ငလျင်လှုပ်ချိန် ဘေးကင်းဖို့ ဘာတွေလုပ်သင့်လဲ

Diyarbakirမြို့ဟာ တူရကီမှာ ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့မြို့တွေထဲက မြို့တစ်မြို့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Diyarbakirမြို့ဟာ တူရကီမှာ ငလျင်ဒဏ် အဆိုးဆုံးခံရတဲ့မြို့တွေထဲက မြို့တစ်မြို့ဖြစ်

တူရကီနဲ့ဆီးရီးယားနိုင်ငံတွေမှာ တနင်္လာနေ့က ရစ်ချ်တာစကေး ၇.၈ အင်အားရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း လူအသေအပျောက် အများဆုံး ငလျင်တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိနောက်ဆုံးအချိန်အထိ နှစ်နိုင်ငံပေါင်း သေဆုံးမှုအရေအတွက်က ၅၀၀၀ ကျော်အထိတောင် ရောက်လာပြီ ဖြစ်ပါတယ်။

တူရကီနိုင်ငံဟာ ငလျင်လှုပ်ခတ်မှုဒဏ်ခံရလေ့ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်နဲ့ ၁၉၉၉ခုနှစ် အချိန်ကာလအကြား ကြီးမားပြင်းထန်တဲ့ ငလျင်ကြီး ၅ ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

၁၉၀၀ပြည့်နှစ်ကစပြီး အခုအချိန်အထိ တူရကီမှာ ငလျင် ၇၆ ကြိမ် လှုပ်ခတ်ခဲ့ပြီး လူ ၉၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီသေဆုံးမှုရဲ့ ထက်ဝက်က ၁၉၃၉ နဲ့ ၁၉၉၉ ခုနှစ်အကြား ဖြစ်ပွားခဲ့တဲ့ ငလျင်တွေကြောင့်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း တခြားနိုင်ငံတွေမှာ လှုပ်ခတ်ခဲ့တဲ့ အသေအပျောက် အများဆုံး ငလျင်တွေကတော့ ၂၀၂၁ ခုနှစ် ဟေတီမှာ လှုပ်ခဲ့တဲ့ငလျင်ဖြစ်ပြီး လူ၂၂၀၀ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် အင်ဒိုနီးရှားငလျင်မှာ လူ ၄၃၀၀ ကျော် သေဆုံးခဲ့သလို ၂၀၁၇ခုနှစ် အီရန် ငလျင်ကလည်း လူ ၄၀၀ကျော် သေဆုံးခဲ့ပါတယ်။

တူရကီနိုင်ငံ Kahramanmaras မြို့က ပြိုကျနေတဲ့ အဆောက်အဦးတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တူရကီနိုင်ငံ Kahramanmaras မြို့က ပြိုကျနေတဲ့ အဆောက်အဦးတစ်ခု

ငလျင်လှုပ်ခတ်မှု ခန့်မှန်းချက်

ငလျင်လှုပ်ခတ်မယ့်နေရာကို ခန့်မှန်းသိနိုင်ပေမဲ့ ဘယ်အချိန် ငလျင်လှုပ်မယ်ဆိုတဲ့ ခန့်မှန်းမှုကို မလုပ်ဆောင်နိုင်သေးဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လန်ဒန် အင်ပီးရီးယဲကောလိပ်က ငလျင်ပညာရှင် ဒေါက်တာ စတီဖင်ဟစ်ခ်က အခုလို ပြောပါတယ်။

"အခုကျွန်တော်တို့ လုပ်နိုင်တာက မြေငလျင် ခန့်မှန်းချက်ပါ။ ဖြစ်နိုင်ခြေကို ခန့်မှန်းပေးပါတယ်။ ကယ်လီဖိုးနီးယား၊ အမေရိကန်နဲ့ ဂျပန်တို့လို နေရာတွေမှာ ငလျင်ခန့်မှန်းချက်တွေကိုပို အသုံးပြုနိုင်နေကြပါတယ်"

ဒါဆိုရင် ငလျင်လှုပ်တဲ့အချိန် ဘေးကင်းအောင် ဘာတွေလုပ်သင့်လဲ ၊ ဘာတွေမလုပ်သင့်ဘူးလဲ။

ဆီးရီးယားနိုင်ငံ၊ Azazမြို့မှာ ကယ်ဆယ်ရေးသမားတစ်ဦးက ဆီးရီးယားကလေးငယ် ရာဟက်ဒ်အစ္စမေးလ် အဆောက်အဦးပျက်တွေကြားထဲက ကယ်ထုတ်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆီးရီးယားနိုင်ငံ၊ Azazမြို့မှာ ကယ်ဆယ်ရေးသမားတစ်ဦးက ဆီးရီးယားကလေးငယ် ရာဟက်ဒ်အစ္စမေးလ် အဆောက်အဦးပျက်တွေကြားထဲက ကယ်ထုတ်လာစဥ်

