ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လောက်ကိုင်ကိုပြန်ချင်သူတွေ
၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း ၈၀ အရောက်မှာတော့ လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ် MNDAA က အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နေပြီဖြစ်ပါတယ်။
တရုတ်လူမှုကွန်ရက်စာမျက်နှာ WeChat မှာ တွေ့ရတဲ့ လောက်ကိုင်မြို့ရဲ့ နောက်ဆုံး အခြေအနေတွေကိုရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေမှာ စစ်ဝတ်စုံပြည့်ဝတ်ထားတဲ့ MNDAA စစ်သားတွေက လောက်ကိုင်မြို့လယ်ခေါင်နဲ့ နေရာအများစုမှာ နေရာယူထားတာတွေ့ရပါတယ်။
လောက်ကိုင်ထဲကျန်နေတဲ့ မြို့ခံအချို့တင်နေတဲ့ WeChat က ရုပ်သံဖိုင်တွေမှာလည်း မြို့မှာ ဆိုင်အများစုပိတ်ထားတုန်းဖြစ်ပေမဲ့ မြို့ခံတချို့ စျေးအရောင်းအဝယ်တွေ ပြန်လုပ်နေကြတာကိုတွေ့ရပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာ UWSA ''ဝ'' တပ်ဖွဲ့ကလည်း သူတို့နယ်မြေ နမ့်တစ်ထဲစစ်ရှောင်နေကြတဲ့ ကိုးကန့်လူထုအနေနဲ့ အမြန်ဆုံးပြန်လည်ထွက်ခွာဖို့ သတိပေးစာထုတ်ပြီး လောက်ကိုင်ကိုပြန်ကြဖို့ ပြောထားပါတယ်။
ဒါကြောင့် ဇန်နဝါရီ ၁၂ ရက်လောက်ကတည်းက နမ့်တစ်အပါအဝင် တခြားနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လောက်ကိုင်ဒေသခံတွေက အခုဆို လောက်ကိုင်ထဲကို ပြန်ဝင်နေပြီဖြစ်ပါတယ်။
ဒါပေမဲ့ ကိုးကန့်စကားမပြောနိုင်ရင် ဝင်ခွင့်မရသေးဘူးလို့ လောက်ကိုင်မြို့ထဲကိုပြန်ဝင်ဖို့ကြိုးစားခဲ့သူအချို့က ပြောပါတယ်။ ဒါအပြင် ဗမာလူမျိုးမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေ ဝင်ခွင့်မရဘူးလို့ ပြန်သွားဖို့ ကြိုးစားခဲ့တဲ့ လောက်ကိုင်ဒေသခံ ဗမာလူမျိုးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
''ကျွန်တော်ချင်းရွှေဟော်အထိ ရောက်ပါတယ်။ ကျွန်တော့်ကို ဗမာမှတ်ပုံတင်နဲ့ဖြစ်လို့ ဆက်သွားခွင့်မပေးပါဘူး။ သူတို့ပြောတာက ရပ်ကွက်ဥက္ကဋ္ဌ တွေက ထောက်ခံရင်ရမယ်လို့ ပြောတယ်။နောက်ပြီး ဗမာတွေလက်ခံဖို့ အထက်ကအမိန့်မချသေးဘူးလို့လည်း တရုတ်လိုပြောတယ်။ အဓိကကတော့ ပြန်ဝင်လို့မရသေးဘူးပဲ ပြောတယ်'' လို့ လားရှိုးမှာ စစ်ရှောင်နေတဲ့ လောက်ကိုင်ဒေသခံတစ်ဦးက သူပြန်ဖို့ကြိုးစားခဲ့တဲ့အတွေ့အကြုံကို ပြောပါတယ်။
လောက်ကိုင်မြို့ ဗမာတန်းအပါအဝင်မြို့အတွင်းမှာ ဗမာလူမျိုးအများစုနေကြပြီး အိမ်ပိုင် မြေပိုင်၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေ အများအပြားရှိပါတယ်။ လူမှုကွန်ရက်မှာစုဖွဲ့ထားတဲ့ ''လောက်ကိုင်ပြန်ချင်ကြသူများ'' ဆိုတဲ့ ဂရုထဲမှာ လောက်ကိုင်မြို့ထဲကိုပြန်ဝင်ဖို့ကြိုးစားနေတဲ့ ဗမာလူမျိုးတွေအများအပြားက ဘယ်တော့ပြန်ခွင့်ရမလဲဆိုတာကို စုံစမ်းနေကြပါတယ်။
လောက်ကိုင်မြို့ထဲက နေအိမ်အချို့ဖောက်ထွင်းခံရတဲ့ ရုပ်သံဖိုင်တွေထွက်လာတဲ့နောက်မှာ ပိုပြီးစိုးရိမ်စိတ်တွေရှိနေကြတာလို့ ပြန်ဖို့ကြိုးစားနေသူတွေက ဘီဘီစီကိုပြောပါတယ်။
'' လောက်ကိုင်မှာ နေတာနှစ်နဲ့ချီနေပြီ။ ကောင်းကောင်းမွန်မွန်ပဲလုပ်စားခဲ့တာ။ မှတ်ပုံတင် အိမ်ထောင်စုလည်း လောက်ကိုင်ပဲ။ လောက်ကိုင်မှာပဲနေတာဖြစ်လို့ မြန်မာပြည်ဘက်မှာဘာမှမရှိဘူး။ နေစရာလည်း အဲဒီမှာပဲရှိတယ်။ အခု အောက်ဘက် (မန္တလေး၊ ရန်ကုန်) ဘက်မှာနေရတာလည်း သူများအိမ်မှာ ခဏကပ်နေရတာ ကြာတော့အဆင်မပြေဘူး။ လောက်ကိုင်ကို ပြန်ရမှဖြစ်မယ်'' လို့ လောက်ကိုင်မြို့ကို ပြန်ဖို့ကြိုးစားနေတဲ့ ဗမာအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ WeChat နဲ့ Tik Tok အကောင့်တွေမှာ လောက်ကိုင်မြို့ထဲကိုဝင်ရောက်ခဲ့သူတွေတင်ခဲ့တဲ့ ရုပ်သံဖိုင်တွေနဲ့ တကယ်ပြန်ခဲ့သူတွေကို ဘီဘီစီကဆက်သွယ်မေးမြန်းချက်အရ ကိုးကန့် စကားပြောတတ်သူတွေနဲ့ အခြားတိုင်းရင်းသားတွေကို ပေးဝင်နေပြီလို့ သိရပါတယ်။
ဒါပေမဲ့ တချိန်တည်းမှာပဲ ပြန်ချင်သူတွေရှိလာတဲ့အတွက် ကိုးကန့်မှတ်ပုံတင်လုပ်ပေးနေပြီး အဲဒီအတွက် ငွေကြေးပေးရတယ်ဆိုတဲ့ ကောလာဟလသတင်းတွေလည်း လောက်ကိုင်မြို့ ဂရုတွေထဲ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာပါ။
လောက်ကိုင်မြို့ထဲကို ပြန်ခဲ့တဲ့ ကချင်တိုင်းရင်းသူ မဟွားဟွာကတော့ ‘’အဲဒီကိုးကန့်မှတ်ပုံတင်လုပ်ပေးတယ်ဆိုပြီးသတင်းတွေဖြန့်နေတာ လူလိမ်တွေပါ။ သူတို့က ကတ်လုပ်ပေးမယ် ပိုက်ဆံကြိုပေးထား၊ အချက်အလက်တွေပေးထားဆိုပြီး ငွေတွေလွှဲခိုင်းနေတာပါ။ လုံးဝမဟုတ်ပါဘူး။ ကျွန်မတို့ပြန်ခဲ့တာ ဘာကတ်မှလုပ်စရာမလိုပါဘူး။ ကိုးကန့်တွေမေးတာကို ဖြေနိုင်ရင်ရပါတယ်’’လို့ သူ့အတွေ့အကြုံကိုပြောပြပါတယ်။
စစ်ကောင်စီအမိန့်တွေကို MNDAA ပယ်ဖျက်
ဇန်နဝါရီ ၁၄ ရက်မှာတော့ ကိုးကန့်ဒေသမှာ စစ်ကောင်စီက ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် အားလုံးကို ပယ်ဖျက်လိုက်ပြီး မြို့မှာအုပ်ချုပ်ရေးစတင်နေပြီလို့ ကိုးကန့် စစ်ရေးအုပ်ချုပ်မှုကော်မတီ က သတင်းထုတ်ပြန်ပါတယ်။
‘‘အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့လက်အောက် ရုပ်သေးရုပ် ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်၊ ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။ လိုအပ်တာတွေကို သက်ဆိုင်ရာ MNDAA လက်အောက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်’’လို့ ကိုးကန့် စစ်ရေးအုပ်ချုပ်မှု ကော်မတီကြေညာချက်က ဆိုပါတယ်။
လက်ရှိမှာ လောက်ကိုင်မြို့အဝင်မှာ MNDAA တပ်ဖွဲ့ဝင်တွေက မှတ်ပုံတင်စစ်ဆေးပြီး စစ်ရှောင်နေတဲ့ ကိုးကန့်တွေနဲ့ တခြားတိုင်းရင်းသားတွေကိုပဲ ဝင်ခိုင်းသေးတယ်လို့ဆိုပါတယ်။
‘’သူတို့ကလည်း ဗမာဆိုပြီး တခြားမလိုချင်တဲ့သူတွေပါဝင်လာမှာကို စိတ်မချတာရှိမှာပေါ့နော်။ စစ်ကောင်စီဘက်ကလူတွေလည်း မြို့ထဲကနေ ထွက်သွားကြတာဆိုတော့ MNDAA ဘက်ကစိုးရိမ်မှာပေါ့။ အခုလက်ရှိကတော့ လောက်ကိုင်အဝင်မှာ ကိုးကန့် စကားမပြောတတ်ရင်လုံးဝမဝင်ရဘူး။ အခုလားရှိုးနဲ့ မန္တလေးမှာဆင်းနေကြတဲ့ ဗမာအများစုကလည်း ပြန်မဝင်ရဲကြလို့အခြေအနေကိုစောင့်ကြည့်နေတယ်’’ လို့ လောက်ကိုင်ကိုပြန်သွားတဲ့ ရှမ်းတိုင်းရင်းသားသူအမျိုးသမီးက သူတွေ့ကြုံခဲ့တာကိုပြောပြပါတယ်။
လောက်ကိုင်မှာနေထိုင်သူအများစုဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းကရွှေ့ပြောင်းနေထိုင်အခြေချသူတွေဖြစ်ပြီး အဲဒီလူတွေက လောက်ကိုင်မှာသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့သူတွေနဲ့မတူဘဲ လောက်ကိုင် သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူတွေလို့ လောက်ကိုင်ပြန်ချင်သူများဂရုထဲမှာ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဘီဘီစီအနေနဲ့ MNDAAပြောခွင့်ရ လီကျားဝင်းကို အကြိမ်ကြိမ်ဆက်သွယ်ပြီး လောက်ကိုင်မြို့ခံတွေနဲ့ လောက်ကိုင်သန်းခေါင်စာရင်းနဲ့မှတ်ပုံတင်ရှိသူအားလုံးကို ပြန်ဝင်ခွင့်ပေးနေပြီလားဆိုတဲ့မေးခွန်းနဲ့ တချို့ ကိုယ်တိုင်ကြုံခဲ့ရတယ်ဆိုတဲ့ သူတွေ ပြောပြတဲ့အတိုင်း လူမျိုးဗမာဆိုရင် ဝင်ခွင့်မပေးဘူးဆိုတဲ့သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းထားပေမဲ့ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
'' အိမ်တွေ ဆိုင်တွေ ပိုင်ဆိုင်သမျှအကုန်ထားခဲ့ရလို့ အရမ်းပြန်ချင်နေတာပါ။ တခြားစိုးရိမ်ချက်တော့မရှိပေမဲ့ လူမျိုးရေးခွဲခြားမှာတော့နည်းနည်းစိုးရိမ်တယ်။ ကျန်တာကတော့ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် အဲဒီနယ်မြေက စည်ကားနေမှာပဲ'' လို့ ပြန်ဖို့ကြိုးစားနေတဲ့ လောက်ကိုင် ဗမာတန်းမှာနေခဲ့တဲ့ ဗမာအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အထူးဒေသ ၁ အနေနဲ့ ကိုးကန့်ဒေသပြန်လည်ပတ်ဖို့ဆိုတာမှာလည်း စစ်ကောင်စီနဲ့ MNDAA ကြားမှာ ဘယ်လိုညှိနှိုင်းမှုတွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရတာမရှိပါဘူး။
တစ်ဖက်မှာလည်း အချိန်မရွေးတိုက်ပွဲတွေပြန်ဖြစ်တာ၊စစ်တပ်ဘက်က လေယာဥ်နဲ့လက်နက်ကြီးပစ်တာတွေရှိလာနိုင်မလားဆိုတဲ့ စိုးရိမ်ချက်တွေရှိကြပေမဲ့ လောက်ကိုင်ထဲကိုပြန်ကြဖို့ကိုတော့ ဆန္ဒရှိနေကြတာပါ။
'' ပြန်ဝင်ရလို့ ရောက်ရင်လည်း ဘာတွေထပ်လုပ်ရင်ကောင်းမလဲ ထပ်လည်းကြည့်ရမယ်။တော်တော်များများက ပြန်ရဖို့ပဲစဥ်းစားနေကြတာ နေရဲတာမနေရဲတာတွေထက် ကိုယ့်ပိုင်ဆိုင်မှုတွေရှိတယ်။ အိမ်ရှိတယ်။ အလုပ်ပေါတယ်ဆိုတော့ ပြန်ရဖို့ပဲ''
'' ကိုးကန့်တပ်အောက်မှာ နေရမှာစိုးရိမ်လားဆိုရင်မစိုးရိမ်ဘူး။ အခုကနေရာတိုင်းတူတူပဲ။အလုပ်တွေမကောင်းတာချင်းလည်းအတူတူပဲ။ ဒါပေမဲ့ လောက်ကိုင်က အလုပ်ပေါတဲ့နေရာဆိုတော့ အဲဒီမှာအလုပ်လုပ်ရတာပိုအဆင်ပြေတယ်။ တခြားစိုးရိမ်တာမျိုးတော့မရှိပါဘူး'' လို့ လောက်ကိုင်ကိုပြန်ဖို့ ပြင်နေတဲ့ မန္တလေးဇာတိအမျိုးသမီးတစ်ဦးကပြောပြပါတယ်။
ကိုဗစ်မတိုင်ခင်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမရှိခင်တုန်းက လောက်ကိုင်မှာ ကာစီနိုလုပ်ငန်းတွေအပြင် ကုန်ရောင်းကုန်ဝယ်စီးပွားရေးလုပ်ငန်းတွေ၊ ငွေလဲလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတာဖြစ်ပါတယ်။
ကိုးကန့်ဒေသ အုပ်ချုပ်ရေး အပြောင်းအလဲ
၁၉၈၉ ခုနှစ်ကစလို့ နောက်ပိုင်း နဝတ အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ခင်ညွန့်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ချိန် ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA အတွက် ချင်းရွှေဟော် ၊ လောက်ကိုင် စတဲ့ဒေသတွေ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူး ဒေသ ၁ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲနဲ့အတူ ဦးဖုန်ကြားရှင်ကို ဖယ်ရှားခဲ့ပြီးတဲ့နောက် ကိုးကန့်ဒေသကို စစ်တပ်က ထိန်းချုပ်ပြီးသူ့ကို သြဇာခံသူတွေကို အာဏာပေးခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးဖုန်ကြားရှင်ခေတ်လွန် ကိုးကန့်ကို အုပ်ချုပ်ရတဲ့ ဦးပယ်စောက်ချိန် ကစလို့ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေ လို့သိကြတဲ့ ဦးလီကျိန်းဖူအထိ စစ်တပ်ရဲ့ သြဇာခံတွေဖြစ်ခဲ့ကြပါတယ်။
MNDAA က လောက်ကိုင်မြို့ ကို ၁၀၂၇ စစ်ဆင်ရေး နဲ့ ဝိုင်းပတ်ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်လကျော်ကြာ ဇန်နဝါရီ ၄ ရက်မှာတော့ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) က စစ်ကောင်စီတပ်ဖွဲ့ရာနဲ့ချီ လက်နက်ချခဲ့ပြီးတဲ့နောက်မှာတော့ လောက်ကိုင်မြို့ကို အလုံးစုံထိန်းချပ်နိုင်ပြီလို့ ကိုးကန့်တပ် MNDAA ကကြေညာခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အထူးဒေသ ၁ အဖြစ်ထူထောင်မယ်ဆိုပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA စစ်ဦးစီးချုပ် ဦးဖုန်းတဲရင်က ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။
တရုတ်၊ မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ကိုးကန့်တပ်ရဲ့ ဒီလိုအထူးဒေသ ထူထောင်မှုဟာ တရုတ်အလိုကျလုပ်တာလို့ အစောပိုင်းသတင်းတွေမှာ ဘီဘီစီကိုပြောထားပါတယ်။
အထူးဒေသရဲ့ သဘောဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို ဗဟိုအစိုးရရဲ့ သြဇာလွှမ်းမိုးမှုမများဘဲ ဒေသအုပ်ချုပ်သူရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကလွဲရင် တခြားနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုမလုပ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။