ စတင် ထူထောင်ပါတယ်။ အမေရိကန်ထဲက ရှိသမျှ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေရဲ့ ၃ ပုံ ၁ ပုံဟာ သူ့ရဲ့ Shift4 Payments ကို အသုံးပြုနေတယ်လို့ ဖို့ဘ် မဂ္ဂဇင်းက ရေးပါတယ်။ ဖို့ဘ်ရဲ့ ခန့်မှန်းချက်အရ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ၁.၉ ဘီလျံ အသားတင် ရှိနိုင်ပါတယ်။

၂၀၀၄ ခုနှစ်မှာ လေယာဉ်မောင်း စသင်ပါတယ်။ ၅ နှစ် အကြာမှာပဲ အပေါ့စား ဂျက်လေယာဉ်နဲ့ ကမ္ဘာပတ် ခရီးမှာ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ အိုင်ဇက်မင် နောက်ထပ် ထူထောင်တဲ့ ကုမ္ပဏီကတော့ ဒရက်ကင် အင်တာနေရှင်နယ် ဖြစ်ပါတယ်။

စစ်လေယာဉ်တွေ အများဆုံးထုတ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်လာပါတယ်။ အခု ပိုလာရစ်ဒွန် မစ်ရှင်ကို ငွေကြေး ဘယ်လောက်ထိ အကုန်ကျခံ မတည်ခဲ့သလဲ ဆိုတာတော့ ထုတ်ဖော် မပြောပါဘူး။ ၂၀၂၁ တုန်းက သူ စီမံခဲ့တဲ့ စပေ့စ်အိတ်ဇ် အရပ်ဘက် မစ်ရှင် ခရီးတုန်းကတော့ ဒေါ်လာ သန်း ၂၀၀ အကုန်အကျ ခံခဲ့တယ်လို့ သိထားရပါတယ်။