ပြင်ဆင်ထားပါ

ငလျင်ဘယ်အချိန်လှုပ်မယ်ဆိုတာ ခန့်မှန်းဖို့ မလွယ်ကူပေမဲ့ ငလျင်လှုပ်ခတ်လာရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ အမြဲပြင်ဆင်ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးပါတယ်။

"ငလျင်အမြဲတမ်း လှုပ်တတ်တဲ့နေရာမှာနေသူတွေဆိုရင် အိမ်မှာ အရေးပေါ် အထုပ်တစ်ထုပ် အမြဲတမ်းပြင်ဆင်ထားသင့်တယ်" လို့ ဒေါက်တာဟစ်ခ်က ပြောပါတယ်။ အဲ့ဒီ အထုပ်ထဲမှာ ရေအပို၊လက်နှိပ်ဓာတ်မီး၊ ရှေးဦးသူနာ ပြုပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတချို့” ထည့်ထားသင့်တဲ့အကြောင်း သူက ပြောပါတယ်။

ကြက်ခြေနီအဖွဲ့ရဲ့ အဆိုအရ အထုပ်ထဲထည့်ထားရမယ့် ပစ္စည်းတွေထဲမှာ ငွေအပိုနဲ့ဆေးစာရင်းလို အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းမိတ္တူတွေ ပါသင့်တယ်လို့ သိရပါတယ်။

တူရကီနိုင်ငံ မာလာယာမြို့က အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တူရကီနိုင်ငံ မာလာယာမြို့က အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘေးကင်းရာမှာရှိနေရင် အဲ့ဒီမှာပဲနေပါ

ကိုယ်ရောက်နေ၊ ရှိနေတဲ့ အဆောက်အအုံက ဘေးကင်းတယ်ဆိုရင်တော့ ဘယ်မှနေရာမရွှေ့ဘဲ အဲဒီမှာပဲနေပါလို့ အမေရိကန်အစိုးရ သိပ္ပံအေဂျင်စီရဲ့ ဘူမိဗေဒစစ်တမ်းအဖွဲ့က ထုတ်ပြန်ထားပြီး ဘယ်နေရာကိုရောက်နေနေ ငလျင်လှုပ်တဲ့အချိန် ရောက်နေတဲ့နေရာမှာပဲ ဆက်နေတာက ဒဏ်ရာရနိုင်ခြေနည်းတယ်။ ငလျင်လှုပ်နေတဲ့အချိန် အပြင်ကိုထွက်တာတို့၊ အခြားအခန်းတွေကို ပြေးတာတို့ မလုပ်ကြဖို့ အကြံပြုထားပါတယ်။.

"ဒူးထောက်ပြီး ထိုင်ချ၊ အကာအကွယ်ယူ၊ ခိုင်မာမြဲမြံတဲ့ တစ်ခုခုကိုကိုင်ထား"တာ ဘေးကင်း တယ်လို့ ကျွမ်းကျင်သူတွေကလည်း အကြံပြုထားပါတယ်။

လက်ကိုအောက်ချ ဒူးထောက်ပြီးထိုင်နေရင် အပေါ်ကအရာဝတ္တုတစ်ခုခု ကိုယ်ပေါ် ပြုတ်ကျတာကိုကာကွယ်နိုင်ပြီး လိုအပ်လာရင် အခန်းနေရာ အနည်းငယ်ရွှေ့နေလို့ရတယ်လို့လည်း ဆိုပါတယ်။

စားပွဲခုံအောက်မှာ ဝင်ပုန်းနေပြီး အနီးအနားမှာ အခြားအမိုးအကာ မရှိရင် တုန်ခါမှုရပ်တန့်သွားတဲ့အချိန်အထိ စားပွဲတိုင်ကို ကိုင်ထားဖို့လည်း အကြံပြုထားပါတယ်။

ငလျင်လှုပ်လာတဲ့အချိန် ကနဦးတုံ့ပြန်မှု တစ်ခုကတော့ တံခါးဝမှာ ရပ်နေတာပါ ။ ဒါပေမယ့် အတော်ဟောင်းတဲ့ အိမ်ဆိုရင်တော့ စားပွဲအောက်ကိုဝင်နေတာက ပိုလုံခြုံတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြတင်းပေါက်တွေနဲ့ မျက်နှာစာတွေက အဆောက်အအုံတစ်ခုပြိုကျရင် ပထမဆုံး ပြိုကျတတ်တဲ့ အစိတ်အပိုင်းတွေဖြစ်တာကြောင့် အဲ့ဒီအန္တရာယ်ဇုန်တွေနဲ့ တတ်နိုင် သလောက် ဝေးဝေးနေဖို့လည်း အကြံပြုထားပါတယ်။

ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရောက်နေတဲ့နေရာမှာ နေတာ ပိုကောင်းတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရောက်နေတဲ့နေရာမှာ နေတာ ပိုကောင်းတယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထား

အန္တရာယ်အကင်းဆုံးဖြစ်သွားတဲ့အချိန်မှ အပြင်ကိုထွက်ပါ

တုန်ခါမှုရပ်သွားတာနဲ့ ပြိုကျနေတဲ့ အဆောက်အဦးအတွင်းက အပြင်ကို အမြန်ဆုံး ထွက်တာကတော့ ယေဘုယျအားဖြင့် အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။

အခုပြောတာတွေအားလုံးက အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့ အချိန်လုပ်ရမယ့် အကြံပေးချက်တွေပါ။ ဒါဆိုရင် အပြင်မှာရှိနေတဲ့အချိန် ငလျင်လှုပ်တာနဲ့ကြုံရ ရင်ကော ဘယ်လိုလုပ်ရမလဲ။

ရောက်နေတဲ့နေရာက အဆောက်အဦးတွေ၊ မီးကြိုးတွေ၊ တွင်းတွေ၊ လောင်စာဆီတွေ၊ဓာတ်ငွေ့လိုင်းတွေနဲ့ ဝေးတဲ့နေရာဖြစ်ရင် ထိခိုက်မှုအန္တရာယ် နည်းပါးစေတယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးတော့ သစ်ပင်တွေ၊ တယ်လီဖုန်းတိုင်တွေ၊ အဆောက်အဦးတွေနဲ့ ဝေးတဲ့ ဟင်းလင်းပြင်လိုနေရာမှာ သွားနေတာကလည်း ပိုကောင်းပါတယ်။

တူရကီနိုင်ငံ Kahramanmaras မြို့က ပြိုကျ ပျက်စီးနေတဲ့ အဆောက်အအုံတွေကို အမျိုးသားတစ်ဦးက ကြည့်ရှုနေစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တူရကီနိုင်ငံ Kahramanmaras မြို့က ပြိုကျ ပျက်စီးနေတဲ့ အဆောက်အအုံတွေကို အမျိုးသားတစ်ဦးက ကြည့်ရှုနေစဥ်

ဘေးအန္တရာယ်ရှိနိုင်တဲ့နေရာက ဝေး‌ဝေးနေပါ

The Earthquake Country Alliance အဖွဲ့ရဲ့အဆိုအရ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှု အများစုကြုံရတာက ရုပ်မြင်သံကြားစက်တွေ၊ မီးအိမ်တွေ၊ ဖန်ခွက်တွေနဲ့ စာအုပ်စင်တွေလို အရာဝတ္ထုတွေ ပြုတ်ကျတာ၊ လွင့်စင်ထွက်တာတွေကြောင့်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရမှုကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းတစ်ခုကတော့ ကြီးမားလေးလံတဲ့ ပရိဘောတွေကို ကွေးလို့ရတဲ့ကြိုးတွေနဲ့နံရံမှာ ကပ်ချည်ထားတာပါ။

နောက်ထပ်ဖြစ်နိုင်ခြေ အန္တရာယ်တစ်ခုက ငလျင်လှုပ်ပြီးတဲ့အချိန် ဂက်စ်ပိုက်တွေ ကျိုးပေါက်သွားပြီး ဓာတ်ငွေ့တွေ စိမ့်ထွက်လာနိုင်တာပါ။

ဒေါက်တာဟစ်ခ်က ၁၉၀၆ ခုနှစ် ဆန်ဖရန်စစ္စကိုငလျင်မှာ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့တာကို ဥပမာ ပေးထားပါတယ်။

"သေဆုံးတဲ့သူအများစုက အဆောက်အဦးတွေ ပြိုကျတာထက် ဓာတ်ငွေ့ပိုက်လိုင်း တွေပေါက်ကွဲတာကြောင့် ပိုသေရတာ” လို့ သူက ပြောခဲ့ပြီး မီးလောင်လွယ်မယ့် နေရာတွေကနေ ဝေးဝေးနေကြဖို့လည်း အကြံပေးထားပါတယ်။

ဆီးရီးယားနိုင်ငံ၊ Sarmada မြို့က ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆီးရီးယားနိုင်ငံ၊ Sarmada မြို့က ပြိုကျခဲ့တဲ့ အဆောက်အအုံ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေ

အစမ်းလေ့ကျင့်မှု

ဒေါက်တာဟစ်ခ်က ငလျင်ဘေးဒဏ်ကာကွယ်ရေးအတွက် အစမ်းလေ့ကျင့်မှုရဲ့ အရေးပါပုံကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။

"တချို့နိုင်ငံတွေမှာ ငလျင်လှုပ်ခတ်တာကို ကာကွယ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ ဒါပေမဲ့ အခုငလျင်လှုပ်တဲ့နေရာက ငလျင်မလှုပ်တာ ကြာပြီဆိုတော့ လေ့ကျင့်တာတွေ မလုပ်ဖြစ်တော့တာတွေ ရှိကောင်းရှိနိုင်ပါတယ်။"

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆီးရီးယားနိုင်ငံ အလက်ပိုမြို့က အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေ